ရေဖြူ မူးဒူးရွာတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

0
457

ရေဖြူမြို့နယ်၊ မူးဒူးရွာတွင် ဩဂုတ် ၂၉ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်သတ်ခံရသူအမျိုးသမီးမှာ အသက် ၆၀ အရွယ်ရှိ မူးဒူးရွာသူ ဒေါ်ပိုကြည်ဆိုသူဖြစ်ပြီး ယင်းနေ့ ညနေ ၄နာရီခန့်က လက်နက်ကိုင်လူတစ်စုက ၎င်း၏နေအိမ်သို့ လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“‌သေနတ်သံက သိပ်မကြားဘူး။ လူတစ်ယောက် ပစ်သတ်ခံရတယ်ဆိုလို့ သွားကြည့်တော့ ဦးနှောက်ပွင့်လျက် သေဆုံးနေတယ်။ ပါးစပ်ထဲကို ပစ်သွင်းထားပုံရတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူအမျိုးသမီးမှာ ရွာထဲတွင် ဖဲဝိုင်းထောင် လောင်းကစားပြုလုပ်တတ်ပြီး အပြောအဆို ကြမ်းတမ်းသူ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါအမျိုးသမီးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားရခြင်းဖြစ်သည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ဒေါ်ပိုကြည်၏ ရုပ်အလောင်းကို ပစ်ခတ်ခံရသည့်နေ့ ညနေပိုင်းတွင်ပင် နေ့ခြင်းသင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။