ထိုင်းသို့ တရားမဝင်လာသော မြန်မာလုပ်သားများ စီးလာသောကားတိမ်းမှောက်၊ လေးဦးသေဆုံး

0
496

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါ လာသောကားသည် ယနေ့ (ဩဂုတ် ၂၈) နံနက်ပိုင်းတွင် တိမ်းမှောက်သဖြင့် မြန်မာအလုပ်သမား လေးဦးသေဆုံး ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယနေ့ နံနက် ၄ နာရီခန့်တွင် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသ နောင်လူရွာရှိ ဘုရားသုံးဆူ-စန်ခရာဘူရီ အမှတ် ၃၂၃ လမ်းမကြီးတွင် ကားတိမ်းမှောက်ခြင်းဖြစ်သည်။

ကားတစ်စီးသည် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်သွားပြီး ပက်လက်အနေအထား ဖြစ်နေကြောင်း သတင်းတွင် ဖော်ပြသည်။

ကားမှာ လုံးဝပျက်စီးနေပြီး ကားထဲတွင် မြန်မာအလုပ်သမား လေးဦး သေဆုံးနေပြီး ကိုးဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း ရေးသားထားသည်။

သေဆုံးသူများတွင် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၃-၁၄နှစ်အရွယ် ကလေးတစ်ဦးပါဝင်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များကို မသိရှိသေးကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားမောင်းသမားမှာ အခင်းဖြစ်ပွားရာနေရာတွင် မတွေ့ရှိရဘဲ ထွက်ပြေးလွတ်မြောက်နေသည်ဟု ဆိုသည်။

ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးရန် စန်ခရာဘူရီဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး မိသားစုနှင့် အဆက်အသွယ် ရရှိရေးဆောင်ရွက်နေကြောင်း ဖော်ပြသည်။

ဒဏ်ရာရရှိသူ မြန်မာအလုပ်သမား ကိုးဦးကိုလည်း ကယ်ဆယ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့များက စန်ခရာဘူရီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အခင်းဖြစ်ရာနှင့် ၂၀ မီတာအကွာရှိ PTT ဆီဆိုင်တွင် အဆိုပါကားမှာ ဝင်နားနေခဲ့ပြီး ထွက်ခွာသွားပြီးနောက် ကားတိမ်းမှောက်သည့် အသံကြားရခြင်းဖြစ်ကာ ကားသမားဟုယူဆရသူ နှစ် ဦးမှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောဆိုထားသည်။

မြန်မာအလုပ်သမား ၁၃ ဦးကို စန်ခရာဘူရီဒေသမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ရာ လမ်းကွေ့အရောက်တွင် အရှိန်ဖြင့် မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျမှောက်သွားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်ထားသည်။

ကားမှောက်မှုဖြစ်ရပ်ကို ရဲတပ်ဖွဲ့က ထပ်မံစုံစမ်းစစ်ဆေးသွားမည်ဟုလည်း ဖော်ပြထားသည်။

ကားတွင် ကားမောင်းနေရာတွင်သာ ထိုင်ခုံရှိကာ နောက်ပိုင်းတွင် ထိုင်ခုံအားလုံးကို ဖြုတ်ထားသည်ကို တွေ့ရှိရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အနီးရှိ CCTV ကို စစ်ဆေးရာတွင် ရဲတပ်ဖွဲ့များမရောက်မီ ကားမှောက်မှုအနီးတွင် နောက်ထပ် အမဲရောင် ပစ်ကပ်ကား တစ်စီးရှိနေကာ ထိုကားဖြင့် ကားမောင်းသမားမှာ လွတ်မြောက်သွားခြင်းဖြစ်နိုင်သဖြင့် ဆက်လက် ရှာဖွေစစ်ဆေး သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဩဂုတ် ၁၇ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင်၌ တရားမဝင် မြန်မာအလုပ်သမားများ တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးသည် လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်မိသဖြင့် ကားပေါ်ပါ မြန်မာအလုပ်သမား လေးဦးသေဆုံးသွားကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

Ref: CH 7 NEWS HD, AMARIN NEWS, Thai PBS News