ထားဝယ်ခရိုင်တွင် ဖျားနာမှုများဖြစ်နေပြီး ကိုဗစ်ပိုးတွေ့ရှိသူလည်းများလာ

0
3627

ထားဝယ်ခရိုင်တွင် ကိုယ်လက်ကိုက်ခဲ ဖျားနာမှုများဖြစ်နေပြီး ကိုဗစ်ပိုးကူးစက်ခံရသည့်နှုန်းမှာလည်း ယခင်လကထက်ပိုများလာကြောင်း ထားဝယ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့ထံမှသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ တစ်လအတွင်း ထားဝယ်‌ကြက်ခြေနီအဖွဲ့က သယ်ဆောင်ပေးသည့် ကိုဗစ်လူနာဦးရေမှာ အယောက်နှစ်ဆယ်ကျော်ခန့်သာရှိသော်လည်း စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၁၇ အထိ ၂၅ ရက်အတွင်း သယ်ဆောင်ပေးရသည့် လူနာဦးရေမှာ သုံးဆယ်ကျော်နေပြီဖြစ်ကြောင်း ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဲဒီလူတွေက ရောဂါတစ်ခုခုကြောင့် ကျွန်တော်တို့အဖွဲ့က သယ်ယူပေးတဲ့ လူနာတွေပါ သက်ဆိုင်ရာဆေးရုံကစစ်လို့ ကိုဗစ်ပိုးတွေ့တဲ့သူတွေပေါ့”ဟု ၎င်းကပြောသည်။

ဖျားနာသူ အလွန်များနေပြီး မြေပြင်အခြေအနေတွင် လက်ရှိပိုးတွေသူဦးရေထက်ပိုများ နေနိုင်‌ကြောင်း အထက်ပါ တာဝန်ရှိသူကပြောသည်။

“ကျွန်တော်တို့ကတော့ အကာကွယ်ဝတ်စုံ ဝတ်ရတာပေါ့နော်။ ဖျားတဲ့သူက ကိုဗစ်ရှိတယ် မရှိဘူးဆိုတာ ကျွန်တော်တို့မသိဘူးလေ သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတွေကပဲ စစ်ဆေးတာ”ဟု ၎င်းကပြောသည်။

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် အောက်တိုဘာလ ပထမပတ်မှစပြီး ဖျားနာသူများပြားလာရာ ဖျားနာသူ အချို့မှာကိုယ်ဗစ်လက္ခဏာများ တွေ့ရှိရသော်လည်း အချို့မှာ ရိုးရိုးသာမန်အဖျားမျိုးဖြစ်ကြောင်း လောင်းလုံးဒေသခံ တစ်ဦးကပြောသည်။

“ဖျားတာတော့ အရင်ကဖျားတာနဲ့မတူဘူး လည်ချောင်းနာတယ်။ ကိုက်ခဲတာများတယ်။ နှာစေးချောင်းဆိုးတာပေါ့ ကိုဗစ်ဖြစ်တုန်းကမျိုးတွေလိုပေါ့ အနံမပျောက်တာတစ်ခုပဲ”ဟု ၎င်းကပြောသည်။

သိုသော်အများစုမှာ ကိုဗစ်ရှိမရှိ စစ်ဆေးတာမျိုးမရှိကြောင်း ဆေးဆိုင်တွင်ဆေးဝယ်သောက်သူရှိသလို၊ အရပ်ဆရာများဖြင့် ကုသကြပြီး သုံးရက်မှ ငါးရက်အတွင်း ပျောက်ကင်းသွားလေ့ရှိသည်ဟု ပြောဆိုကြသည်။

အောက်တိုဘာ ၄ ရက်နေ့က လောင်းလုံးမြို့နယ်မှ ကိုဗစ်ပိုးတွေ့ရှိသူ အသက်လေးနှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။

တနင်္သာရီတိုင်းကျမ်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ထားဝယ်ခရိုင်အတွင်း ကိုဗစ်ပိုးတွေ့ရသူ လူနာဦးရေမှာ ဩဂုတ်လတွင် အယောက် လေးဆယ်ကျော်ရှိပြီး စက်တင်ဘာလမှ အောက်တိုဘာ ၁၇ ရက်နေ့အထိပိုးတွေ့ရှိသူဦးရေမှာ အယောက်ခုနှစ်ဆယ်ကျော်လာပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အထက်ပါပိုးတွေ့လူနာ အများစုမှာ ထားဝယ်မြို့နယ်မှဖြစ်သည်။