ခေတ်မကောင်းချိန် ကိုယ်ဝန်ဆောင် ဒုက္ခ

0
82

စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်၏ နောက်ဆက်တွဲရိုက်ခတ်မှုကြောင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍမှာ ရပ်တန့်သလောက်နီးပါး ဖြစ်သွားခဲ့သည်။

အထူးသဖြင့် ကျေးလက်ဒေသများရှိ ဆေးပေးခန်းများ ပိတ်ထားလိုက်ရပြီး ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှုမှာ ရပ်တန့်သွားခဲ့ရသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရှိ ကျေးလက်ဒေသများတွင်လည်း ကျန်းမာရေး ဝန်ထမ်းများ မရှိတော့သလို ဆေးပေးခန်းများလည်း ပိတ်ထားသည်က များသည်။

ကျေးလက်မှ မြို့ပြသို့ ဆေးရုံသွားပြရန်မှာလည်း ကားခစရိတ်မြင့်မားမှုကြောင့် သွားမပြနိုင်သူများလည်းရှိသည်။

ယင်းအပြင် နယ်မြေမအေးချမ်းမှုကြောင့် ကျေးလက်နေသူများမှာ မြို့ပြသို့ တက်ရောက်ဆေးကုသရန်မှာ အခက်အခဲများရှိနေသည်။

အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ ပုံမှန်ကျန်းမာရေး စစ်ဆေးရန် အခက်အခဲများရှိသဖြင့် မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်နိုင်မှု အားနည်းလှသည်။

အခြားတစ်ဖက်တွင်လည်း စီးပွားရေးကျပ်တည်းခြင်း၊ ကုန်စျေးနှုန်းမြင့်မားခြင်း တို့ကြောင့် ပုံမှန်ဝင်ငွေ မရှိသည့်မိသားစုများမှာ ကိုယ်ဝန်ဆောင်အားဆေး ဝယ်မသောက်နိုင်သလို အဟာရပြည့်ဝအောင် စားရန်ပင် အခက်အခဲများရှိနေသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် တနင်္သာရီတိုင်းရှိ ကျေးလက်များမှ ကိုယ်ဝန်ဆောင်အမျိုးသမီး အချို့ကိုတွေ့ဆုံကာ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြအပ်ပါသည်။

“ဆရာဝန်မက ဆိုင်ကယ်နဲ့မလာနဲ့ ကားနဲ့လာပြဆိုလို့ ကားငှားပြီးသွားရမယ်ဆို ကျွန်‌မအသေပဲခံမှရမှာ”

လောင်းလုံမြို့နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး

DW ။ ပထမဆုံးအနေနဲ့ ကိုယ်ဝန်ဘယ်နှလရှိနေပြီလည်း၊ ဆေးခန်းတွေဘာတွေပြနေပြီလား။

ဖြေ ။ ကိုယ်ဝန်ကတော့ အခု ငါးလကျော်ထဲဝင်လာနေပြီ။ ဆေးခန်းပြလားဆိုတော့ တခါတလေသွားပြတာတော့ရှိတယ်။ သူတို့ချိန်းတဲ့အချိန်တိုင်းတော့ သွားမပြဖြစ်ဘူး။

DW ။ ဆေးခန်းက ဘယ်မှာပြတာလဲ။ ဘာဖြစ်လို့ ချိန်းတဲ့အချိန် မသွားတာလဲဆိုတာ ရှင်းပြပေးပါလား။

