မြိတ်-ကျွန်းစု အမြန်ရေယာဉ် စီးသူခေါက်ချိုးလျော့ကျပြီး ကုန်တင်လှေစီးသူများလာ

0
1189

ငွေကြေးကျပ်တည်းလာသဖြင့် ကျွန်းစု-မြိတ် ပြေးဆွဲနေသည့် အမြန်ရေယာဉ်စီးသူ ခရီးသည် ခေါက်ချိုးလျော့နည်းလာပြီး ကုန်တင်စက်လှေစီးနင်းသူပိုများလာကြောင်း အမြန်ရေယာဉ်ပိုင်ရှင်အချို့နှင့် ခရီးသည်များကို မေးမြန်းချက်အရ သိရသည်။

ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ နေ့စဉ်အလှည့်ကျ ပြေးဆွဲနေသည့် အမြန်ရေယာဉ် ၃ စီးနှင့် ကုန်တင်စက်လှေ နှစ်စီးရှိရာ လက်ရှိတွင် ဒေသခံများမှာ ကုန်လှေများကို ပိုမိုအသုံးပြုလာကြကြောင်း ကျွန်းစုမြို့ ဒေသခံများက ပြောသည်။

ကျွန်းစုမှ မြိတ်သို့ ခရီးသည်တစ်ဦး အမြန်ရေယာဉ်စီးနင်းလျှင် ကျပ်ငွေ လေးထောင် ပေးရပြီး ကုန်တင်လှေစီးလျှင် ကျပ်နှစ်ထောင်သာ ပေးရသည့်အတွက် လက်ရှိအချိန်တွင် ကုန်တင်လှေဖြင့် စီးနင်းလိုက်ပါသူ များလာခြင်း ဖြစ်ကြောင်း ကျွန်းစုမြို့ဒေသခံများက ပြောဆိုသည်။

“ငွေကြေးကျပ်တည်းတော့ အမြန်ယာဉ်မစီးနိုင်တော့ဘူး။ နှစ်ထောင်ပေးပြီး ကုန်လှေစီးလိုက်တယ်။ ပိုတဲ့နှစ်ထောင် ဘိတ်ရောက်ရင် ထမင်းဇံပုံ (အသားငါးတစ်မျိုးပါသည့် ပုဂံပုံထမင်း) ဆွဲလိုက်တယ်” ဟု ကျွန်းစုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အမြန်ရေယာဉ်ဖြင့် မြိတ်သို့သွားလျှင် သက်တောင့်သက်သာရှိကာ ၁ နာရီကြာသာ သွားရပြီး ကုန်တင်လှေမှာ သက်တောင့်သက်သာမရှိပဲ ၁ နာရီခွဲခန့် သွားရကြောင်း ဒေသခံများက ပြောသည်။

ကျွန်းစုမှ မြိတ်သို့ အမြန်ရေယာဉ် တစ်ကြိမ်ပြေးဆွဲလျှင် ခရီးသည် ဦးရေပုံမှန် ၁၀၀ အထိလိုက်ပါလေ့ရှိရာမှာ လက်ရှိကာလတွင် ၅၀ ဝန်းကျင်သာ လိုက်ပါကြတော့ကြောင်း အမြန်ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ရောင်းရေးဝယ်ရေး၊ စီးပွားရေးအဆင်မပြေကြတော့သည့်အတွက် ခရီးသည်စီးနင်းသူ နည်းလာချိန် စက်သုံးဆီဈေး တစ်စတစ်စ မြင့်မားလာခြင်းကြောင့် လုပ်ငန်းတွက်ခြေ မကိုက်တော့ကြောင်း ကျွန်းစုနှင့်မြိတ်သို့ ပြေးဆွဲနေသည့်
ရွှေပင်ဂွင်း အမြန်ရေယာဉ်ပိုင်ရှင်က ပြောဆိုသည်။

“အားလုံးက စီးပွားရေးအဆင်မပြေကြတော့ ဈေးနှုန်းတွေ ထပ်တင်လည်း လိုက်မယ့်ခရီးသည် မရှိရင်တော့ ဘာမှ မထူးဘူး။ ရပ်နားလိုက်တာပဲ ကောင်းမယ်။ တစ်ပတ်နှစ်ပတ် အခြေအနေကြည့်ပြီး ရပ်နားဖို့ စဉ်းစားနေတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်တပ် အာဏာမသိမ်းခင်၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ဒီဇယ်တစ်ပေပါ တစ်သိန်းသုံးသောင်း ဝန်းကျင်ရှိရာမှ လက်ရှိအချိန်တွင် ဒီဇယ်တစ်ပေပါ ခြောက်သိန်းငါးထောင်ကျပ် ဈေးရှိနေကြောင်း လောင်စာဆီ ရောင်းဝယ်သူများ ထံမှ သိရသည်။