ထားဝယ်တွင် လေးရက်အတွင်း ကိုဗစ်ဖြင့် ခုနစ်ဦးသေဆုံး၊ ၆ လသား ကလေးပါဝင်

0
3760

ထားဝယ်တွင် လေးရက်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ခုနစ်ဦးရှိလာပြီး သေဆုံးရာတွင် အသက် ၆ လသာ ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်ထံမှ သိရသည်။

သေဆုံးသူများတွင် အသက်အငယ်ဆုံးမှာ ၆လသားကလေး ဖြစ်ပြီး အသက်ကြီးပိုင်းတွင် ၆၅နှစ်မှ ၉၂ ကြားအရွယ်များ ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

အောက်တိုဘာ ၂၀ ရက်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၃ ဦး၊ ၂၂ ရက်နေ့တွင် ကိုဗစ်ဖြင့်သေဆုံးသူ ၂ ဦး၊ ယနေ့ ၂၃ ရက်နေ့တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၂ ဦး ရှိကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၂၃ ရက် နံနက်တွင် ထားဝယ်ဆေးရုံကြီး၌ ကိုဗစ်အလောင်း နှစ်လောင်းရှိသည်ဟု အကြောင်းကြားလာခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

“အသက်ကြီးပိုင်းတွေ ရောဂါအခံရှိသူတွေ သေတာရိုးရိုးပုံမှန်ပဲလို့ ပြောရတယ်ပေါ့နော်။ အရင်တုန်းက (သေဆုံးရာမှာ) သားငယ်တွေ လသားတွေ မဖြစ်တတ်ဘူး။ အခုက လသားတွေ ပါလာတယ်။ ၁၅ နှစ်အောက်တွေ ပါလာတယ်။ အဲဒါ စိတ်ပူရတယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။

အောက်တိုဘာ ၂၀ ရက်နေ့က သေဆုံးသူများမှာ ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာမှ အသက် ၈၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်မှ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ထားဝယ်မြို့ ဆန်းချီမြို့သစ် ရပ်ကွက်မှ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦး ပါဝင်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

အောက်တိုဘာလ ၂၂ ရက်တွင် ထားဝယ်မြို့ ကညုံရပ်ကွက်မှ အသက် ၉၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ရေဖြူမြို့နယ် ပိတောက်ကုန်းကျေးရွာမှ အသက် ၆ လအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထားဝယ်ခရိုင်တွင် ကိုဗစ်ဖြင့် သေဆုံးသူ လေးရက်ဆက်တိုက်ရှိလာပြီဖြစ်သော်လည်း အလှူပွဲ၊ မင်္ဂလာပွဲများကို ပြီးခဲ့သည့်နှစ်ထက် ကျင်းပပြုလုပ်လျှက်ရှိသည်ကို တွေ့ရသည်။

အလှူမင်္ဂလာပွဲများ၊ အသုဘအခမ်းအနားများ၊ ဈေးများတွင်၊ စားသောက်ဆိုင်များတွင် ကိုဗစ်စည်းကမ်းချက်များနှင့် အညီ နေထိုင်စားသောက် သွားလာခြင်းမရှိဘဲ ပုံမှန်အတိုင်း သွားလာရောင်းဝယ်ဖောက်ကား နေကြသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

ကိုဗစ်ဖြင့် သေဆုံးသူများရှိနေသည်ကို ကြားသိရသော်လည်း ယခင်ကကဲ့သလို့ ဆိုးဆိုးရွားရွား မဖြစ်သဖြင့် ပေါ့ပေါ့လျော့လျော့ နေကြခြင်းဖြစ်နိုင်ကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ အသက် ၄၈ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ကိုဗစ် ဖြစ်နေတယ်ဆိုတာ သိတော့သိတယ်။ ဘယ်လိုပြောရမလဲ၊ ဒါက လူတွေအတွက် မထူးဆန်းတော့ဘူးလို ဖြစ်နေပြီလေ။ အစ်မတောင် ဒီနေ့ အလှူပွဲ နှစ်ခုသွားထားသေးတယ်။ အလှူပွဲမှာတော့ Mask မတပ်ကြပါဘူး။ ဘာလို့လဲဆိုတော့ လှလှပပလေး နှုတ်ခမ်းနီ ပါးနီလေးလိမ်းပြီး သွားတယ်ဆိုတော့ ဒီအတိုင်းပဲ ပြောဆိုသွား လာနေကြတာပဲ” ၎င်းက ပြောသည်။

ယင်းအပြင် ထားဝယ်မြို့တွင် ယာဉ်ထိန်းရဲ၊ စစ်သား၊ ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် Mask မတပ်ဘဲ လမ်းဆုံ၊ လမ်းခွများ၊ လမ်းကြို၊ လမ်းကြားများနှင့် မီးပွိုင့်၊ ကမ်းနားလမ်းများတွင် လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်များကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။

Covid-19 ကပ်ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံအတော်များများတွင် ကူးစက်ပြန့်နှံ့မှုများ ဆက်ရှိ နေဆဲဖြစ်သည့်အပြင် ပိုးမျိုးဗီဇပြောင်းလဲနိုင်သည့် အခြေအနေများရှိနေဆဲဖြစ်ပြီး လူသားတို့၏ အသက်ကို ခြိမ်းခြောက် နေဆဲဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

ယင်းကြောင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနိုးဆော်ထားသည်။