ဖြေ ။ ဟုတ်ကဲ့။ ဆေးခန်းကတော့ ထားဝယ်က ဒေါက်တာဒေါ် ….. ဆီမှာပြတယ်။ သူက စည်းကမ်းကြီးတယ်။ သူပြောတဲ့အတိုင်း တိတိကျကျလိုက်လုပ်မှကြိုက်တာ။ ဗိုက်ကြီးတကားကား ဆိုင်းကယ်စီးပြီး ဆေးခန်းလာတာ မကြိုက်ဘူး အဲလို‌ပြောတယ်။ ဆူတယ်။ ကိုယ်ဝန်ပျက်ကျတတ်တယ်လို့ပြောတယ်။ ကားနဲ့လာဖို့မှာတယ်။ ကျွန်မတို့မှာ အဲလောက်ပိုက်ဆံမှမရှိတာ။ ဆေးခန်းတောင်မှ မတတ်သာလို့ လာပြနေရတာ။ ဘာဖြစ်လို့လာပြလဲဆိုတော့ ဗိုက်အရမ်းအောင့်တယ်။ မခံနိုင်အောင်ကိုအောင့်တယ်။ အဲတာသူများတွေကပြောတယ်။ ကလေးက သာအိမ်ထဲမှာမဟုတ်ဘဲ (သားအိမ်ပြင်ပ သန္ဓေတည်တာ) ဖြစ်နေတတ်တယ်ဆေးခန်းလေးသွား ဓာတ်မှန် ( ultrasound ကိုဆိုလို) ရိုက်ကြည့်ပေါ့နော်။ ဒီအတိုင်းမနေဖို့ ပြောလို့ ပြဖြစ်တာ။

DW ။ ဆေးခန်းချိန်းတာ ဘာလို့သွားမပြတာလဲ ဆိုတာရှင်းပြပေးပါအုန်း။

ဖြေ ။ ကျွန်မတို့က သူများဆီမှာ နေ့စားလိုက်လုပ်စားရတဲ့သူတွေပါ။ သူများငှားမှ၊ ခိုင်းမှ တစ်သောင်းနှစ်သောင်း ရတာပါ။ ငှားတဲ့သူမရှိရင် ဝင်ငွေလည်းမရှိတော့ပါဘူး။ ဆေးခန်းတစ်ခါသွားပြရင်လေ စာအုပ်လုပ်ခတောင်( ဆရာဝန်စမ်းသတ်ခကိုဆိုလို) ငါးထောင်၊ ခြောက်ထောင်ပေးရတာပါ။ ကျွန်မတို့ အမြဲတမ်းသွားပြဖို့ အဆင်မပြေပါဘူး။ အဲတာနဲ့မပြီးသေးဘူးရှင် ဆေးဝယ်ရသေးတယ် တစ်ခါဝယ်ရင် သုံးသောင်း(ကျပ်) ကနည်းဆုံးပဲ။ ဆရာဝန်မက ဆိုင်ကယ်နဲ့မလာနဲ့ ကားနဲ့လာပြဆိုလို့ ကားငှားပြီးသွားရမယ်ဆို ကျွန်‌မအသေပဲခံမှရမှာ။

( မှတ်ချက် – ကိုယ်ဝန်ဆောင် လိုင်းကားဖြင့်သွားပါက ကရိကထအလွန်များပြီး အချိန်မီလိုင်းကားဆီ မရောက်လာပါက ထားဝယ်တွင်ညအိပ်ရပါလိမ့်မည်။ လိုင်းကားများမှာ ကုန်ပစ္စည်းရရှိမူ၊ လုံခြုံးရေးအခြေအနေတို့အပေါ်မူတည်ပြီး ထွက်ခွာလေ့ရှိသည်)

