ထားဝယ်တွင် ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ဟုဆို

0
393

စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်ပြောဆိုထားသော်လည်း ပြင်ပဈေးကွက် တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ထားဝယ်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီက ခေါ်ယူတွေ့ဆုံခဲ့ပြီး ရည်ညွှန်းဈေးအတိုင်းသာ ရောင်း ချရန် ပြောဆိုထားသော်လည်း ထားဝယ်တွင် ရန်ကုန်က ဈေးဖွင့်သည့် ပြင်ပပေါက်ဈေးအတိုင်းသာ အရောင်းအဝယ် ဖြစ်နေကြောင်း ထားဝယ်မြို့မှ ရွှေလုပ်ငန်းရှင်အချို့က ဆိုသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ (ဩဂုတ် ၃၀) အခေါက်ရွှေတစ်ကျပ်သားကို ၂,၀၃၄,၀၀၀ ကျပ်ဖြင့် ရည်ညွှန်းဈေးထုတ်ပြန်ထားသောလည်း ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ပြင်ပဈေးကွက်တွင် အရောင်းအဝယ် လုပ်နေ သည့် ပေါက်ဈေးမှာ တစ်ကျပ်သား ၃,၁၂၀,၀၀၀ အထိဖြစ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် မေးမြန်းချက်အရ ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေတကျပ်သား ၃,၀၆၀,၀၀၀ ကျပ် ရှိကြောင်း ထားဝယ်မြို့ ဈေးကြီးအနောက်ဘက်လမ်းရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ပြင်ပဈေးနဲ့ပဲ အလုပ်လုပ်နေရတယ်ပေါ့နော်။ ကျွန်မတို့လည်း ရောင်းရင်လည်း တက်ဈေးအတိုင်းပဲ။ သိန်း ၃၀ လောက် နဲ့ပဲ ကိုယ်ပြန်ဝယ်နေရတယ်။ ဝယ်ရင်လည်း အဲဒီဈေးနဲ့ပဲ မှီခိုပြီးသွားနေရတယ်။ ၂၀ကျော်ဆိုတာ အရင်တုန်း က ဟိုးအနောက်မှာ ကျန်ခဲ့တာမျိုးဖြစ်သွားတာပေါ့နော်။ ပြောရမယ်ဆို ပါးစပ်ပြောမျှပဲပေါ့နော်။ လက်တွေ့မှာတော့ အလုပ်မလုပ်တဲ့ဈေးတွေပေါ့” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ပုံသေသတ်မှတ်ထားသည့် တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ရွှေဈေးကိုလည်း တွက်ချက် ကာ ရည်ညွှန်းဈေး သတ်မှတ်တာမျိုးဖြစ်နိုင်သည်ဟု အထက်ပါအမျိုးသမီးက ပြောသည်။

“သူတို့ အစိုးရက သတ်မှတ်တဲ့ဈေးအတိုင်း ဘယ်သူမှတော့ အရင်းရှုံးခံပြီးတော့ မရောင်းဘူးပေါ့နော်။ အဲဒီတော့ ပါးစပ်ပြော ပြောတာမျှပဲဖြစ်နေတယ်။ သူတို့ရဲ့ ကစားကွက်ဖြစ်နေတယ်ပေါ့နော်” ဟု ၎င်းက ဆက်လက်ပြောဆို သည်။

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည့် ရည်ညွှန်းဈေးဖြင့် ပြင်ပတွင်ရောင်းဝယ်နေခြင်းမရှိဘဲ ပြင်ပ ပေါက်ဈေးအတိုင်းသာ ရောင်းဝယ်နေကြခြင်းဖြစ်ကြောင်း ထားဝယ်မြို့က ရွှေဆိုင်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

“(ရည်ညွှန်းဈေး) အဲဒီလိုကွာဟမှုရှိတာကိုတော့ ပြောမတတ်ဘူး။ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းကို မေးမှပဲ သိမယ်။ ကျွန်မတို့က အပြင်လက်ရှိပေါက်ဈေးအတိုင်းနဲ့ပဲ အလုပ်လုပ်ရတယ်” ဟု ထားဝယ်မြို့က ဈေးကြီးအနောက်လမ်းက ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီမထိုးခင်အထိ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းခွဲဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။  

“လက်ရှိတော့ ရွှေဈေးတက်ချိန်မှာ တော်တော်များများက ပြေးဝယ်တာထက် ပြေးရောင်းတာက များတယ်” ဟု ၎င်းက ပြောဆိုသည်။

ရွှေဈေးမှာ အချိန် နာရီနှင့်အမျှ အတက်အကျ အပြောင်းအလဲဖြစ်နေပြီး အချို့ဆိုင်များတွင် ရွှေလာရောင်းသူနှင့် လာဝယ်သူ မျှနေသည့် အနေအထားတွင်ရှိသည်ဟု ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။