မြင်မြင်သမျှ ကြောက်နေရတဲ့ ပြည်သူတွေ

0
2367

အာဏာသိမ်းမှု နောက်ဆက်တွဲ ရိုက်ခတ်မှုအဖြစ် တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းနေကြရပါတယ်။

အားကိုးရာမဲ့နေတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ကြရတဲ့ အနေအထားမှာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုတွေလည်း ပျောက်ဆုံးလာနေပါပြီ။

ဒီကာလမှာ ရပ်ကွက်တွေထဲကို မျက်နှာစိမ်းတွေ ဝင်လာတာကလည်း ဒေသခံတွေအတွက် စိုးရိမ်မှုပိုများစေပါတယ်။

လူစိမ်းတွေ အဝင်အထွက် များလာတာနဲ့အမျှ ခိုးဆိုးလုယက်မှု၊ ဖောက်ထွင်းမှု၊ ဓားပြတိုက်မှုတွေအပြင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေလည်း ရှိလာနေပါတယ်။

ဒါကြောင့်ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်မှာ လူစိမ်းတွေ အဝင်များလာပြီး မြင်မြင်သမျှ ကြောက်နေရတဲ့ ပြည်သူတွေအကြောင်း တွေ့ဆုံမေးမြန်းဖော်ပြအပ်ပါတယ်။

“အဲဒီလူစိမ်းတွေက မကြောက်မရွံ့သွားရဲနေတာ ထူးဆန်းမ‌နေဘူးလား”

လောင်းလုံးမြို့နယ် ဒေသခံတစ်ဦး

DW ။ ရပ်ရွာတွေထဲ မျက်နှာစိမ်းတွေ တွေ့လာရတဲ့အကြောင်း ပြောပြပေးပါ။

ဖြေ ။ ပြောရမယ်ဆိုရင် လူစိမ်းတွေလာတာများလာတာ သတိထားမိတယ်။ သူတို့က လမ်းကြိုလမ်းကြား လျှောက်လျှောက်သွားပြီးတော့ သံတိုသံစ လိုက်လိုက်ဝယ်။ အလှူခံလည်းပါသေးတယ်။ နေ့တိုင်းလိုလိုပဲလာကြတာ။

DW ။ အလှူခံတို့၊ သံတိုသံစဝယ်တဲ့သူတွေလာကြတာက အရင်ကလည်းလာနေကြ ထုံးစံပဲ မဟုတ်ဘူးလား။ သူတို့က ဘာများ ထူးခြားနေလို့လဲ။

ဖြေ ။ ထူးခြားတာက အရင်ကလာတဲ့ပုံနဲ့မတူဘူး။ နေ့တိုင်းကို လာနေတာသူတို့က။ အရင်က တစ်လနေလို့ တစ်ခါတောင် လာချင်မှလာတာ။ အခုက မနက်မျက်နှာတောင် မသစ်ရသေးဘူး။ “သံတို၊ သံစဝယ်တယ်” ဆိုတဲ့ အော်သံကကြားနေပြီ။ တစ်နေ့ကို သုံးလေးဖွဲ့လောက်ကိုလာကြတယ်။ မလာဘူးဆိုရင် တစ်နေ့ကိုတစ်ခေါက်တော့ လာကိုလာတယ်။ မယုံရင်လာကြည့်လို့ရတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာတွေးကြည့်နေတာ။ ရွာထဲကို နေ့တိုင်းနေ့တိုင်း သံတို၊ သံစလိုက်ဝယ်နေကြတာ ကျွန်မတို့ရွာက အဲဒီလောက်တောင် သံတို၊ သံစပေါလားလို့။ ရွာထဲမေးကြည့်တော့လည်း ဘယ်သူ့မှ ရောင်းတယ်လို့လည်း မကြားမိဘူး။ စပြီးလာဝယ်ကာစတော့ တစ်အိမ်နှစ်အိမ်လောက်ကတော့ ရောင်းချင်ရောင်းပါလိမ့်မယ်။ နေ့တိုင်းလာဝယ်နေရလောက်အောင်ထိတော့ ကျွန်မတို့ရွာမှာ အဲဒီလောက် သံတိုသံစ ရှိကိုမရှိဘူးလို့ ကျွန်မပြောရဲတယ်။

