အားကိုးရာမဲ့ ကြောက်ခေတ်လူသားများ

0
2112

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခွဲခန့်အကြာမှာတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဖော်ရွေတတ်တဲ့ ဓလေ့တွေ လျော့ပါးပျောက်ပျက်ကုန်ပါပြီ။

အရပ်တစ်ပါးက လာသူတွေဆို ဖော်ဖော်ရွေရွေနဲ့ ကူညီတတ်တဲ့ မြန်မာနိုင်ငံတောင်ပိုင်းက တနင်္သာရီတိုင်းသားတွေလည်း အခုဆိုရင် လူစိမ်းမြင်တာနဲ့ ကြောက်တတ်နေပါပြီ။

“လူစိမ်းဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထဲအဝင်မခံနဲ့လို့ ကလေးတွေကိုမှာထားရတယ်။ ရေတွေဘာတွေတောင်းသောက်လည်း အိမ်ထဲမဝင်ခိုင်းဘဲ ရေခပ်ပြီးပဲ တိုက်လိုက်တယ်” လို့ ထားဝယ်မြို့ခံ ဒေါ်ထွေး (အမည်လွှဲ) က ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းယူမှု ဖြစ်စဉ်အပြီးမှာ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ခဲ့ကြပြီး နောက်ဆုံးမှာတော့ လက်နက်ကိုင်တော်လှန်မှု အထိဖြစ်ပေါ်လာခဲ့ပါတယ်။

အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်မှုဟာ မြန်မာနိုင်ငံအဝှမ်းဖြစ်ပေါ်လာပါတော့တယ်။

ISP Myanmar ရဲ့ စစ်တမ်းအရ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေလ ၁၅ ရက်အတွင်း နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခတိုက်ခိုက်မှုတွေ ၄,၆၇၉ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းယူမှု ဖြစ်စဉ်အပြီး ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့အတူ တရားဥပဒေ စိုးမိုးမှု မရှိတော့တာကြောင့် ခိုး၊ ဆိုး၊ လုယက်မှုတွေ အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။

မလုံခြုံတဲ့ ဝန်းကျင်

တနင်္သာရီတိုင်းမှာ ခိုးဆိုး လုယက်တာ၊ ဓားပြတိုက် အနုကြမ်းစီးတာ၊နည်းမျိုးစုံ လိမ်လည်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

မှတ်တမ်းတွေအရတော့ အာဏာသိမ်းပြီးနောက်ပိုင် အများဆုံးဓားမြတိုက်ခံရတာဟာ လောင်းလုံးမြို့နယ်ဖြစ်ပါတယ်။

ဓားပြတိုက်သူတွေက ရွှေ၊ငွေ လက်ဝတ်ရတာနာတွေကို ယူဆောင်ကြရုံမကဘဲ အသက်အန္တရာယ်ပါ ခြိမ်း‌ခြောက်ခံရတာကြောင့် ဓားပြတိုက်ခံရသူတွေက ကြောက်ရွံ့ပြီး ဓားပြတိုက်ခံရကြောင်းကိုတောင် ပြန်မပြောဝံ့ကြပါဘူး။

ဓားပြတိုက်ခံရတာကို ရဲစခန်းမှာ အမှုဖွင့်ဖို့ဆိုတာ ပိုလို့တောင်ဝေးပါသေးတယ်။ ဒါအပြင် ရဲစခန်းမှု အမှုဖွင့်လို့ ဓားပြတိုက်ခံရတဲ့ ပစ္စည်းတွေ ပြန်ရမရမသေချာပေမယ့် ဓားပြတွေရန်ရှာတာကို ခံရနိုင်တာက ပိုသေချာတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။

ဒါ့အပြင် လစ်ရင်လစ်သလို အခိုးခံရတာ၊ အလုခံရတာ၊ ပစ္စည်းလုပြီး လူသတ်သွားတာတွေပါ ဒေသခံတွေ ကြုံတွေ့လာရပါတယ်။

