ဈေးတွေတက်လို့ ထမင်းတစ်နပ်လျှော့စားနေရပြီ

0
927

စီးပွားရေးကျဆင်းမှုကြောင့် အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေလျော့ကျနေချိန်တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်း လာမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများခံစားနေကြရသည်။ အချို့မိသားစုများဆိုလျှင် ထမင်းတစ်နပ်လျှော့စားရသည်အထိ ကျပ်တည်းမှုဒဏ်ခံနေကြရပြီဖြစ်သည်။

တနင်္သာရီပုံရိပ်

အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုများနှင့်အတူ ပြည်သူများမှာ ဝင်ငွေကျဆင်းလာသလို အခြားတစ်ဖက်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကိုခံစားနေကြရသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း နယ်မြေမအေးချမ်းမှုကြောင့် ဥယျာဉ်ခြံလုပ်ငန်း၊ လယ်ယာလုပ်ငန်းကဲ့သို့ လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း မရှိတော့သလို၊ အလုပ်အကိုင် ရှားပါးမှုပြဿနာကြောင့် ဝင်ငွေကျဆင်းမှုများ ဖြစ်နေသည်။

တနင်္သာရီတိုင်းရှိ လူငယ်၊ လူလတ် အများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက်လုပ်ကိုင်ပြီး မိသားစုထံ ငွေပြန်ပို့ကြသော်လည်း ကြီးမြင့်လာသည့် ကုန်ဈေးနှုန်းကြောင့် စားသောက်စရိတ် ကာမိရုံအခြေအနေတွင်သာ ရှိသည်။

အချို့ လက်လုပ်လက်စား မိသားစုများမှာမူ ဝင်ငွေထွက်ငွေ မမျှတသဖြင့် ထမင်းနပ်မှန်အောင် စားရရေးအတွက်ပင် ရုန်းကန်နေရကြောင်း တွေ့ရသည်။

ယင်းကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် တိုင်းအတွင်းရှိ အိမ်ရှင်မအချို့ကို တွေ့ဆုံမေးမြန်းကာ သူတို့ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကို မေးမြန်းဖော်ပြအပ်ပါသည်။

“ကြေးပြား (ပိုက်ဆံ) တောင် တန်ဖိုးမရှိတော့သလို ခံစားရတယ်”

မြိတ်မြို့ မြိတ်တောင်ရပ်နေ အသက် ၅၀ နှစ်ကျော်ရှိ အိမ်ရှင်မတစ်ဦး။

DW။ အခုဆိုရင် ကုန်ဈေးနှုန်းတွေတစ်စတစ်စ ကြီးလာနေတဲ့အပေါ်မှာ အိမ်ရှင်မတစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ကုန်ဈေးနှုန်းတွေကြီးလာတာ လူတိုင်းအသိပါပဲ။ အရင်က ကန်စွန်းရွက်တစ်စည်းဆို ၅၀၊ ၁၀၀ အထိပဲ။ အခုတော့ ၂၀၀ တောင်ပေးရတာ၊ ကြက်ဥဆို ၂၀၀ တောင်ဖြစ်နေပြီ။ ဆတိုးတက်သွားတာ၊ ဈေးကြီးလာလေလေ ကုန်ကျစရိတ်များလေပဲ။ ကြေးပြား (ပိုက်ဆံ) တောင် တန်ဖိုးမရှိတော့သလို ခံစားရတယ်။

DW။ ပိုက်ဆံက တန်ဖိုးမရှိတော့ဘူး။ တန်ဖိုးမဲ့လာတဲ့သဘောပေါ့။ အဲဒါလေး သေချာရှင်းပြပေးလို့ ရမလား။