DW ။ အလှူခံဆိုတာကရော ဘာများထူးခြားမှုရှိလို့လဲ။

ဖြေ ။ အခုတော့ အလှူခံတွေ သိပ်မတွေ့ရတော့ဘူး။ မိုးရာသီမို့လို့ထင်တယ်။ နွေတုန်းကဆိုရင် ပေါမှပေါ။ အဖွဲ့လိုက်လာကြတာ။ ဖလားလေးတွေနဲ့၊ ‌အလှူခံဖြတ်ပိုင်းစာရွက်လေးတွေနဲ့။ အစကတော့ သတိမထားမိဘူး။ ရွာကလူတွေကလည်း အလှူခံဆိုရင် ငါးရာ၊ တစ်ထောင်တော့ အနည်ဆုံးလှူကြတာပဲ။ နောက်တော့ အလှူခံတွေက များများလာတယ်။ အဲဒာတော့ မဟုတ်တော့ဘူးဆိုပြီး သံသယဝင်လာတာ။ တချို့ဆို ရွာထဲအလှူခံလာရင် ဆိုင်ကယ်နဲ့ နောက်ကနေ တောက်လျှောက်‌လိုက်ချောင်းကြည့်တာ။ အဲဒီလိုလိုက်ချောင်းကြည့်နေမှန်းသိရင် ကားပေါ်တက်ပြီး ထွက်သွားကြရော။ ကားကလည်း ဘယ်နားရပ်ထားမှန်းမသိဘူး။ ဖုန်းဆက်လိုက်တယ်ထင်တယ်။ ချက်ချင်းကို ရောက်လာပြီး တင်သွားကြတာ။

DW ။ အဲဒီအလှူခံတွေ၊ သံတိုသံစဝယ်တဲ့သူတွေကို ဘယ်လိုမြင်လဲ။

ဖြေ ။ ရိုးသားမှုမရှိဘူးလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အလှူခံတွေနဲ့ မတူဘူး။ ခိုးကြောင်ခိုးဝှက်ပုံစံမျိုးဖြစ်နေတာ။ အိမ်ထဲချောင်းကြည့်တာမျိုးတွေ လုပ်တယ်။ လူပုံစံတွေကလည်း မဲမဲခြောက်ခြောက်နဲ့ အလုပ်ကြမ်းသမားတွေမှန်း ကြည့်တာနဲ့ကို သိသာနေတယ်။ အလှူခံစားတဲ့သူတွေလား စစ်တပ်က လွှတ်ထားတဲ့သူလားဆိုပြီး စိတ်ထဲ အဲဒီလိုထင်တာပေါ့နော်။ သွေးရိုး၊ သားရိုးမဟုတ်တာတော့ သေချာတယ်။

‌DW ။ ဘာလို့သွေးရိုး၊ သားရိုးမဟုတ်ဘူးလို့ ထင်ရတာလဲ။

ဖြေ ။ ဘာလို့လဲဆိုတော့ အခုနားကပြောသလိုပဲလေ။ နေ့တိုင်း သံတို၊ သံစလာဝယ်စရာမှ မလိုတာ။ ရှိလည်းမရှိဘဲနဲ့။ သူတို့သုံးဘီးပေါ်ကြည့်လိုက်လဲ ဘာပစ္စည်းမှတင်ထားတာမတွေ့ရဘူး။ ဆီ (စက်သုံးဆီ) ဈေး ဒီလောက်ကြီးနေတာတောင် သုံးဘီးတစ်စီးနဲ့ပတ်ပြီး သံတို၊ သံစလိုက်ဝယ်နေနိုင်တာ အံ့ဩစရာ မဟုတ်ဘူးလား။ ကျွန်မတို့ရွာသားတွေက ကိစ္စကြီးငယ်မရှိရင် တစ်ရွာကနေတစ်ရွာ သွားကြတာမဟုတ်ဘူး။ သွားမယ်ဆိုလို့ရှိရင်တောင် ချိန်ဆနေရ‌သေးတယ်။ လမ်းမှာ အေးရဲ့လား မေးမေးပြီးသွားနေရတာ။ အဲဒီလူစိမ်းတွေက မကြောက်မရွံ့သွားရဲနေတာ ထူးဆန်းမ‌နေဘူးလား။

DW ။ အဲဒီလို သံတို သံစ ဝယ်တဲ့သူတွေ၊ အလှူခံတွေ ဝင်ထွက်များလာတာ ဘယ်လောက်ကြာပြီလဲ။ ဟိုးအရင်ကတည်းကဖြစ်နေတာလား။

