ဘီးလင်းတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
295

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ချောင်းပြကျေးရွာက ဦးပန်းစိန်ဆိုသူ ဇူလိုင်လ ၂၉ ရက်ညတွင် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်သမားတို့သည် ဦးပန်းစိန်ကို နေအိမ်ပေါ်အထိတက်ကာ ပစ်သတ်သွားကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

“ဦးပန်းစိန်က အိမ်ပေါ်မှာရှိနေတယ်။ သေနတ်သမားတွေက ဆိုက်ကယ်နဲ့ရောက်လာပြီးတော့ အိမ်ပေါ်တက်ပြီး ပစ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးပန်းစိန်၏ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံထံများမှ သိရသည်။

ဦးပန်းစိန်သည် BGF နှင့် စစ်ကောင်စီ သတင်းပေးလုပ်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်ဆိုသူ ပစ်ခတ်ခံခဲ့ရသေးသည်။

အာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သတင်းပေး ဒလန်ဆိုသူများ၊ နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံရသည့်ဖြစ်စဉ်တို့ မကြာခဏဖြစ်ပွားလေ့ရှိသည်။