DW ။ အခု ကိုယ်ဝန် ၅ လထဲ ဆေးခန်းဘယ်နှစ်ကြိမ်ပြပြီးပြီလဲ။

ဖြေ ။ ထားဝယ်မှာတစ်ကြိမ်။ ရွာကဆရာမကိုခေါ်တာက လေးငါးခါလောက်ရှိပြီထင်တယ်။

DW ။ ကလေးကို ဘယ်မှာမွေးဖို့ စီစဉ်ထားလဲ။ ဗိုက်တွေဘာတွေအပ်ထားပြီးပြီးလား။

ဖြေ ။ ဆေးရုံမှာမွေးဖို့စဉ်းစားထားတယ်။ ဖြစ်နိုင်ရင် ဆေးရုံလည်းမသွားချင်ဘူး။ အိမ်မှာပဲမွေးချင်တယ်။ ဒါပေမဲ့ ဆရာမက မရဘူးတဲ့ရွာမှာမွေးလို့။ ‌အဲတော့ဆေးရုံမှာပဲ မွေးမယ်စိတ်ကူးထားတယ်။ အိမ်မှာမွေးတော့ ပိုက်ဆံကုန်သက်သာတာပေါ့။ ကျွန်မက ပိုက်ဆံကုန် အသက်သာဆုံးနည်းနဲ့ပဲ မွေးရမှာပဲ။

DW ။ အခုကိုယ်ဝန်ဆောင် အားဆေးတွေဘာတွေ သောက်နေပြီလား။

ဖြေ ။ သံဓာတ်အားဆေးတစ်ဗူးတော့ကျန်သေးတယ်။ အဲတာသောက်နေတယ်။ ဆေးခန်းပြတုန်းက ဝယ်ထားတဲ့ဆေးတော့ကုန်သွားပြီ။

DW ။ အရင်ကလေးတုန်းက ကိုယ်ဝန်ဆောင်ရတာနဲ့ အခု ကိုယ်ဝန်ဆောင်ရတာ ဘာတွေကွာခြားသွားတာသတိထားမိလဲ။

ဖြေ။ အကြီးကောင်တုန်းကတော့ ဆေးဝါးပစ္စည်း စုံစုံလင်နဲမွေးရ‌တာပေါ့။ အဲတုန်းက (ကျန်းမာရေး)ဆရာမတွေက တစ်လတစ်ခါ လာပြီး စစ်ဆေးပေးနေတာကိုး။ ဆေးဆိုလည်း ဝယ်မသောက်ရဘူး။ သူတို့ပဲပေးတယ်။ ဆေးခန်းသွားလဲ ပိုက်ဆံမှသိပ်မကုန်တာ။ စိတ်အေးလက်အေးနဲ့နေလို့ရနေတယ်။ အခု(အာဏာသိမ်းပြီးနောက်) တော့ ဆရာမတွေလဲ ဟိုးပြေးရ၊ ဒီပြေးရနဲ့။ တော်ကြာ သေနတ်သံကြားရ။ ဗုံးသံကြားရနဲ့ ဗိုက်ကြီးတကားကားနဲ့ ပြေးရလွှားရမှာ အဲလိုမျိုးဖြစ်လာမှာပဲ စိုးရိမ်နေနေရတာ။

DW ။ တခြားရော ဘာတွေအခက်အခဲရှိသေးလဲ။

ဖြေ ။ စီးပွားရေးပဲပေါ့။ စီးပွားရေးခက်ခဲတာပေါ့ ခုကာလက။ ကလေးမွေးဖို့ စာရိတ်စကတွေက လိုလာပြီလေ။ တချို့ အိမ်ထောင်သည်တွေ အခုမှနေကာစတွေဆိုရင် ကလေးတောင် မယူရဲကြဘူးလေ။ စီးပွားရေးမှအဆင်မပြေတာကို။ နိုင်ငံရေးမှမကောင်းတာကို။ နိုင်ငံရေးကောင်းနေမှ ကျွန်မတို့လည်း လုပ်စားကိုင်စားကောင်းတော့ ဘယ်လိုပြောရမလဲ အသက်ရူချောင်တာပေါ့နော် နည်းနည်း။ ကျွန်မတို့လည်းပြောတယ်လေ အေးပေါ့ ကလေးမယူနဲ့ မမွေးနဲ့ အခုခေတ်မှာလို့။ ကိုယ်ကြုံနေတာ လက်တွေ့လေ။ သူတို့ကိုပြောပြဖြစ်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ညရေးညတာ ဗိုက်နာလာလို့ အရေးပေါ်ခွဲမွေးရမယ်ဆို သွားရပြုရမလွယ်မှာကို စိတ်ပူနေတယ်”