ဖြေ ။ ဟိုးအရင်ကတည်းက မဟုတ်ဘူး။ အာဏာသိမ်းပြီးမှဖြစ်တာ။ ပြောရမယ်ဆိုရင် ဒီနှစ်ထဲမှာ နွေတုန်းက စဖြစ်တာ။ အလှူခံတွေက နွေတုန်းကဖြစ်လာတာ။ အခုတော့သိပ်မတွေ့ရတော့ဘူး။ သံတို၊ သံစဝယ်တဲ့သူတွေတော့ အခုထိ ဝယ်လို့ကောင်းနေတုန်းပဲ။

DW ။ အဲဒီလိုတွေဖြစ်နေတော့ စိတ်ထဲဘယ်လိုခံစားရလဲ။

ဖြေ ။ ကြောက်နေရတာပေါ့။ သူတို့ဘယ်လိုလူတွေလဲ၊ ဘယ်လိုရည်ရွယ်ချက်ရှိလဲဆိုတာ မပြောနိုင်ဘူးလေ။ အခုခေတ်မှာက သူခိုးပေါတာနဲ့ ဓားပြကပေါတာနဲ့။ ဒီကြားထဲ ဟိုနားမှာတစ်ယောက် အဖမ်းခံထိသွားပြန်ပြီ။ ဒီရွာမှာတစ်ယောက် ဖမ်းခံထိသွားပြန်ပြီ၊ နေ့တိုင်းကြားနေရတာ။ အခုက ရွာမှာလည်း လူတွေနည်းကုန်ကြပြီလေ။ ထိုင်းကို ထွက်သွားကုန်ကြပြီ။ အရေးရယ်အကြောင်းရယ်ဆို ဖိုးသတ်ကီး၊ ဖွားသတ်မ (အဖိုးကြီး၊ အဖွားကြီး) တွေပဲ ကျန်ပြီဆိုတော့ သူခိုးလည်းကြောက်နေရတယ်။ ဓားပြလည်းကြောက်နေရတယ်။ ရန်သူမျိုးငါးပါးစလုံး ဝိုင်းနေသလို ဖြစ်နေ ကျွန်မတို့မှာ တစ်ချိန်လုံးကြောက်ပဲ ကြောက်နေရတော့တယ်။ ဘယ်အချိန်မှ ဒီဘဝက လွတ်မှာလည်း မသိပါဘူး။ ဗုံးကလည်း ခဏခဏ ‌ပေါက်သေးတယ်၊ ကျွန်တို့ရွာနားမှာလေ။ သူများတွေလို ထိုင်းဖြစ်ဖြစ် ပြေးချင်ပေမယ့် မိဘတွေပြုစုမယ့်သူမရှိလို့သာ ဒီအတိုင်းနေနေရတာ။ အရင်လိုအေးအေးချမ်းချမ်းဘဝကို အမြန်ဆုံးပြန်ရောက်ချင်နေပြီ။

DW ။ ကျေးဇူးတင်ပါတယ်။

“ရေတောင်းသောက်ဖို့လိုလို သူတို့ အိမ်သာတက်ဖို့လိုလို အဲဒီလိုပုံစံမျိုးတွေရှိတယ်”

သရက်ချောင်းမြို့နယ်၊ သူရဲတောင်ရွာက ဒေသခံအမျိုးသမီးတစ်ဦး

DW ။ ရွာမှာ မျက်နှာစိမ်းတွေရဲ့ ဝင်ထွက်သွားလာမှုတွေ ဘယ်လိုရှိလဲ။

ဖြေ ။ စောင်တွေ ခေါင်းအုံးတွေ၊ မွေ့ယာတွေ လာရောင်းသမားတွေရှိတယ်။ ဆံပင်စုဝယ်သူတွေရော သံတိုသံစ ဝယ်သူတွေရော ရှိတယ်။ (အာဏာမသိမ်းခင်ကာလ) အရင်တုန်းကလည်းလာတော့ လာနေတာပဲ။ အခုက များတော့ များနေတယ်။ အဲဒီ သံတိုသံစ ဝယ်သမားဆို အမြဲတမ်းလိုလို လာနေတယ်။ သုံးဘီးနဲ့လေ၊ တခါတလေလည်း အဲဒီ သုံးဘီးထက်မှာ နှစ်ယောက်သုံးယောက်လောက်ပါတယ်။ သတိတော့ သတိထားနေရတာပဲ။ ထိုင်ခုံတွေ လာရောင်း သမားတွေလည်းရှိတယ်။

