စရိတ်ကြီးသဖြင့် ကြက်၊ဝက်မွေးမြူရေး အရှုံးများပြီး လုပ်ငန်းအချို့ရပ်နား

0
3899

သွင်းအားစုဈေးမြင့်တက်လာသဖြင့် ‌ထားဝယ်ခရိုင်ရှိ ကြက်၊ ဝက် မွေးမြူရေးလုပ်ကိုင်သူအချို့ လုပ်ငန်းရပ်နားမှုများ ရှိလာကြောင်း မွေးမြူရေးသမားအချို့ကပြောသည်။

ရပ်နားလိုက်သူအများစုမှာ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ကိုင်သူများဖြစ်ပြီး စီးပွားရေးအရ မွေးမြူသူအချို့မှာလည်း လုပ်ငန်းလျှော့ချ လုပ်ကိုင်လာကြကြောင်း ၎င်းတို့ကပြောဆိုသည်။

ကြက်စာ၊ ဝက်စာစသည့် သွင်းအာစုဈေးနူန်းမြင့်တက်လာပြီး အသားဈေးနူန်းမှာ လိုက်မတက်နိုင်သဖြင့် အရှုံးပေါ်ပြီး နောက်ဆုံးတွင် ရပ်နားလိုက်ကြရခြင်းဖြစ်ကြောင်း မွေးမြူရေးသမားအချို့ကပြောသည်။

“ကျွန်တော်မှာဆို ပြီးခဲ့သုံးလကျော်လောက်က ၁၅ သိန်းလောက်ရှုံးသွားတာ အဲဒါဖြစ်ပြီးတော့ ခြံ  ၂ ခြံပစ်ထားလိုက်တာ အခုဆိုခြုံတွေတောင်ထနေပြီ။ တချို့ကတော့ လုံးဝနားလိုက်တာတွေရှိတယ်” ဟု လောင်းလုံးဒေသခံ အသားစားကြက်မွေးမြူရေးသမားတစ်ဦးကပြောသည်။

၎င်းသည် ယခင်က ခြံသုံးခြံဖြင့် ကြက်အကောင် သုံးထောင်ကိုမွေးမြူသူတစ်ဦးဖြစ်ပြီး လက်ရှိတွင် အကောင်တစ်ထောင်ကိုသာ မွေးမြူတော့သည်။

မွေးမြူရေးအတွက် သွင်းအားစုဈေးနူန်းမှာ အာဏာမသိမ်းခင်ကထက် ထက်ဝက်ကျော် မြင့်တက်သွားကြောင်း မွေးမြူရေးသမားအချို့ကပြောသည်။

အာဏာမသိမ်းခင်က အသားစားကြက်သားပေါက်တစ်ကောင်လျှင် ၅၀၀ နှင့် ၇၀၀ ကျပ်ကြားတွင်ရှိသော်လည်း အာဏာသိမ်းပြီးနောက် လက်ရှိအချိန်တွင် ၁၇၀၀ ကျပ်၊ အစာတစ်အိတ်လျှင် ၂၀၀၀၀ ကျပ်နှင့် ၄၀၀၀၀ ကျပ်ကြားသာရှိရာမှ လက်ရှိတွင် ၈၂၅၀၀ ကျပ် သို့မြင့်တက်သွားကြောင်း ကြက်မွေးမြူရေးသမားအချို့ကပြောသည်။

ကြက်သားပေါက် တစ်ထောင်ကို ရောင်းရသည်အထိ (ရက်သုံးဆယ်ဝန်းကျင်အထိ) အစာကျွေးပါက အိတ် ၃၀ ကျော် ကုန်ကျပြီး ‌လက်ရှိအစာ‌ပေါက်ဈေးဖြင့်တွက်ပါက ကျပ် ၂၅ သိန်းဝန်းကျင်ကုန်ကျ (ကြက်တစ်ကောင် ၂၅၀၀ ခန့်) မည် ဖြစ်သည်။

ကြက်တစ်ကောင်ရောင်းရငွေမှာ ပျမ်းမျှ ၆၅၀၀ ကျပ်သာရရှိပြီး အသေအပျောက်ရှိသလို၊  ကြက်သားပေါက်ဈေး၊ လျှပ်စစ်မီး၊ ဖွဲဖိုး၊ ဆေးဝါးနှင့် လုပ်အားခတို့လည်း ရှိသေးသည်ဖြစ်ရာ စရိတ်က ပိုများနေသဖြင့် မကိုက်ကြောင်း ကြက်မွေးသူများကဆိုသည်။