သုံးဘီးနဲ့ ပစ္စည်းအဟောင်းဝယ်တဲ့သူအချို့ဟာ လူလစ်ရင် အိမ်ထဲ၊ ခြံတဲ့ရှိတဲ့ပစ္စည်းတွေကို ကောက်ထည့် သွားလေ့ရှိလို့ မသင်္ကာစရာလူတွေ့ရင် မျက်စိဒေါက်‌ထောက်ကြည့်နေကြရတယ်လို့ ထားဝယ်ဒေသခံတွေက ဆိုပါတယ်။

ထားဝယ်မြို့အတွင်း ပစ္စည်းအဟောင်းများဝယ်ယူသူတစ်ဦး

“အရင်တုန်းကဆိုရင် အဟောင်းဝယ်တဲ့သူတွေက လူအိုလူမင်းတွေပဲရှိတာ၊ အခုက လူငယ်လူရွယ်တွေလည်း အရမ်းပေါလာတော့ သတိထားလာရတယ်” လို့ ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်သားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ကော့သောင်းမြို့ ဘန်းကချွန်ရွာက အသက် ၂၀ ကျော်အရွယ်လူငယ်တစ်ဦးကို ဘယ်သူမှန်းမသိတဲ့ သူတွေက ဆိုင်ကယ်လုပြီး လူကိုပါသတ်ဖြတ်သွားခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ပြည်သူတွေ တစ်နေ့တခြားလုံခြုံမှုကင်းမဲ့လာပြီး တစ်ဦးနဲ့တစ်ဦး သံသယစိတ်တွေ ဝင်လာကြပါတယ်။

လူစိမ်းတွေ ပိုများလာ

ရပ်ကွက်ထဲကို ဘယ်ကမှန်းမသိတဲ့ မျက်နှာစိမ်းတွေက အဝင်အထွက် များလာတယ်လို့ တနင်္သာရီတိုင်း ဒေသခံတွေက ပြောဆိုပါတယ်။

အလှူခံပုံစံနဲ့ ဝင်လာတဲ့ လူစိမ်းတွေကို နေ့စဉ်မြင်တွေ့နေရသလို ပစ္စည်းအဟောင်းဝယ်သူတွေ အများစုကလည်း တစ်ခါမှ မမြင်ဘူးတဲ့ လူစိမ်းတွေများလာတယ်လို့ ထားဝယ်ဒေသခံတွေက ဆိုပါတယ်။

မျက်နှာစိမ်းအလှူခံတွေမှာ သင်္ကန်းဝတ်တွေလည်း ပါတယ်လို ဆိုကြပါတယ်။

“ဘယ်ကလဲလို့မေးလိုက်ရင် ကိုယ်မကြားဖူးတဲ့(နေရာ) နာမည်တွေပြောကြတယ်။ မိဘမဲ့ကလေးတွေအတွက်တို့၊ ဘယ်ဘုန်းကြီးကျောင်း ကျောင်းဆောင်ဆောက်ဖို့တို့ အဲလိုတွေပြောကြတယ်။ မျက်လုံးကလည် ငြိမ်ငြိမ်မနေဘူး။ ခြံထဲ ဟိုကြည့်၊ ဒီကြည့်‌လျှောက်ကြည့်တာ” လို့ ဒေါ်ထွေးကဆိုပါတယ်။

အလှူခံတွေကို မယုံကြည်သော်လည်း အားနာတာကြောင့် အလှူငွေ တစ်ရာစ၊ နှစ်ရာစ‌တော့ ထည့်ဝင်လေ့ရှိတယ်လို့ သူမကဆိုပါတယ်။

ထားဝယ်ဒေသခံလို သူယုံကြည်ရတဲ့သူမျိုးဆိုရင်တော့ ဒီထက်ပိုပိုသာသာ အလှူထည့်ဝင်လေ့ရှိတာကြောင့် ဒေါ်ထွေးမှာ အလှူခံတွေအတွက် တစ်ရာ၊ နှစ်ရာကျပ်တန်တွေ စုထားတယ်လို့လည်း သူမကဆိုပါတယ်။