DW ။ အရင်ကထက် များလာတာမျိုးရှိသလား။ ဘယ်လိုကြုံရတာရှိလဲ။

ဖြေ ။ အခုကာလမှာမှ ပိုများလာတယ်။ အစတုန်းက အဲဒီလောက်မရှိဘူး။ အခုပဲ နှစ်ယောက်သုံးယောက် သွားလိုက်တာ။ ဆိုင်ကယ်နဲ့ ဝင်သွားတယ်။ သတိထားရတယ်ဆိုတာက ပြောမနိုင်ဘူးလေ။ သူတို့ ဘယ်လိုမျိုး အယောင်ဆောင်ပြီးတော့ လာလဲဆိုတာ ကိုယ်မသိဘူးလေ။ လူစိမ်းဆိုတော့ ကိုယ်ကတော့ နည်းနည်းတော့ လန့်နေတာပေါ့နော်။ စိုးရိမ်စိတ်ကတော့ ဟိုဘက်က (စစ်တပ်) လွှတ်ထားတာမျိုးလားပေါ့လေ။

ရေတောင်းသောက်ဖို့လိုလို သူတို့ အိမ်သာတက်ဖို့လိုလို အဲဒီလိုပုံစံမျိုးတွေရှိတယ်။ အဲဒီလိုလာဖူးတယ်။ အခုဆို လေးငါးခြောက်ရက်လောက်ရှိသွားပြီ။ တော်ရုံတန်ရုံက အဲဒီလိုမျိုးတွေကို ဒီနားမှာ လက်ခံတာတွေမရှိဘူး။ ရေတွေဘာတွေ တောင်းသောက်ရင်လည်း အိမ်ထဲကိုတော့ မဝင်ခိုင်းဘူးပေါ့လေ။ ကိုယ်တိုင် ငှဲ့ပေးခပ်ပေးလိုက်တာပေါ့။ အိမ်သာတွေကလည်း အိမ်ထဲမှာလိုမျိုးဆိုရင် ပေးမတတ်ဘူး၊ ခြံဝိုင်းထဲမှာဆိုရင်လည်း ပေးတက်လိုက်တယ်။

DW ။ ဒီလို စိုးရိမ်စိတ်တွေ ဖြစ်တယ်။ လန့်တယ်၊ သတိထားနေရတယ်၊ ကြောက်တယ်ဆိုတာက စစ်တပ်ကို ကြောက်တာမျိုးလား။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဒလန်ရှင်းလင်းရေးတွေ လုပ်နေတာရှိတယ်ဆိုတော့ အဲဒါမျိုးတွေကို ကြောက်တာမျိုးလား။

ဖြေ ။ တော်လှန်ရေးအင်အားစုဘက်ကို ကြောက်တာမျိုးတော့မရှိဘူး။ အဓိက စိုးရိမ်စရာရှိတာက စစ်တပ်ဘက်ကိုပဲ စိုးရိမ်စရာရှိတယ်။ သူတို့ ဘက်က လေ့လာနေတာမျိုး ဘယ်သူက ဘယ်လိုမျိုးဆိုပြီး လေ့လာနေတာမျိုးတွေကို ကြောက်တယ်။ လာစုံစမ်းပြီး ဘလိုင်းကြီး ပစ်သတ်ရစ်တာမျိုးတွေကို စိုးရိမ်တာပေါ့။ ငါဘာမှမလုပ်ဘူး။ ဘာမှမဖြစ်ဘူးဆိုပြီး နားလည်ပေးပြီး ထားရစ်ရင်တော့ အကြောင်းမဟုတ်ဘူးလေ။ ဘာမှ မေးစမ်းမရှိဘဲနဲ့ ပစ်သတ်ခဲ့တာမျိုးတွေကို အရမ်းစိတ်ပူတယ်။

ခြံတွေဘာတွေကလည်း မလုံဘူး။ နေတာကလည်း လမ်းဘေးမှာ နေနေတာဆိုတော့ စိတ်ကတော့ ပူနေရတာပဲ။ ရုတ်တရက်လာပြီဆိုရင် ဘယ်ကိုမှလည်း ပြေးလို့မခံဘူး။ ရွာကိုလာတဲ့ မျက်နှာစိမ်းတွေကို သူတို့လည်း မရှိလို့ လာလုပ်စားတယ်လို့ပဲထင်ပါတယ်။ သူတို့စိတ်ထဲမှာတော့ ဘယ်လိုရှိတယ်မသိဘူး။ ကိုယ့်ဘာကိုယ်တော့ ကြောက်နေတာပေါ့။ စကားပြောတာကတော့ ‘ဂံ’ (ဗမာ) လို ပြောတာချည်းပဲ။ အရင်နှစ်က လာဖူးတဲ့လူတွေ မဟုတ်ဘူး။ အခုလာနေသူတွေက မမြင်ဖူးတဲ့သူတွေ။ အရင်တည်းက လာလုပ်စားနေတဲ့သူတွေဆိုရင်တော့ ကြီးကျယ်တော့ စိုးရိမ်စရာမရှိဘူးပေါ့လေ။ အခုက မျက်နှာစိမ်းတွေပဲ များနေတယ်ဆိုတော့။