ဝက်မွေးမြူရေးမှာလည်း အလားတူပင်ဖြစ်ပြီ အာဏာမသိမ်းခင်က ဝက်အစာတစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဝန်းကျင်မှ အာဏာသိမ်းပြီးနောက် လက်ရှိအချိန်တွင် ၅၅၀၀၀ ကျပ် ဝန်းကျင်ရှိကြောင်း သရက်ချောင်းမြို့နယ်ရှိ ဝက်မွေးမြူရေးသမားတစ်ဦးကပြောသည်။

ဝက်‌မွေမြူရေးသမားအချို့မှာလည်း သွင်းအားစုဈေးမြင့်တက်ခြင်း၊ မော်လမြိုင်မြို့ဘက်မှ အသားတိုးဝက်များ ထားဝယ်ဈေးကွက်အတွင်း ဝင်ရောက်လာပါက ဒေသတွင်းဝက်ဈေး အနှိမ်ခံရခြင်းတို့ကြောင်း လုပ်ငန်းရပ်နားလာကြကြောင်း ပြောဆိုကြသည်။

ယင်းအပြင် ထားဝယ်အရှေ့တောဒေသ၊ ရေဖြူမြို့နယ်ဘက်မှ ကျေးရွာအချို့တွင်လည်း တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူနည်းပါးလာကြောင်း ၎င်းဒေသများတွင် ဝက်လိုက်ဝယ်နေသည့် အဝယ်ဒိုင်တစ်ဦးကဆိုသည်။

“တိုက်ပွဲဖြစ်ရင် လူတွေကပြေးလို့ရသေးတယ်လေ။ ဝက်တွေကိုပိုက်ပြီးပြေးလို့ကမရတော့ အရှုံးခံရောင်းပြီး ပြေးသွားကြတဲ့သူတွေအများကြီးရှိတယ်” ဟု ၎င်းအဝယ်ဒိုင်ကဆိုသည်။

လက်ရှိတွင် ဒေသတွင်းအလှူအတန်းအချို့ ရှိလာသဖြင့် ဝက်သာဈေး အနည်းငယ်‌ကောင်းနေပြီး ဒိုင်သွင်းဈေး တစ်ပိဿလျှင် ၉၅၀၀ ကျပ်နှင့် ပြင်ပဈေးကွက် ၁၅၀၀၀ ပေါက်ဈေးရှိနေသည်။

“အခုဈေးနဲ့ဆိုရင် ဝက်တစ်ကောင်ကို တစ်သိန်းခွဲလောက်ကျန်လို့ တော်သေးတယ်ပြောရမယ်။ အရင်ကဝက်သားဈေးနဲ့ဆို အစာဈေးနဲ့ ကိုယ့်အတွက်သိပ်မကျန်ဘူး” ဟု ထားဝယ်မြိုနယ်မှ ဝက်အဝယ်ဒိုင်တစ်ဦးကဆိုသည်။

သွင်းအားစုဈေးတက်နေချိန်တွင် ဝက်မွေးမြူသူများအနေဖြင့် ကိုယ်တိုင်သားဖောက်စနစ်ဖြင့် မွေးမြူသင့်ကြောင်း ဝက်သားပေါက်ကို ဝယ်ယူမွေးမြူပါက အရှုံးပေါ်နိုင်ကြောင်း သရက်ချောင်းဒေသခံ ဝက်မွေးမြူရေးသမားတစ်ဦးက အကြံပြုသည်။

ယမန်နှစ်က ထားဝယ်ခရိုင်အတွင်း ဝက်နာကျသဖြင့် ဝက်မွေးမြူသူအများစုအရှုံးပေါ်ခဲ့သေးပြီး  ဝက်အကောင်ရေ တစ်ရာခန့်အထိ ဆုံးရှုံးသူများပင်ရှိကြောင်း ဝက်မွေးမြူရေးသမား အချို့ကပြောသည်။

ထားဝယ်ခရိုင်မှ ဒေသခံအချို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း မလုံခြုံမှုနှင့် စီးပွားရေးကျဆင်းမှုကြောင့် ထိုင်းနှင့်မလေးရှားနိုင်ငံသို့ အများအပြားထွက်ခွာသွားကြခြင်း၊ ဝင်ငွေကျဆင်းသဖြင့် ဝယ်ယူစားသုံးနိုင်စွမ်း မရှိတော့ခြင်း စသည်တို့ကြောင့် အသားစားသုံးမှု လျော့ကျလာသည်ကလည်း မွေးမြူရေးသမားများအတွက် အခက်အခဲတစ်ခုဖြစ်ကြောင်း ပြောဆိုကြသည်။