ဖြေ။ အိမ်အတွက် တစ်ပတ်စာ စားသောက်ကုန်တွေ ကြိုဝယ်ထားတယ်။ တစ်ပတ်တစ်ပတ်ကို လေးသောင်းလောက် ကုန်တာပေါ့။ ဒါက အရင်ကိုဗစ်တွေ ဘာတွေ မဖြစ်ခင်ကပါ။ အခုတော့ တစ်ပတ်စာဝယ်တာ ဒီပမာဏပဲ၊ ကြေးပြားက လေးသောင်းလောက်ကုန်တဲ့နေရာကနေ ခြောက်သောင်း၊ ခုနှစ်သောင်းအထိ ဖြစ်လာတာ။ ဝယ်တာလည်း ပုံမှန်အတိုင်းပဲ ပိုဝယ်တာမရှိဘူး။ ကြေးပြားတန်ဖိုး ခုနှစ်သောင်းကုန်တာ ဒီပမာဏပဲ ရတာဆိုတော့ တန်ဖိုးမရှိလာသလို ဖြစ်လာတာ။ ရှာရာတာက မလွယ်ဘူး၊ ကြေးပြားရှာရတာ ပိုရလာတာမျိုးမရှိဘူး။

DW။ အဲဒါတွေက ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ဒါကအားလုံးသိပါတယ်၊ အခုနကပြောတဲ့ နိုင်ငံရေးအပြောင်းအလဲနဲ့ အများကြီးသက်ဆိုင်တာ၊ ဘာကြောင့်ဘယ်လို ဆိုင်သလဲဆို‌တာတော့ မပြောတော့ပါဘူး။

DW။ အခြားဖြည့်စွတ်ပြောချင်တာများ ရှိပါသလား။

ဖြေ။ ကုန်ဈေးနှုန်းတွေက အားလုံးနဲ့ဆိုင်တာ။ ဈေးကျတာကိုပဲ လိုချင်တယ်။

DW။ ဟုတ်ကဲ့။ အခုလိုမျိုး အချိန်ပေးပြီး ဖြေဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“ဆီသုံးရတဲ့ ဟင်းတွေကိုတော့ လျှော့ချလိုက်တာပေါ့”

သရက်ချောင်းမြို့နယ်၊ သူရဲတောင်ရွာမှ အသက် ၃၂နှစ်အရွယ် ရော်ဘာခြံပိုင်ရှင် အိမ်ရှင်မတစ်ဦး

DW – အခုက ကုန်ဈေးနှုန်းတွေ တက်နေတယ်ဆိုတော့ အမတို့က ဆန်ကအစ ဝယ်စားနေရတာမျိုးလား။ လယ်တွေဘာတွေရှိလား။

ဖြေ – အကုန်လုံးဝယ်စားရတယ်။ ကျွန်မတို့မှာ လယ်မရှိဘူး။ ဆန်ကို အရင်တုန်းကဆို သုံးအိတ်၊ လေးအိတ်၊ ငါးအိတ် အဲဒီလိုမျိုး ဝယ်စားတယ်။ အခုက ဆန်ကို တင်ကို တင်ခွင့်မပေးဘူးတဲ့။ ကျွန်မတို့ဘက်ကဆိုရင်၊ မနက်တုန်းကကို ဆန်တစ်ပိုင်းပဲ ဝယ်လာပေးတယ်။ ဆန်အများကြီးသယ်လို့ မရဘူးဆိုပြီးတော့၊ တကယ်ဆို သူတို့သုံးဘီးတွေက ဆန်ကို တင်မရဘူးလို့ ပြောတယ်။

(ယင်းဒေသဝန်းကျင်တွင် PDF များလှုပ်ရှားနေသည်ဟုဆိုကာ ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသည်)

DW – ဈေးတွေရော တက်လာတာမျိုးရှိလား။

ဖြေ – ဈေးတက်တာကတော့ သူတို့ဟာ အကုန်လုံး အတက်ချည်းပဲဖြစ်ကုန်ပြီ။ ဘာတစ်ခုမှလည်း အကျမရှိဘူး။

DW – အဲဒီလိုဈေးတက်လာတော့ သုံးစွဲမှုမှာ လျှိုလိုက်ရတာ လျှော့ချလိုက်ရတာမျိုးရှိလား။