“လူစိမ်းဆိုရင် ပိုက်ဆံအကြွေလိုက်ရှာနေရမှာစိုးလို့ မြန်မြန် လှူလို့ရအောင် တစ်ရာတန်လေးတွေ့ရင်စု၊ နှစ်ရာတန်တွေ့ရင်စု စုစုထားတာ။ အလှူခံတွေကလည်းပေါတာကိုး။ ပေါတာမှ နေ့တိုင်းကိုလှူနေရတယ်” လို့ ဒေါ်ထွေးကဆိုပါတယ်။

လူစိမ်းကြောက်ရောဂါ

ဒေသခံတွေဟာ ဒုစရိုက်မူကြူးလွန်သူတစ်ဦးကို လက်ပူးလပ်ကြပ်ဖမ်းမိရင်တောင် သူတို့ဘာဆက်လုပ်ရမှန်း မသိဘဲ လွှတ်ပေးလိုက်ကြရတယ်လို့ဆိုပါတယ်။

ဇူလိုင်လထဲမှာ သူတို့ရွာထဲ မြေသယ်ကားတစ်စီးကို ဖြုတ်ခိုးနေတဲ့ သုံးဘီးနဲ့ ပစ္စည်းဟောင်းဝယ်တဲ့သူတစ်ဦးကို ဖမ်းမိခဲ့ပေမဲ့လည်း ရဲလက်မအပ်ဘဲ နောက်ဆုံးမှာပြန်လွှတ်လိုက်ရတယ်လို့ ထားဝယ်ဒေသခံ ဒေါ်ရှိန်ကပြောပါတယ်။

“ကြောက်လို့ ရဲစခန်းရှေ့ကိုတောင်မဖြတ်ရဲတဲ့သူက ဘယ်လိုလုပ်ပြီး ရဲကိုအကြောင်းကြားရဲမှာလဲ။ (သူခိုးကို) ဟိုလူကဆဲ၊ ဒီလူကဆဲ ဆဲပြီးလွှတ်လိုက်ရတာပေါ့” လို့ သူမကဆိုပါတယ်။

ဩဂုတ်လထဲမှာပဲ သုံးဘီးသမားတစ်ဦးက စက်သုံးဆီတွေ တင်ဆောင်ပြေးသွားလို့ ‌ကျပ် ၆ သိန်းခန့်ဆုံးရှုံးသွားတဲ့ ဖြစ်စဉ်လည်း ထားဝယ်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ကမ်းနားလမ်းဆီဘောမှာ စက်သုံးဆီဝယ်ဖို့ တန်းစီစောင့်ဖို့အတွက် အနီးမှာတွေ့တဲ့ မျက်နှာစိမ်း သုံးဘီးသမားတစ်ဦးကိုငှားပြီး တန်စီးခိုင်းထားရာကနေ အလှည့်ကျလို့ ဆီဝင်ထည့်အပြီးမှာ ပိုင်ရှင်ဆီလာမပို့တော့ဘဲ စက်သုံးဆီတွေကို တင်ဆောင်မောင်းပြေးသွားခဲ့တာလို့ ကိုယ်တိုင်ကြုံရတဲ့သူက ပြောပြပါတယ်။

“ကျွန်မက ကိုယ်တိုင် ခံစားရတဲ့သူဆိုတော့ အခုချိန်ကစပြီး လူစိမ်းဆို ဘယ်သူပဲဖြစ်ဖြစ် မယုံတော့ဘူး” လို့ သူကဆိုပါတယ်။

ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ ဒုစရိုက်မှုမျိုးစုံကို ဒေသခံတွေက ပုံစံမျိုးစုံနဲ့ မြင်၊ တွေ့၊ ကြား နေကြပါတယ်။

