ရေဖြူ ကလုံးထာရွာဘက် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများထွက်ပြေးနေရ

0
533

ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု ကလုံးထာကျေးရွာဘက်သို့ ယနေ့ (ဩဂုတ် ၁၄) နံနက်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ နံနက် ၈ နာရီခန့်တွင် ကလုံးထာရွာဘက်ကို မြေသယ်ကားနှစ်စီးဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာသဖြင့် ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ကလုံးထာရွာမှ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ကြောင်း ၎င်းက ဆိုသည်။

“မနက်တည်းက သတင်းရထားလို့ ကျွန်တော်တို့ ရွာသားတွေအားလုံးကို ရှောင်ခိုင်းလိုက်တယ်။ ရွာထဲထိတော့ လက်နက်ကြီး မရောက်ဘူး” ဟု ၎င်းက ပြောဆိုသည်။

ရွာသားအများစုမှာ တောတောင်ဥယျာဉ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အသက်ကြီးပိုင်းအချို့မှာ ကလုံးထာရွာဘုန်းကြီးကျောင်းတွင် ခိုလုံနေကြရသည်ဟု အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒေသခံတွေက (ထွက်ပြေးတိမ်းရှောင်တဲ့) နေရာတော့ နည်းနည်းပြန့်ကြဲနေတယ်။ ကားနဲ့ဝင်လာတယ်ဆိုပြီး သတင်း ရတည်းက အားလုံးပြေးကြတာ။ ရွာထဲမှာ ဘယ်သူမှ မနေရဲဘူး” ဟု အထက်ပါအမျိုးသားက ဆိုသည်။

စစ်ကောင်စီတပ်သည် ညနေပိုင်းအထိ ကလုံးထာရွာထဲအထိ ဝင်လာခြင်းမျိုး မရှိသေးဘဲ ရွာကိုဝင်သည့် လမ်းတွင် စခန်းချထားသည့် ပုံစံမျိုးရှိနေပြီး ကလုံးထာရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်မှာ အကြိမ်ရေ ဆယ်နှင့်ချီရှိကြောင်း ဒေသခံအချို့က ပြောသည်။

ကလုံးထာရွာ အနီးဝန်းကျင်ဒေသသို့ စစ်ကောင်စီတပ်က ယခင်ကလည်း စစ်ကြောင်းထိုးဝင်ရောက် ရှာဖွေဖူးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇွန်၊ ဇူလိုင်လထဲတွင် ရေဖြူမြိုနယ်နှင့် လောင်းလုံးမြို့နယ်တို့ကို စစ်ကောင်စီတပ်က စစ်ဆင်ရေး ခပ်စိပ်စိပ်ပြုလုပ်လာ သည်ကိုတွေ့ရပြီး ဒေသခံပြည်သူများ အသတ်ခံရသည့်ဖြစ်စဉ်များ၊ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလျှင် ဒေသခံများမှာ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကလုံးထာကျေးရွာတွင် အိမ်ခြေ သုံးရာနှင့် လေးရာကြားတွင်ရှိပြီး ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားသည့် ထီးခီးလမ်းအနီးတွင် တည်ရှိသည်။

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်နေရသည့် ဒေသခံ တစ်သောင်းခန့်ရှိပြီး အချို့မှာ စစ်ကောင်စီတပ် စစ်ကြောင်း ပြန်ထွက်သွားချိန်၊ တိုက်ပွဲများ မရှိတော့ချိန်တို့တွင် နေရပ်ပြန်နေသူများလည်း ရှိသည်။