ဖြေ – ကျွန်မတို့လည်း အဲဒီလိုပဲ လိုက်ချိန်နေရတယ်။ အရင်တုန်းကဆို ပေါ်ဆန်းမွှေးဝယ်စားတယ်။ အခုကတော့ ဂျပန်မရှယ် (A1) ဖြစ်သွားပြီ။ ကျွန်မတို့အိမ်မှာ ဖွားသယ်မ (အမေအို) က တစ်ယောက်၊ ကလေးက ၄ ယောက် ရှိတယ်ဆိုတော့ အရင်တည်းက ဆန်ချောပဲ ဝယ်စားတယ်။ အခုကတော့ အဲဒီလိုမျိုးတွေ လိုက်မှန်းလို့ မနိုင်တော့ဘူး ပေါ့နော်။ အာဏာမသိမ်းခင်ထိတော့ ဆန်ချောပဲ စားနေသေးတယ်။ နောက်ပိုင်း ကုန်ဈေးနှုန်းတွေ အကြီးအကျယ် တက်လာတော့ ဂျပန်မရှယ်ပြောင်းပြီး ဝယ်စားလိုက်တယ်။

ဆီကတော့ ပဲလုံးဆီဝယ်စားတယ်။ အခုက တစ်လီတာတစ်ဗူးကို မနည်းချွေတာပြီးစားနေရတယ်။ တော်တော်များများ အစားအစာတွေကိုဆိုရင် ဆီနဲ့မလုပ်စားတော့ဘူး။ ဆီတစ်ဗူးကို အရင်က ၁၆၀၀ လောက်ကနေ အခု ၅၂၀၀ ပေးဝယ်စား ရတယ်။ လျိုနေရတာချည်းပဲ ဝင်ငွေက ဘယ်ကလဲ မဝင်ဘဲနဲ့၊ စားတာကလဲ မစားပဲလည်း မရဘဲဆိုတော့ လျိုနေရတာ ချည်းပဲ၊ လျှော့ချလိုက်ရတာချည်းပဲ။

ထမင်းကိုတောင် အစတုန်းက ၃ ဘူး တည်တာ အခုက ချိန်ဆပြီးတော့ ၂ ဘူးနဲ့တစ်ဝက်လောက် အဲဒီလိုမျိုးတည်ရတယ်။ ကျွန်မတို့မှာ အခုလိုပုံစံနဲ့ ဆန်တောင် သဘောရှိ မစားရဘူး။ မနက်တုန်းက သုံးဘီးက ပြောတယ်၊ ဆန်ဝယ်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာယူလာဆို ပြောတယ်တဲ့။ ကျွန်မတို့နားမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး မရှိဘူးလေ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး မရှိဘူးဆိုတော့ ဆန်လည်းဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ ဟိုနေ့ကဆိုရင် သုံးဘီးမောင်းသမား ပြောတာ ဆန်တွေပြန်သွားချခဲ့ရတယ်တဲ့ ဆန်ဆိုင်မှာ၊ ကျွန်မတို့အိမ်က သုံးဘီးနဲ့ ထားဝယ်မြို့ပေါ်က ဆန်ကို မှာစားတာကိုး။ ဆန်က စားချင်တိုင်းတောင် စားလို့မရဘူးဖြစ်နေပြီ။ ကျွန်မတို့နားမှာ တော်တော်ပင်ပန်းတယ်။