တိုင်းထဲက နေရာအနှံံ႔မှာဖြစ်ပွားနေတဲ့ ဒုစရိုက်မှုတွေကို ကျူးလွန်တဲ့သူတွေဟာ အရေးယူမှု ကင်းလွတ်နေကြပါတယ်။

အဲဒီမျက်နှာစိမ်းတွေက စစ်ကောင်စီရဲ့ သူလျှို ဒါမှမဟုတ် သတင်းပေးဒလန်တွေ ဖြစ်နိုင်တယ်လို့ ဒေသခံအများစုက ယူဆကြသလို စစ်ကောင်စီနဲ့ နီးစပ်သူတွေကလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လာရောက်စောင့်ကြည့်တာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ဒေသခံ အချို့က‌တော့ သူခိုး၊ ဓားပြ၊ အလစ်သုတ်သူတွေ ဖြစ်နိုင်တယ်လို့လည်း ထင်ကြပါတယ်။

အရာရာကို ကြောက်ရွံ့နေကြရတဲ့ ပြည်သူတွေအတွက်ကတော့ သံသယစိတ်တွေနဲ့ မြင်မြင်သမျှ ကြောက်စရာကောင်းနေ ပါတော့တယ်။

မျက်နှာစိမ်းတွေ ဘယ်ကလဲ

မျက်နှာစိမ်းတွေဟာ ဗမာစကားပြောတဲ့သူတွေ ဖြစ်နေကြပါတယ်။ အဲလိုလူမျိုးကို ‌ဒေသခံတွေက ပိုပြီး သံသယဝင်ကြပါတယ်။

အာဏာမသိမ်းခင်ကဆိုရင် ကိုယ်ဒေသတွင်းက ဘယ်နေရာပဲဖြစ်‌နေပါစေ ဒေသသုံးဘာသာစကားတစ်ခုခုနဲ့ ပြောဆိုလိုက်ရင် တစ်ခါမှမတွေ့ဖူးစေကာမူ တစ်ဦးနဲ့တစ်ဦး အထိုက်အလျောက် ယုံကြည်မှုရသွားလေ့ရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မလုံခြုံတဲ့ဝန်းကျင်မှာ ကျင်လည်နေရတာကြောင့် ဒေသခံတွေဟာ ကိုယ့်ဇာတိ တစ်မြို့တည်းသားအချင်းချင်းတောင် အယုံကြည်မဲ့လာကြပါတယ်။

ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာသို့ ရောက်ရှိလာသည့် အိမ်သာဆေးဖြန်းသည့်အဖွဲ့

ဒေသတစ်ခုကနေ အခြားဒေသတစ်ခုကို ရွေ့လိုက်တာနဲ့ (ဥပမာ ထားဝယ်အရှေ့တောဒေသကနေ သရက်ချောင်း တောင်ပျောက်တိုက်နယ်ဒေသကို သွားလိုက်တာနဲ့) ထားဝယ်ဒေသခံဖြစ်ပါစေ၊ အဲဒီလူကို လူစိမ်းအဖြစ် သံသယအကြည့်နဲ့ အကြည့်ခံလာရတယ်လို့ ဆိုကြပါတယ်။

အဲဒီလို တစ်ယောက်ကို တစ်ယောက်မယုံကြည်တော့တာဟာ ဝမ်းရေးအတွက် တစ်နေရာကနေတစ်နေရာကို သွားလာလှုပ်ရှား နေရသူတွေမှာ ထိခိုက်မှုရှိလာတယ်လို့ ထားဝယ်ဒေသခံ တစ်ဦးကပြောပါတယ်။

နယ်တွေဆင်းပြီး ဆိုင်ကယ်ဝယ်ရောင်းတာနဲ့ ဝမ်းစာရှာနေတဲ့ ထားဝယ်မြို့ခံတစ်ဦးကတော့ အခုချိန်မှာနယ်ဆင်းပြီး ဆိုင်ကယ်လိုက်ရှာဝယ်တာကို ရပ်လိုက်ပြီလို့ဆိုပါတယ်။