ရွာထဲမှာလည်း ပြောနေတာက ဆံပင်စုဝယ်သမားတွေဘာတွေလာရင် အရမ်းရင်းရင်းနှီးနှီး မိတ်ဆက်မပေးနဲ့ပေါ့နော်။ သူ့ဘက်က စကားမေးစကားစမ်းတွေမျိုး မေးလာချိန်ဆို ကိုယ့်အနေနဲ့ စကားကို ဖွင့်မပြောနဲ့ဆိုပြီး ပြောနေဆိုနေကြတာတော့ ရှိတယ်။

DW ။ အခုကာလမှာ ခိုးဝှက်တာတွေ ဖောက်ထွင်းတာတွေ ဓားပြတိုက်တာတွေ ဆိုင်ကယ်ခိုးတာတွေ အများကြီးဖြစ်နေတာတွေ့ရတယ်။ ဆိုတော့ အစ်မတို့ ဘက်မှာရော အဲဒီလိုဖြစ်စဉ်တွေဖြစ်နေတာရှိလား။

ဖြေ ။ အဲဒီလိုတွေတော့ မရှိဘူး၊ ရွာထဲမှာ ဓားပြတိုက်တာတော့ တခါဖြစ်ဖူးတယ်။ သူရဲတောင်မှာပဲ။ ကြာတော့ကြာပြီ။ ဒီ ၂၀၂၂ ခုနှစ် ၂ လပိုင်းလောက်က ဖြစ်မယ်ထင်တယ်။ စကားပြောတာက ‘ဂံ’ (ဗမာစကား) လိုနဲ့ ပြောတယ်။ ရွာခံလူမပါဘဲနဲ့တော့ လုပ်လို့မရဘူးလေ။ ဓာတ်သိကြောင်းသိကတော့ ပါကိုပါရမယ်။ ဘာပဲလုပ်လုပ် အလုပ်တစ်ခုခု လုပ်ရင်တော့ ရွာခံလူမပါဘဲနဲ့ မရဘူး။

DW ။ အဲဒီအကြောင်းအရာတွေကို အားလုံးခြုံပြီးပြောရင် ဒီကာလမှာ အစ်မတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုက ဘယ်လိုရှိလဲ။

ဖြေ ။ လုံခြုံမှုဆိုတာက ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုပေးမှရမှာလေ။ ကိုယ့်လုံခြုံရေးကို ကိုယ့်ဘာကိုယ် သတိထားပြီး နေနေရတယ်။ လုံခြုံမှုလုံးဝ မရှိဘူးလို့ ခံစားရတယ်။ အာဏာသိမ်းပြီးမှ ဒီလို ခံစားလာရတာ။ အရင်တုန်းက ဒီခံစားချက်မျိုးမရှိဘူး။ ကြုံလည်း မကြုံဖူးဘူး။ အခုဆို စိတ်ချလက်ချ အိပ်မရဘူး။ နေမရဘူး သွားလာလည်း မရဘူး။ အားလုံးကုန်ပါပဲ။ တောလုပ်တောင်လုပ်တွေနဲ့ သူများခြံတွေထဲ လုပ်ရမယ်ဆိုလည်း အခုချိန်မှာက အဆင်မပြေဘူးလေ။ ကျွန်မတို့ အဓိကလုပ်တာက ရော်ဘာခြစ်တယ်။ သူများဟာကို ငှားခြစ်တာ၊ အခုက ခြံရှင်တွေကလည်း သွားခြစ်သွား၊ ငါ့ကို ပေးချင်ရင်ပေး မပေးချင်ရင်လည်းနေဆိုပြီး ပေးခြစ်ကြတာလည်းရှိတယ်၊။ အခုဆို အသံကြားရတာကတော့ အဲဒီလို ပေးခြစ်တာတောင် လုပ်မရဲဘူး။ လုပ်မရဲဘူးဆိုပြီးတော့ပဲ အသံကြားရတယ်။ ကြောက်နေရတာပေါ့။ ဒီနှစ်လည်း ရော်ဘာခြစ်ဖို့ အဆင်ပြေလား မပြေလားမသိသေးဘူး။ အခု ကွမ်းသီးခြံရှင်တွေလည်း ကွမ်းသီးနုကိုပဲ လက်ညိုးထိုးပြီးရောင်းလိုက်ကြတယ်။ အရင်ကလို ကွမ်းသီးခြောက်လုပ်ပြီး မရောင်းကြတော့ဘူး။ ဝယ်သမားက သူ့ဘာသူတက်ဆွတ်၊ သူ့ဘာသူသယ်၊ ခြံရှင်က အပင်ပေါ်က အသီးကို ဈေးဖြတ်ပြီး လက်ညိုးထိုးရောင်းလိုက်ရုံပဲ။ အရင်ကလို ခြံထဲကိုယ်တိုင်ဝင် ကိုယ်တိုင်ဆွတ် ကိုယ်တိုင် ခွဲလှမ်း မလုပ်တော့ဘူး။

