တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
324

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ

သေဒဏ်စီရင်မှုများ ဆက်လုပ်မည်ဟု စစ်ကောင်စီပြောခွင့်ရသူဆို

စစ်ကောင်စီကို တော်လှန်ဆန့်ကျင်သည့် နိုင်ငံရေးသမား ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်ချမှတ်မှုကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရသော စစ်ကောင်စီက သေဒဏ်စရင်မှုများ ဆက်လုပ်သွားမည်ဟု ဘီဘီစီ သတင်းဌာနကို ဖြေကြားလိုက်သည်။

နှစ် ၃၀ ကျော်အကြာခန့် သေဒဏ်စီရင်မှုမရှိခဲ့သည့် မြန်မာနိုင်ငံတွင် သေဒဏ်စီရင်မှုများကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

သေဒဏ်ချမှတ်ခံရသူတိုင်းကို စီရင်မှာမဟုတ်သော်လည်း ဥပဒေပြဌာန်းချက်များအတိုင်း သေဒဏ်ချမှတ် ခံရပါက အယူခံဝင်ခြင်း၊ အသနားခံစာတင်းခြင်းတို့ ဆောင်ရွက်နိုင်ကြောင်း၊ ကျူးလွန်သည့် အပြစ်ပေါ်တွင်သာမူတည်ပါကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောဆိုခြင်းဖြစ်သည်။

စစ်ကောင်စီက ဖမ်ဆီးပြီး သေဒဏ်စီရင်ထားသူ ၇၄ ဦးရှိသည်။

ပြင်ပဒေါ်လာပေါက်ဈေး ၂၈၀ဝအထိရှိလာ

မြန်မာနိုင်ငံ ဗဟိုဘဏ်၏ နိုင်ငံခြားငွေကြေးဆိုင်ရာ မူဝါဒအသစ်များကြောင့် ပြင်ပဒေါ်လာဈေးကွက်တွင် ဒေါ်လာဈေး ဆက်တိုက်မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာလျှင် ၂၈၀၀ ကျပ်အထိ ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယင်းသို့ ပြင်ပပေါက်ဈေး မြင့်တက်နေသော်လည်း ဈေးကွက်အတွင်း ဒေါ်လာဝယ်ယူရ ခက်ခဲနေပြီး ရောင်းသူမရှိသဖြင့် အလွယ်တကူ မဝယ်နိုင်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်ကမူ တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့်သာ ရောင်းချရန် ဈေးနှုန်းသတ်မှတ်ထားသည်။

စစ်ကောင်စီလက်အောက် ဗဟိုဘဏ်က ပြည်တွင်းငွေစာရင်းများထဲမှ နိုင်ငံခြားငွေကြေးများကို မြန်မာကျပ်ငွေနှင့် ပြောင်းလဲရမည်ဟု ညွှန်ကြားချက် ထုတ်ပြန်ကာ ဖိအားပေး လုပ်ဆောင်ခဲ့မှုနောက်ပိုင်းတွင် ပြင်ပဒေါ်လာပေါက်ဈေး ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။

ဗိုလ်တထောင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခံရ

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုသန်းဝင်း ခေါ် ကိုဘော်ဘီမှာ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခတ် ခံခဲ့ရသည်။

စစ်ကောင်စီကို ခုခံနေသည့် ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ Inya Urban Force – IUFက ကိုဘော်ဘီကို သေနတ်ဖြင့် ၃ချက်ပစ်ခဲ့ကြောင်း၊ ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ၄၂ လမ်းထိပ် ဂမုန်းပွင့်ကုန်တိုက်နှင့် ဘိုကလေးဈေးရှေ့ လူစည်ကားရာနေရာတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းမှာ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူလည်းဖြစ်သည်။

ယမန်နှစ်က ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြအဖွဲ့ကို စစ်ကောင်စီဝင်ဖမ်းစဉ် တိုက်ပေါ်မှခုန်ချကာ အသက်ပေးခဲ့ရသည့် ဖြစ်စဉ်တွင် ကိုဘော်ဘီ၏ သတင်းပေးမှုကြောင့် ဖြစ်ရသည်ဟု IUF ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ကိုဘော်ဘီမှာ လက်မောင်း၊ ပေါင်နှင့် ရင်ဘတ်တို့တွင် ကျည်ဆန် ထိမှန်ဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူနေရပြီး သေဆုံးမှုမရှိသေးဟုလည်း သတင်းများထွက်ပေါ်နေသည်။

မုံရွာသပိတ်ခေါင်းဆောင် မိခင်နှင့်တွေ့ဆုံနိုင်ခဲ့

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၏အမှုကို ကြားနားသည့် ဇူလိုင် ၂၇ တရားခွင်တွင် မိခင်ဖြစ်သူ သွားရောက်သက်သေထွက်ဆိုခွင့် ရခဲ့သဖြင့် အဖမ်းခံရပြီး တစ်နှစ်ကျော်အကြာတွင် သားအမိနှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့သည်။