“ရွာသားတွေကလည်း ထောက်လှမ်းရေးလားဆိုတဲ့ အတွေးရှိသလို စစ်တပ်နဲ့တွေ့ရင်လည်း ပီ (PDF) လို့ ထင်နိုင်တယ်။ နှစ်ဘက်ကြားညှပ်သွားနိုင်လို့ မသွားတော့တာ”ဟု သူကဆိုပါတယ်။

တပတ်ရစ်ဆိုင်ကယ်တွေဟာ မြို့ပေါ်မှာထက် နယ်မှာဆင်းဝယ်ပြီး ပြန်ရောင်းတာကသူ့အတွက် အမြတ်ပိုကျန် ပါတယ်။ ဒါကြောင့် ဆိုင်ကယ်ဝယ်ရောင်းသမားတွေဟာ နယ်က တပတ်ရစ်ဆိုင်ကယ်ကို ပိုသဘောကျလို့ နယ်ဆင်းဝယ်လေ့ရှိပါတယ်။

လက်ရှိအခြေအနေကတော့ အန္တရာယ်အလွန်များတဲ့ အနေအထားရှိလို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက နယ်မှာ ဆိုင်ကယ် လိုက်ဝယ်တာကို ရပ်နားထားတယ်လို့ သူကဆက်ပြောပါတယ်။

ထားဝယ်ခရိုင်ထဲက နေရာအချို့မှာ တိုက်ပွဲတွေ၊ နှစ်ဖက်ပစ်ခတ် သတ်ဖြတ်တာတွေ၊ ဗုံးပေါက်တာတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ အတတ်နိုင်ဆုံး တစ်နေရာကနေတစ်ရာကို တတ်နိုင်သမျှ မသွားကြပါဘူး။

ဒီလိုအချိန်မှာ မျက်နှာစိမ်းအလှူခံတွေ၊ ပစ္စည်းအဟောင်းဝယ်တဲ့သူတွေက ပိုတိုးလာပြီး နေရာစုံကို ရဲရဲတင်းတင်း ဝင်ထွက်သွားလာ နေကြတာကို ဒေသခံတွေက အံ့ဩနေကြပါတယ်။

အရင်စစ်အစိုးရ လက်ထက်က ထားဝယ်ဒေသမှာ ‘ဂံ’ တွေကိုကြောက်ကြတယ်လို့ သက်ကြီးပိုင်းတွေ ပြောစကားအရ သိရပါတယ်။

အရင်စစ်အစိုးရခေတ်က ဗမာအစိုးရဝန်ထမ်းတွေကို ဒေသခံတွေက ပြားနေအောင်ကြောက်ရတာကနေ အင်္ကျီအဖြူဝတ်ထားတဲ့ ‘ဂံ’ဆိုရင် အစိုးရဝန်ထမ်းထင်ပြီး အလိုလိုကြောက်‌ကြတာကို ဆိုလိုတာဖြစ်တယ်လို့ လောင်းလုံးဒေသခံ ရှေ့မီနောက်မီ လူကြီးတစ်ဦးက ပြောပါတယ်။

ဂံဆိုတာ ဗမာစကားပြောတဲ့သူတွေကို သုံးနှုန်းတဲ့ ထားဝယ်စကားဖြစ်ပါတယ်။

အရင် စစ်အစိုးရခေတ်ကို ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံရ မျက်နှာစိမ်းဆိုရင်သတိထားတာ ပိုကောင်းတယ်လို့ သူကပြောပါတယ်။

“အမှန်ကတော့ကွာ ရွာတွေထဲကို လာနေတဲ့မျက်နှာစိမ်းဆိုတာက လူနည်းစုလေးပါ။ လူအနည်းစုကို လူအများစုက ကြောက်နေရတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့” ဟု ၎င်းကပြောဆိုပါတယ်။