လေးလအတွင်း ထိုင်းမှ ပြန်လွှဲပေးသည့် မြန်မာလုပ်သား ၇၅၀ကျော်ရှိ

0
476
ပုံစာ - ဇွန်လ ၂၉ ရက်နေ့က မြန်မာအလုပ်သမား ၁၆၆ ဦးအား လွှဲပြောင်းပေးခဲ့သည်။

ယခုနှစ် မတ်လမှ ဇွန်လအထိ လေးလအတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာဘက်ရှိ ကော့သောင်းမြို့သို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၅၀ ကျော်ရှိကြောင်း ဘန်‌ကောက်အခြေစိုက်
မြန်မာအလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

မတ်လ ၁ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၁၂၉ ဦး၊ မေလ ၆ ရက်နေ့တွင် အမျိုးသား ၁၀၃ ဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၁၃၂ ဦးတို့အား လွှဲပြောင်းပေးခဲ့ကြောင်း ယင်းစာရင်းများအရ သိရသည်။  

ထို့အပြင် ဇွန်လ ၇ ရက်နေ့က အမျိုးသား ၉၆ ဦးနှင့် အမျိုးသမီး ၇၃ ဦး စုစုပေါင်း ၁၆၉ ဦး၊ ဇွန်လ ၁၇ ရက်နေ့တွင် အမျိုးသား ၉၈ ဦးနှင့် အမျိုးသမီး ၅၇ ဦး စုစုပေါင်း ၁၅၅ ဦးတို့ကို လွှဲပြောင်းပေးခဲ့သည်။

ယင်းနောက် ဇွန်လ ၂၉ ရက်နေ့တွင် အမျိုးသား ၁၁၇ ဦး၊ အမျိုးသမီး ၄၉ ‌‌ဦး စုစုပေါင်း ၁၆၆ ဦးတို့အား လွှဲပြောင်းပေးခဲ့သဖြင့် မတ်လမှ ဇွန်လအထိ လေးလအတွင်း စုစုပေါင်းဦးရေ ၇၅၁ ဦးရှိလာသည်။

အဆိုပါ မြန်မာရွှေ့ပြောင်း အလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထပ်မံထိန်းသိမ်းခံရပြီးမှ ထိုင်းဘက်က ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရသူတို့တွင် အထောက်အထားမဲ့အုပ်စု အများဆုံးပါဝင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကော့သောင်းရုံး တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“အထောက်အထားမဲ့ဆိုတာက စာရွက်စာတမ်း မစုံပဲနဲ့ ကူးသွားတာတွေ နယ်စပ်ဖြတ်ကျော်မှုတွေပါ” ဟု ၎င်းက ပြောသည်။

Foundation for Education Development (FED) သည် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး တို့အား ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

မြန်မာရွှေ့‌‌ပြောင်းအလုပ်သမားတို့အား လွှဲပြောင်းပေးခြင်းကို နှစ်နိုင်ငံတာဝန်ရှိသူတို့က ဆောင်ရွက်ပေးခဲ့ကြောင်း ဘန်‌ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရေး အပြောင်းအလဲနှင့် ကို‌ဗစ်တတိယလှိုင်းဖြစ်ပေါ်ပြီး အချိန်မှစပြီး ယနေ့အချိန်အထိ ထိုင်းသို့ တရားမဝင်ရောက်မှုများ မြင့်တက်နေဆဲဖြစ်သည်။