မုံရွာထောင်တွင်း အထူးတရားရုံးတွင် ကိုဝေမိုးနိုင်၏ အမှုကိုကြားနာခဲ့ခြင်းဖြစ်ပြီး ယင်းတရားခွင်တွင် မိခင်နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ဧပြီ ၁၅ ရက်နေ့က ဆိုင်ကယ်စီး ဆန္ဒပြနေသည့် ကိုဝေမိုးနိုင်ကို စစ်ကောင်စီတပ်သားများက ကားဖြင့်တိုက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပုဒ်မအများအပြားဖြင့် အမှုဖွင့်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးဖြိုးဇေယျာသော်၏ မိဘများအိမ်ကို လူတစ်စုလာရောက်တိုက်ခိုက်

စစ်ကောင်စီက သေဒဏ်စီရင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၏ မိဘများနေအိမ်ကို ဇူလိုင် ၂၇ ရက်နေ့လယ်ပိုင်းတွင် လူတစ်စုက လာရောက်တိုက်ခိုက်ခဲ့သည်။

ရန်ကုန်မြို့လယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ဦးဖြိုးဇေယျာသော်၏ မိဘများနေထိုင်ရာ တိုက်ခန်း‌ရှေ့ကို လူတစ်စုရောက်ရှိလာကာ အော်ဟစ်ဆဲဆိုပြီး လောက်လေးခွနှင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် အောင်သူရဇော်တို့ လေးဦးကို သေဒဏ်စီရင်ခဲ့ခြင်းမှာ ရာဇဝတ်ကျူးလွန်သောကြောင့်ဖြစ်ပြီး သတ်ဖြတ်ခံရသူများ အတွက် တရားမျှတမှုရှာဖွေခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုပြီးနောက် ယင်းလူအုပ်စုက တိုက်ခိုက်မှု ပြုခဲ့ခြင်းဖြစ်သည်။

ပျက်စီးဆုံးရှုံးရသည့် ရှေးဟောင်းအမွေအနှစ်စာရင်းပေးပို့ရန် Save the Heritage အဖွဲ့ မေတ္တာရပ်ခံ

 လက်နက်ကိုင်ပဋိပက္ခများကြောင့် ပျက်စီးဆုံးရှူံးရသည့် ရှေးဟောင်းအမွေအနှစ်များကို မှတ်တမ်းထားရှိပြီး သုတေသနပြုဆောင်ရွက်နိုင်ရန်အတွက် ရှေးဟောင်းအမွေအနှစ် ဆုံးရှုံးပျက်စီးမှုဆိုင်ရာ သတင်းများကို ပေးပို့ကြရန် Save the Heritage အဖွဲ့က မေတ္တာရပ်ခံချက်ထုတ်ပြန်လိုက်သည်။

Save the Heritage အဖွဲ့မှာ လက်နက်ကိုင် ပဋိပက္ခများကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျက်စီး မပျောက်ဆုံးစေရေး ဆောင်ရွက်နေသည့် ဗြိတိန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်သော အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

စုဆောင်းရရှိသည့် ပျက်စီးဆုံးရှုံးမှုစာရင်းကိုလည်း ပြည်သူများထံ ပြန်လည်အစီရင်ခံသွားမည်ဟု ယင်းအဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှေးဟောင်းအမွေအနှစ် ဆုံးရှုံးပျက်စီးမှုဆိုင်ရာသတင်းများကို ပေးပို့ရာတွင်

၁) ဖျက်ဆီးခံရသည့် နေရာ/ အဆောက်အဦး၊

၂) ရွာ / မြို့နယ်- (GPS point ဖြစ်နိုင်လျှင်)၊

၃) နေ့ရက်

 ၄) ကျူးလွန်သည့် အဖွဲ့အစည်း

၅) ဖျက်ဆီးခံရမှု ဖြစ်စဉ်အကျဉ်း၊

၆) ဓာတ်ပုံများကို Save the Heritage page ၏ chat box ကိုဖြစ်စေ၊ Signal နံပါတ် +44 7729 742542 ကိုဖြစ်စေ၊ Telegram နံပါတ် +44 7729 742542 ကိုဖြစ်စေ ပေးပို့ကြရန် ဖော်ပြထားသည်။

ဒဂုံတက္ကသိုလ်ကျောင်းသူ၏ သေဒဏ်အမိန့် ထောင်ဒဏ်တစ်သက်ကိုလျှော့ချ

စစ်ခုံရုံးက သေဒဏ်ချမှတ်ထားသော ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာန ဒုတိယနှစ်ကျောင်းသူ မဆောင်းလေပြေ (ခေါ်) ဇူးဇူးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ လျှော့ချလိုက်ကြောင်း ၎င်း၏ဆွေမျိုးများထံမှသိရသည်။

