ပုလောကျေးရွာအချို့ကို ညအချိန် လက်နက်ကြီးဖြင့်ပစ်ခတ်နေ

0
319

မြိတ်ခရိုင်၊ပုလောမြို့နယ်ရှိ ကျေးရွာအချို့ကို ပုလောစစ်ကောင်စီတပ်က ညအချိန်လက်နက်ကြီးများနှင့် ပစ်ခတ်နေကြောင်း ဒေသခံများ ထံမှသိရသည်။

ပုလောအရှေ့ခြမ်းရှိ နန်းတောင်၊ကျောင်းနိမ့်နှင့် မှော်မိကျေးရွာများသို့ သြဂုတ်လ ၁၃ ရက်နှင့် ၁၄ ညများတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“ညကဆို လက်နက်ငယ်အသံတွေပါကြားရတယ် လက်နက်ကြီးကလည်း ဆယ်ချက်လောက်ကြားတယ်”ဒေသခံအမျိုးသား ကပြောသည်။

ပစ်ခတ်ခံရသည့် ကျေးရွာများသည် ဇွန်လအတွင်းကဖြစ်ခဲ့သည့် နှစ်ဖက်တိုက်ပွဲများကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရသည့် ကျေးရွာများဖြစ်ပြီး ထွက်ပြေးသူတစ်ချို့ ပြန်လာနေရန် တာစူနေချိန်ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ပြန်လာနေလို့ မရဲအောင်ကို လုပ်နေတဲ့သဘောပဲ”ဟု ဂျင့်ဂါရွာ ဒေသခံ အမျိုးသား ကပြောသည်။

ပစ်ခတ်ခံရသည့် နှစ်ညအတွင်း ကျောင်းနိမ့်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း နေအိမ်တစ်လုံးနှင့် ဂျင့်ဂါရွာနှင့်မှော်မိရွာကြားရှိ နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း ဒေသခံများ ကပြောသည်။

ပုလောအရှေ့ခြမ်းကျေးရွာများ ဖြစ်သည့် နန်းတောင်၊ကျောင်းနိမ့်၊ ဂျင့်ဂါ၊မှော်မိ၊ ဒူးရင်းပင်ရှောင်နှင့် ပဝတ်ကုန်းစသည့်ကျေးရွာများမှ ပြည်သူများ နှစ်ဖက်တိုက်ပွဲများကြောင့် ထွက်ပြေးနေရဆဲဖြစ်သည်။