သရက်ချောင်းမှ ကိုယ်ဝန်ဆောင် အမျိုးသမီး

DW ။ ညီမအခု ကိုယ်ဝန်ဘယ်နှစ်လရပြီလဲ၊ အခုကာလမှာ ဆေးရုံ၊ ဆေးခန်းပြရတာရော အခက်အခဲရှိလား

ဖြေ ။ ကိုယ်ဝန်လေးလကျော်ကျော်ပါ၊ ဗိုက်တော့ အပ်ပြီးပြီ၊ သရက်ချောင်းမှာ ဆရာမတွေတော့ စိတ်ကောင်းပါတယ်။ သရက်ချောင်းမှာတော့ နည်းနည်းအေးဆေးတယ်ဆိုတော့ ဆေးရုံဆေးခန်းတွေ ပြလို့ပြုလို့ ရပါတယ်။ ရွာက ဆရာမလည်း ခေါ်ရပြုရ လွယ်ပါတယ်။ ထားဝယ်မှာ သွားမပြဘူး၊ ကားတွေက အဆင်မပြေဘူးဆိုတော့ သရက်ချောင်းမှာပဲ ပြလိုက်တယ်၊ ထားဝယ်တက်ပြချင်ပေမယ့် ကားလမ်းခရီးကလည်း အဆင်မပြေဘူးဆိုတော့၊ တခြားလူတွေအတွက်တော့ မသိဘူးပေါ့၊ ကျွန်မယောကျ်ားက ရဲ CDM ဆိုတော့ နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့နော်။

DW ။ ကိုယ်ဝန်ဆောင်အားဆေးတွေဘာတွေရော ရလား၊ အဆင်ပြေလား

ဖြေ ။ သံဓာတ်အားဆေးတော့ ဆေးရုံကပေးတယ်၊ အိုဘီမင်တော့ ဝယ်မသောက်နိုင်ဘူး၊ ပိုက်ဆံကုန်များနေမှာစိုးလို့၊ သူက တစ်ကတ်ကို ၇၀၀၀၊ ၈၀၀၀ လောက်ပေးရတယ်၊ အဲတော့ မဝယ်သောက်တော့ဘူး ဆေးရုံကပေးတဲ့ သံဓာတ်အားဆေးပဲ သောက်တော့တယ်။ ပိုက်ဆံရှိတဲ့လူတွေကတော့ ပုဂ္ဂလိက ဆေးရုံတွေမှာ အပ်ရတာပေါ့လေ၊ ပိုက်ဆံမရှိဘူးဆိုတော့ သရက်ချောင်းဆေးရုံမှာပဲ အပ်ပြီးတော့ နေနေတယ်ပေါ့လေ။

DW ။ စားရေးသောက်ရေးမှာရော ဘယ်လို အခက်အခဲတွေရှိလဲ။

ဖြေ ။ ချွေတာပြီးတော့ စားနေရတာပေါ့၊ ကိုယ်စားချင်တာဆိုလည်း ဈေးနည်းတာပဲ ဝယ်စားလိုက်တယ်၊ ဈေးကြီးတဲ့ဟာဆိုလည်း (မစားဘဲ)အောင့်ပြီးပဲထားလိုက်တယ်၊ ဈေးနည်းနည်းနဲ့ ပဲနို့ထုတ်တွေတော့ ဝယ်သောက်နေတာပဲ၊ ဖီးကြမ်းငှက်ပျောသီးတွေမျိုး ဝယ်စားတယ် တခါတလေပေါ့နော်၊ အမြဲတမ်းတော့ မဟုတ်ဘူး။ ပိုက်ဆံရှိတဲ့အချိန်လည်း ဝယ်သောက်လိုက်တာပေါ့နော်။ တစ်ချို့တွေဆို ကိုယ်ဝန်ဆောင်တွေသောက်တဲ့ ဆီးမလင့်ဆိုတဲ့ နို့ဘူးတွေဝယ်သောက်ကြတယ်၊ ညီမတော့ ဆီးမလင့်ကလည်း ဝယ်မသောက်နိုင်ဘူး၊ ဘူးကြီးတစ်ဘူးကို ကျပ်ခုနှစ်သောင်း ရှစ်သောင်းပေးရတယ်။