ယင်းသေဒဏ်အမိန့်ကို ပြီးခဲ့သည့် ဇွန်လအတွင်းက အယူခံဝင်ခဲ့ပြီးနောက် သေဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ လျှော့ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၂၁ နိုဝင်ဘာလက အထက်တန်းပြ ကျောင်းဆရာမ ဒေါ်လှလှသန်း သေဆုံးမှုနှင့် ပတ်သက်၍ မဆောင်းလေပြေ အပါအဝင် လူငယ်သုံးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၀၂ (၁) (ခ) ဖြင့် ဖမ်းဆီးတရားစွဲဆိုပြီး မတ်လ ၁၇ ရက်နေ့တွင် စစ်တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားသူ ၇၆ ဦးရှိပြီး အမျိုးသမီးကိုးဦးပါဝင်ကြောင်း သိရသည်။ 

သေဒဏ်ပေးမှုအပေါ် စစ်ကောင်စီကို လုံခြုံရေးကောင်စီ ပြစ်တင်ရှုတ်ချ

 ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို သေဒဏ်ပေးကွပ်မျက်လိုက်မှုအပေါ် တရုတ်၊ ရုရှားအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ပြစ်တင်ရှုတ်ချ လိုက်သည်။

ယင်းအပြင် အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ရန်၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လိုက်နာရန်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ကောင်စီကို တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် အာဆီယံ ကိုယ်စားလှယ်တို့ ပူးပေါင်းဆောင်ရွက်ရေးအခန်းကဏ္ဍမှာ အရေးကြီးကြောင်းလည်း လုံခြုံရေးကောင်စီကဆိုသည်။

အလွတ်တန်းသတင်းထောက် ကိုမောင်မောင်မျိုးကို စစ်ကောင်စီထောင် ၆ နှစ်ချ

စစ်ကောင်စီက ဖမ်းဆီးထားသည့် မဲခေါင်သတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုမောင်မောင်မျိုးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်သည်။

ကိုမောင်မောင်မျိုးသည် ၂၀၂၂ မေလ ၁၀ ရက်ညပိုင်းတွင် မြဝတီမှ မန္တလေးသို့ ခရီးသည်တင်ယာဉ်ဖြင့် ပြန်လာစဉ် ဘားအံမြို့၊ သံလွင်တံတား စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ပြည်တွင်း၌ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းသမား ၁၄၀ ခန့်ဖမ်းဆီးခဲ့ပြီး ယင်းထဲမှ သတင်းသမား ၆၀ ခန့်မှာ အကျဉ်းထောင်များတွင် လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်သည်။

ကျောက်ဖြူတွင် နယ်ထိန်းခေါင်းဆောင်ကို ရဲတပ်သားက ပစ်သတ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရဲစခန်းတွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အုန်းကျော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က သေနတ်ဖြင့် ပစ်သတ်ကာ ထွက်ပြေးသွားသည်။

ဇူလိုင်လ ၂၉ ရက် ည၁ဝနာရီကျော်တွင် ရဲစခန်းဝင်းက ပစ်ခတ်သံ ငါးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒေသတွင်း သတင်းတစ်ရပ်တွင် ဖော်ပြချက်အရမှု စခန်းမှူးနှင့် နယ်ထိန်းခေါင်းဆောင်တို့မှာ ပြောင်းရွှေ့တော့မည်ဖြစ်သဖြင့် နှုတ်ဆက်ညစားပွဲပြုလုပ်နေချိန်တွင် ပစ်ခတ်မှုဖြစ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကင်းလှည့်ထွက်ခါနီး ဆဲဆိုကြိမ်းမောင်းရာမှာ ပစ်ခတ်မှု ဖြစ်သည်ဟုလည်း ရေးသားထားသည်။ နယ်ထိန်းခေါင်းဆောင် သေဆုံးသွားပြီး ရဲတပ်သား စိုးလင်းအောင်မှာ သေနတ်နှင့် ကျည်ဆံအတောင် တစ်ရာကျော် ယူဆောင်ထွက်ပြေးနေသဖြင့် စစ်ကောင်စီတပ်က အပူတပြင်းရှာဖွေနေသည်။

အဖမ်းအဆီးကြမ်းခဲ့သည့် စနဲမြို့

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့ ရဲစခန်းမှူးဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၄ဦးကို ဖမ်းဆီးခဲ့သည်။

စနဲမြို့ စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်က အမျိုးသမီး ခြောက်ဦးအပါအဝင် ဒေသခံ ၁၄ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ အများစုမှာ ပြန်လွတ်လာပြီဖြစ်သော်လည်း အသက် ၁၆နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် အမျိုးသားသုံးဦးကိုမူ ကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ထဲတွင် ဖမ်းဆီးထားသည်။

စစ်ကောင်စီတပ်က လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားပြီး နှစ်ဖက်စစ်ရေးတင်းမာခဲ့သဖြင့် မြို့မှာ အသွားအလာ တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။