“ဈေးကြီးဘက်က ရွှေဆိုင်တန်းတွေကတော့ နည်းနည်းတော့ အေးဆေးပါတယ်”

ထားဝယ်မြို့ပေါ်က ရွှေဆိုင်တစ်ဆိုင်

DW ။ အခုကာလမှာ ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပေါ်နေတာဆိုတော့ ဆိုင်မှာ အရင်ကထက် လုံခြုံရေးတိုးမြှင့်ချထားတာတွေ လုပ်လာတာမျိုးရှိလား။

ဖြေ ။ ဟုတ်တယ် အရင်ကထက်တော့ သတိထားနေရတာပေါ့နော်။ လုံခြုံရေးတိုးမြှင့်ချထားတာမျိုးတွေတော့ မရှိပါဘူး။ ဈေးကြီးဘက်က ရွှေဆိုင်တန်းတွေကတော့ နည်းနည်းတော့ အေးဆေးပါတယ်။

DW ။ ဒီကာလမှ မျက်နှာစိမ်းတွေကိုရော တွေ့ရတာများလာတာမျိုးရှိလား။

ဖြေ ။ မရှိဘူး။ ဒီဘက်ခြမ်းမှာတော့လေ။ မတွေ့ရဘူး။

“နိုင်ငံတွင်းမှာ နေတာလည်း ဘယ်လိုမှ မလုံခြုံဘူး”

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦး

DW ။ အခုကာလမှာ ခိုးဆိုးလုယက်၊ ဖောက်ထွင်းတာတွေ၊ ဓားပြတိုက်တာတွေအဖြစ်များလာတာရှိတယ်၊ အကိုတို့ရွာဘက်မှာရော ဆိုင်ကယ်ပျောက်တာရှတာ၊ အခိုးခံရတာတွေဖြစ်တာရှိလား။

ဖြေ ။ ပြီးခဲ့တဲ့လကတော့ ဖြစ်တာရှိတယ်။ ခုတစ်ရက်နှစ်ရက်အတွင်းမှာတော့ မရှိဘူး။ ရွာထဲကို ညဘက်ဝင်လာတယ်။ ဝင်လာပြီးတော့ ယူတာတောင်းတာပေါ့နော်။ တောင်းပြီးတော့ ပြောခဲ့တယ်။ အပြင်ကို သတင်းမပေါက်ကြားစေနဲ့ ပေါက်ကြားရင် မလွယ်ဘူးပေါ့နော်။ ဘယ်အဖွဲ့လဲဆိုတော့ ညဘက်ကားနဲ့လာတယ်ဗျာ။ အရပ်ဝတ်အရပ်စားနဲ့ချည်းပဲ။ ဗမာလည်းပါတယ်။ ကျွန်တော်တို့ ရွာထဲက လူခံလည်းပါတယ်။ ပြီးခဲ့တဲ့လတုန်းက ဖြစ်သွားတာ။ လောလောဆယ်မှာတော့ ကျောက်ဆင်မှာ တစ်အိမ်ပါတယ်။ မောင်းမကန်မှာ တစ်အိမ်ပါတယ်။ သဘော့ဆိပ်မှာ တစ်အိမ်ပါတယ်။

သဘော့ဆိပ်မှာဆိုရင် မလေးရှားက ငွေလွှဲရောက်လာတယ်။ သိန်း ၃၀၀ အဲဒီငွေလွှဲရောက်လာပြီး အတိအကျ သတင်းရထားတယ်။ ညဘက် လူကိုလာခေါ်တယ်။ အိမ်တံခါးဖွင့်ခိုင်းတယ်။ မဖွင့်ရင်လည်း ပစ်မယ်ခတ်မယ် ဆိုပြောတော့ အဲဒီမှာ ဖွင့်လိုက်ရတယ်ပေါ့ဗျာ။ ဖွင့်လိုက်ရတဲ့ အချိန်မှာ ယူသွားတာပေါ့၊ မောင်းမကန်မှာလည်း အဲဒီလိုပဲ ပါသွားတယ်။

