ထိုင်းတွင် ဂတ်စ်အိုးစက်ရုံပေါက်ကွဲ၍ မြန်မာလုပ်သားအပါအဝင် ၅ ဦးဒဏ်ရာရ

0
472

ထိုင်းနိုင်ငံ စမုတ်ပရကန်ခရိုင်ရှိ LPG ဂက်စ်အိုးဖြည့် စက်ရုံတွင် မီးလောင်ပေါက်ကွဲမှုတစ်ခု ယနေ့မနက်အစောပိုင်းတွင် ဖြစ်ပွားရာ မြန်မာအလုပ်သမားများအပါအဝင် ၅ ဦး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘန်ကောက်အနီး စမုတ်ပရကန်ခရိုင် စောင်ထွန်းဒေသရှိ LPG ဂက်စ်အိုးဖြည့်စက်ရုံ၌ အလုပ်သမားများ အိပ်ပျော်နေချိန် ယနေ့မနက် ၀၀ နာရီ ၂၀ မိနစ်ခန့်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မနက် ၈ မှ ညနေ ၅ နာရီ အလုပ်ချိန်ပြီးသွားသဖြင့် အခန်းထဲတွင် အလုပ်သမား ၃၀ ကျော်အိပ်ပျော်နေချိန် ပေါက်ကွဲသံများကြောင့် နိုးလာခဲ့ပြီး အပြင်သို့ထွက်ပြေးလာခဲ့ရာ စက်ရုံ၏ဂက်စ်ဖြည့်သောနေရာတစ်ခုလုံးမှာ မီးလောင်နေသည်ကို တွေ့ရှိရကြောင်း အလုပ်သမားတစ်ဦးက ပြောကြားသည်။

မီးလောင်ခံရသူများမှာ ကြောက်လန့်ပြီး ထွက်ပြေးနေကြသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

မီးလောင်ရာနေရာသို့ စောင်ထွန်းအုပ်ချုပ်ရေးအဖွဲ့မှ မီးသတ်ကားများနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်ပေါက်ကွဲမှုကြောင့် စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃ ဦးနှင့် ထိုင်းအလုပ်သမား ၂ ဦး တို့ မီးလောင်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ၎င်းတို့အနက် ၁ ဦးမှာအရည်ပြား ၇၀ ရာခိုင်နှုန်းခန့် မီးလောင်ကျွမ်းခဲ့ကြောင်း အလုပ်သမား ကာကွယ်ရေးဌာနမှ ဒုညွှန် Ms. Kanchana Poolkaew က CH 7 HD NEWS ပြောကြားထားသည်။

မီးလောင်ဒဏ်ရာရရှိခဲ့သော အလုပ်သမားများမှာ တရားဝင်အလုပ်သမားများဖြစ်သဖြင့် လုပ်ငန်းခွင် မတော်တဆမှုအတွက် ရသင့်သော အခွင့်အရေးများရရှိရန် ဆောင်ရွက်ပေးမည်ဟု ၎င်းကဆိုသည်။

ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့မှ ရှေးဦးပြုစုနည်းဖြင့် ကနဦး ကုသပေးခဲ့ပြီးနောက် သက်ဆိုင်ရာဆေးရုံအသီးသီးသို့ ကူညီပို့ဆောင်ပေးခဲ့သည်။

မီးသတ်ကားများရောက်ရှိသွားသောအချိန်တွင် စက်ရုံ၏ ဂက်စ်ဖြည့်သောနေရာများ၊ ဆိုင်ကယ် နှင့် ကားများ မီးလောင်ကျွမ်းနေခဲ့ပြီး LPG ဓာတ်ငွေ့အနံ့များလေထဲတွင် ရောက်ရှိနေခဲ့ကာ အနီးရှိ အိမ်နှစ်အိမ် တိုက်ခန်း နှစ်ခန်းပါ ထိခိုက်မှုရှိကြောင်း သိရသည်။

မီးငြှိမ်းသတ်နိုင်ရန်အတွက် နေရာများကိုရှင်းလင်းကာ အလုပ်သမားများကို ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးခဲ့ကာ မီးကို ၁ နာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ LPG ဂက်စ်အိုးဖြည့်စက်ရုံကို အသက် ၅၁ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားတစ်ဦးမှ ပိုင်ဆိုင်ပြီး စက်ရုံဖွင့်လှစ်ထားသည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ကာ အလုပ်သမားများကို စက်ရုံထဲတွင် နေထိုင်ခွင့်ပြုထားကြောင်း သိရသည်။

 ကနဦးအနေဖြင့် ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုတွေ့ရှိခဲ့ရပြီး မီးလောင်ပေါက်ကွဲမှု အကြောင်းအရင်းကို စစ်ဆေးရန်အတွက် စက်ရုံကို ယခုအချိန်တွင် မှုခင်းရဲတပ်ဖွဲ့မှ ပိတ်ထားပြီး ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။

Ref: Bangkok post, Matichon Online, CH 7 HD NEWS