သူများတွေလိုမျိုး အားဆေးကောင်းကောင်းတွေ ဝယ်သောက်ချင်တယ်ပေါ့နော်၊ ကိုယ့်ကလေးလေးအတွက်၊ ပြီးရင်လည်း အရေးပေါ်ခွဲဖို့ ကြုံလာချိန်ဆိုလည်း ဘယ်လိုမျိုးလုပ်ရမလဲဆိုပြီးတော့ ပူနေတာပေါ့နော်၊ ကိုယ်ကတော့ ရိုးရိုးမွေးဖို့ပဲ ဆုံးဖြတ်ထားတယ်။

DW ။ အမျိုးသားကရော ဘာအလုပ်လုပ်လဲ

ဖြေ ။ သူက ရှောင်လိုက်သွားလိုက်နေနေရတာဆိုတော့ မိဘတွေကပဲ ကျွန်မတို့ကို ကြည့်ပေးထားရတယ်၊ ကျွေးထားရတယ်ပေါ့၊ မွေးဖွားဖို့ စရိတ်စကတွေဆိုလည်း မိဘပဲပေါ့နော်။

DW ။ ညီမအနေနဲ့ အခုကိုယ်ဝန်ဆောင်နေရတဲ့ ကာလမှာ ဘာကိုအဓိက စိုးရိမ်တာရှိလဲ။

ဖြေ ။ ရိုးရိုးမမွေးနိုင်လို့ ခွဲမွေးဖို့ အရေးပေါ်လိုအပ်လာရင် ခွဲမွေးချင်တာပေါ့နော်။ ခွဲပြီးမွေးဖို့ဖွားဖို့ အဆင်ပြေချင်တာပေါ့လေ၊ ကျွန်မတော့ ရိုးရိုးပဲ မွေးချင်တယ်။ ရိုးရိုးမွေးဖို့ ဆုံးဖြတ်ထားတာကလည်း ရိုးရိုးမွေးရင် မွေးဖွားစရိတ် အကုန်အကျသက်သာတယ်၊ အရေးပေါ်ခွဲမွေးရင် ကုန်ကျစရိတ်လည်း များမယ်။

ခွဲမွေးချင်တာက အခုချိန်မှာ ညဘက် ဗိုက်နာလာရင် ညဘက်ထွက်မရဘူး။ ခွဲမွေးရင်တော့ နေ့ဘက်ခွဲမွေးရတယ်လေ၊ ခုက ညဘက်ထွက်မရဘူးဆိုတော့ နာတဲ့အချိန် မွေးမရဘူးပေါ့နော်။

DW ။ အရေးပေါ်ကားက ခေါ်မရတာလား

ဖြေ ။ အရေးပေါ်ကားက ခေါ်ရင်တော့ရတယ်၊ သရက်ချောင်းရဲစခန်းရှေ့ ကားလမ်းမှာ ဂိတ်တစ်ခုရှိတယ်။ ညမထွက်ရအမိန့်တွေထုတ်ထားတာရယ် အရေးပေါ်ကားတွေ ညဘက်မထွက်ကြတာရယ်ကြောင့် ညရေးညတာ ဗိုက်နာလာလို့ အရေးပေါ်ခွဲမွေးရမယ်ဆို သွားရပြုရမလွယ်မှာကို စိတ်ပူနေတယ်။

DW ။ ကျေးဇူးတင်ပါတယ်။