ကျွန်တော်တို့နယ်တွေဘက်မှာ ဧည့်စာရင်းစစ်တာတွေဘာတွေမရှိဘူး။ ညဘက်သူတို့ကားနဲ့လာမယ် အိမ်ရှင်နာမည် အတိအကျခေါ်ပြီး ပိုက်ဆံတွေတောင်းယူသွားတာ။ ကျောက်ဆင်မှာဆိုလည်း လာတယ်။ လာပြီးတော့ အိမ်မှာမရှိတဲ့ လူနာမည်ကိုလာခေါ်တယ်။ အဲဒီထဲက လူကြီးက သူမှ အိမ်မှာမရှိတာ နင်တို့ ဘယ်လိုလုပ်ပြီး လာခေါ်လဲဆိုတာမျိုး ပြောတဲ့အခါကျတော့ တံခါးနည်းနည်းဖွင့်ခိုင်းတယ်။ တံခါးဖွင့်ခိုင်းပြီးတော့ အိမ်ထဲက လူတွေအကုန်လုံးကို ထိုင်ခိုင်းတယ်။ ခြိမ်းခြောက်ပြီးတော့ ပိုက်ဆံဘယ်နေရာမှာထားလဲဆိုပြီး လိုက်ပြဆိုပြီး ယူသွားတာ။ အနည်းဆုံးတော့ သိန်း ၂၀၀ သိန်း ၃၀၀ လောက်ပါသွားတယ်။ သူတို့ လှေကြီးတွေ လှေထွက်ဖို့ စရိတ်ထားထားတဲ့ ငွေတွေပေါ့။ မောင်းမကန်မှာကတော့ ကုန်စုံဆိုင်လို့ပြောတယ်။ လှေလုပ်တဲ့ အိမ်တော့ မဟုတ်ဘူး။

ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ကမှန်းကို မသိဘူး။ လာတဲ့လူကလည်း ကျွန်တော်တို့ရွာက ရွာခံက ပါပြီးသားပဲ။ ရွာခံက ဒီအိမ်တစ်အိမ်ကို ဘယ်လမ်းကဝင်မယ်။ အကုန်လုံးညှိပြီးတော့ လာတဲ့ပုံစံမျိုး။ ရွာခံကပဲ တံခါးဖွင့်ခိုင်းတာ။ ကျွန်တော်တို့ကို အဲဒီလို တိုက်ယူပြီး ခြိမ်းခြောက်သွားတော့ ဘယ်သူ့မှ မပြောရဲဘူး။ လိုင်းပေါ်တောင် မတင်ရဲဘူး။

DW ။ ရွာထဲမှာ ဘယ်လိုအိမ် အဲဒီလိုဓားပြတိုက်ခံရတာလဲ။

ဖြေ ။ ရွာထဲ ရပ်ကွက်ထဲမှာ ပိုက်ဆံရှိတဲ့ အိမ်တွေ အဲဒီလို အိမ်တွေကိုပဲ ဦးစားပေးတာများတယ်။ အဲဒီညက ဝင်လာတဲ့ အချိန်မှာ ရွာခံ ထားဝယ်သားတစ်ယောက်က အိမ်ရှင်နာမည်ကို ခေါ်ထုတ်တာ။ အသံကိုကြားဖူးတယ်။ သူတို့က မျက်နှာဖုံးတွေနဲ့ Mask တွေတပ်ထားတယ်။ လူပုံတော့ မသိလိုက်ရဘူး၊ အသံကိုတော့ သိနေတယ်။ ထားဝယ်သားတွေဆိုရင်တော့ အသံက ဘယ်လိုပြောပြော မှတ်မိတယ်လေ။

