ရနောင်းတွင် ပိတ်မိနေသည့် မြန်မာလုပ်သားတစ်ရာကျော် အလုပ်လုပ်ခွင့်ရတော့မည်

0
321
ရနောင်းပိတ်မိ မြန်မာနိုင်ငံသားများ အလုပ်ရရှိသည်အထိ ထိုင်းနိုင်ငံက ကူညီမည်/ ဓာတ်ပုံ အလုပ်သမားသံအရာရှိရုံး

ပွဲစားလိမ်ခေါ်လာသည့်ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့ လနှင့်ချီကြာ ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၆၆ဦး ထိုင်းအလုပ်အကိုင်ဌာနတွင် စာရင်းသွင်းထားပြီဖြစ်ပြီး အလုပ်ရှင်ကလည်း အလုပ်ခန့်ထားရန် ဆောင်ရွက်နေပြီဖြစ် ကြောင်း အဆိုပါအလုပ်သမားများနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရုံးထံမှ သိရသည်။

ဧရာဝတီ၊ ပဲခူး၊ မကွေး အစရှိသည့် ဒေသအသီးသီးမှလာသည့် မြန်မာနိုင်ငံသားများသည့် ရနောင်းမြို့ရှိ ရှိ အဆောက်အအုံတစ်ခုတွင် နေထိုင်နေကြရခြင်းဖြစ်သည်။

အလုပ်ရသည်အထိ ဆောင်ရွက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁၇ သိန်းစီတောင်းခံပြီး မြန်မာပွဲစားတစ်ဦး ၎င်းတို့ကို ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။

အဆိုပါမြန်မာအလုပ်သမားများသည် ကော့သောင်းမြို့မှတဆင့် ရနောင်းမြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် ဖြတ်သန်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း လုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်သည်။

ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) မှာ ထိုင်းနိုင်ငံသို့ ရက်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့်ပြု ထားသည့် လက်မှတ်တစ်မျိုးဖြစ်သည်။

မြန်မာအလုပ်သမားများသည် သွားလိုသည့်နေရာသို့ မရောက်ခင် ပွဲစားက နောက်ထပ်ငွေ တစ်ဦးလျှင် ဘတ် ၆၀၀၀ စီ ထပ်မံတောင်းခံနေသဖြင့် ခရီးမဆက်နိုင်ဘဲ ရနောင်းမြို့တွင် ပိတ်မိနေခြင်းဖြစ်ကြောင်း အလုပ်သမားများကို မေးမြန်းချက်အရသိရသည်။

နောက်ပိုင်းတွင် ၎င်းတို့အခက်အခဲအား ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားကူညီပေးနေသည့်အဖွဲ့နှင့် ချိတ်ဆက် မိခဲ့ပြီး အကူအညီရရှိခဲ့ကြောင်း ပိတ်မိနေသည့် ပဲခူးတိုင်း ဒိုက်ဦးမြို့သားတစ်ဦးက ဆိုသည်။

“မြန်မာသံရုံးကလူတွေလည်း လာတယ်။ ထိုင်းက အရာရှိတွေလည်း လာပြောတယ်။ အလုပ်ရတဲ့အထိ သူတို့ ကူညီပေးမယ်ဆိုပြီး လာပြောသွားတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပိတ်မိမြန်မာနိုင်ငံသား အမျိုးသား ၁၀၀ ဦး၊ အမျိုးသမီး ၆၆ ဦး စုစုပေါင်း ၁၆၆ ဦးရှိကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

ပိတ်မိသူများအထဲမှာ အချို့မှာ ထိုင်းနိုင်ငံတွင်ဆက်မနေတော့ဘဲ မြန်မာနိုင်ငံသို့ပြန်မည်ဖြစ်ပြီး ကျန်သူများကိုမူ ထိုင်းနိုင်ငံ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အလုပ်အကိုင်ဌာနတွင် စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။

၎င်းတို့ကို အလုပ်ရှင်ကလည်း အမြန်ဆုံး အလုပ်ခန့်ထားနိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။