စကားပြောတာတွေလည်း ဗမာလိုပဲ။ အဲဒီမှာ ထားဝယ်အသံဝဲတာဆိုလို့ နှစ်ယောက်ပဲပါတယ်။ အဓိကတော့ ရွာမှာ သစ္စာဖောက်တွေရှိလို့ပေါ့။ ဒီအိမ်မှာ ပိုက်ဆံဘယ်လောက်လောက်ရှိနိုင်တယ်။ ဒီအိမ်က ဘယ်လောက်လောက် ချမ်းသာတယ်။ ဘယ်နေ့က ဝင်ငွေ ဘယ်လောက်လောက် ဝင်လာတယ်ဆိုတာကအစ သူတို့ အတိအကျကို စုံစမ်းပြီးတော့မှ အတိအကျကို ဝင်ပြီးတော့မှ ယူတာ။ ငွေလွဲ သုံးရက်ဝင်လာပြီးတဲ့နေ့ အဲဒီညကိုပဲ သိန်း ၃၀၀ ပါသွားတာ။

ရွာထဲမှာက ငွေသွားထုတ်ရင်းဖြစ်ဖြစ် ဘယ်သွားမလဲမေးရာကနေ ငွေလွှဲလာလို့သွားယူနေတယ်ဆိုတာမျိုး ဖြေရာကနေ တစ်ယောက်စကားတစ်ယောက်နားကြားပြီး အခုလို အတိအကျလာယူတာမျိုးပေါ့။

DW ။ ရွာမှာနေရတဲ့အနေအထားက စိုးရိမ်ကြောင့်ကြနေရတာမျိုးဖြစ်နေလား၊။ ဘယ်လို အခြေအနေမှာရှိနေလဲ။ ဆိုင်ကယ်ခိုး၊ ပစ္စည်းခိုးတာတွေရော ရှိလား။

ဖြေ ။ အဲလိုတော့ မရှိဘူး၊ သံတိုသံစဝယ်သူတွေကလည်း ကိုယ်ရွာနဲ့ကိုယ့်စာပဲ လုပ်ကြတာလောက်ရှိတာ။ အခု ရွာမှာ နေတဲ့သူတွေကလည်း အသက်ကြီးကြီး ခါးကုန်းကုန်း လူကြီးတွေရယ် အသက် ၁၂ အောက် ကလေးတွေရယ်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့လူငယ်လူရွယ်တွေအားလုံးက ထိုင်းရောက်ကုန်ပြီ၊ မလေးရောက်သူရောက်ပေါ့၊ ပြည်ပကိုရောက်ကုန်ကြပြီ။

DW ။ ဒီကာလမှာ စိုးရိမ်ကြောက်လန့်ပြီးနေနေရတဲ့ အနေအထားမျိုးဖြစ်နေလား။ မလုံခြုံတဲ့ သဘောမျိုးဖြစ်နေလား။

ဖြေ ။ ကျွန်တော်ရဲ့ သဘောထားကိုပြောရရင် ဒီခေတ်ကာလကြီးက လုံးဝကို မလုံခြုံဘူး၊ အရင်က တစ်လ ၂ သိန်းရတာ မိသားစုစားလောက်တယ်။ အခုချိန်မှာ ဆန်တစ်အိတ် တစ်သိန်းဖြစ်နေတာ အလုပ်အကိုင်ကလည်းမရှိ။ လမ်းခရီးသွားဖို့ဆိုရင်လည်း ဘယ်သူ့ကိုကြောက်လို့ကြောက်ရမှန်းမသိဘူး။ ပြီးရင်စားဝတ်နေရေးအတွက် အလုပ်ရှာရင်လည်း ဘယ်အလုပ်မှ အဆင်မပြေဘူး။ ပြည်တွင်းမှာ လုပ်စားဖို့ကလည်း အဆင်မပြေဘူး။ နိုင်ငံတွင်းမှာ နေတာလည်း ဘယ်လိုမှ မလုံခြုံဘူး။ ဒါပေမဲ့ ပြည်ပသွားဖို့ကလည်း အဆင်မပြေဆိုတော့လည်း အဆင်မပြေဆိုတော့လည်း ဒီလိုပဲ နိုင်ငံတွင်းမှာ နေရတာပေါ့။ အိမ်မှာနေရင်လည်း မလုံခြုံဘူး။ မလုံခြုံတာက ဘာဖြစ်လို့လဲ နင်က မဟုတ်လို့လားဆို မဟုတ်တာလည်း မလုပ်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲ ပြောပြော ကိုယ့်ဘေးနားမှာ တရုန်းရုန်းဆိုတာနဲ့ ကိုယ်က အိမ်မှာနေနေတာကိုက ကြောက်လန့်နေရတယ်။ မဟုတ်ရင် ကိုယ့်ဘက်ကိုပဲ လှည့်လာမလားဆိုပြီး အဲဒီလိုမျိုးပေါ့။

DW ။ အခုလို ပြည့်ပြည့်စုံစုံလေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။