အရင်တုန်းကဆိုရင် အကြော်အချက်လည်းလုပ်စားတယ်။ ဟင်းလေးလည်း လုပ်စားတယ်။ အခုဆို အကြော်အချက် တစ်မျိုးလောက် လျှော့လိုက်တယ်။ လုပ်စားတာတော့ ဟင်းအမယ်တွေ လုပ်စားပါတယ်။ ဒါပေမဲ့ ဆီသုံးရတဲ့ ဟင်းတွေကိုတော့ လျှော့ချလိုက်တာပေါ့။ ဝက်သား ကြက်သားဆိုလည်း အဲဒီလိုပဲ၊ ကြက်သား ပေါင်တစ်ခြမ်း တစ်ဖက်ကို အစတုန်းကဆို ၁၂၀၀ လောက်နဲ့ ဝယ်စားရတယ် အခုဆို ၁၇၀၀ နဲ့ ဝယ်စားရတယ်။ အခုဆို ကျွန်မတို့မှာ ကြက်သား ဝက်သားဘက်ကို တော်တော်နဲ့ မလှည့်ဖြစ်ဘူး။

DW – အဲဒီလိုဖြစ်နေတာကရော ဘယ်လောက်ကြာပြီလဲ။ ဘယ်လို သက်ရောက်မှုတွေ ရှိလာလဲ။

ဖြေ – အခု သိပ်မကြာသေးပါဘူး။ တစ်လနီးပါးလောက်ပဲရှိဦးမယ်။ သရက်ချောင်းဘက်ကို ဆန်သယ်ခွင့်မပေးဘူးဆို ပြောတည်းကပဲ။ အစတုန်းကဆို ဂျပန်မရှယ်တောင် (၁၂ ပြည်အိတ်) ၁၄၀၀၀၊ ၁၅၀၀၀ ပဲလေ၊ အခုဆို ဂျပန်မရှယ်တောင် ၂၃၀၀၀ ပေးရတယ်။ အစတုန်းက ငါးလုံး (ပလာတူးငါး) ၅၀၀ ဖိုး၊ ၁၀၀၀ ဖိုးဆို တစ်အိမ်လုံး တစ်နေ့လုံး စားလို့ရတယ်။ အခုက ငါးလုံးတစ်ကောင်ကိုတောင် ၆၀၀-၇၀၀ ပေးရတယ်။ ကုန်ဈေးနှုန်းတွေက အဆမတန်ပေးပြီး လိုက်ဝယ်စား နေရတယ်။ ကျွန်မတို့ရွာက တခြားရွာထက် နည်းနည်း ချောင်ကျတယ်ဆိုတော့ တခြားရွာထက်လည်း ပိုဈေးကြီးတယ်။

DW – အမတို့က ဘယ်လို လုပ်ငန်းမျိုးတွေလုပ်ကိုင်ကြလဲ။ ဝင်ငွေနဲ့ ထွက်ငွေ မျှတမှုကရော ဘယ်လိုရှိလဲ။

ဖြေ – ကျွန်မတို့မှာ ရော်ဘာခြံတော့ရှိတယ်။ ဟိုးတခြားရွာမှာ ကင်းရှေ့ရွာမှာ။ အဲဒါလည်း နိုင်ငံရေးအခြေအနေကြောင့် ရော်ဘာသွားခြစ်လည်းမရဲ။ တောသွားထွင်ဖို့လည်း မရဲဘူး။ သွားမရဲလို့ ပစ်ထားတာကြာပြီ။ ရော်ဘာခြစ်ရရင် တစ်နေ့ကို ဝင်ငွေ သုံးသောင်းလောက်ရတယ်။ အခုက အဲ့ဒီဘက် နယ်မြေမအေးချမ်းတော့ သွားလို့လဲ မရဲဘူး။ သူရဲတောင်ကြိုးတံတားကို ဟိုတလောက ဖြတ်လိုက်တော့ ဟိုး (သရက်မြို့နယ်သို့အဝင် ဆိုင်းဘုတ်အနီးက) ရွှေဂူတံတားဂိတ်ကိုဖြတ်ပြီး ညောင်ဇင်တို့ ရောင်းမော်တို့ဘက်က ပတ်ပြီးသွားရတယ်။ ပုံမှန်ဆိုရင် နွေကာလမှာ ရော်ဘာခြစ်ရအောင် မိုးကာလမှာ တောထွင်ပေးရတယ်။ ပြီးရင် ကျွန်မတို့ခြံထဲမှာဆို စွံပလွတ်သီးတွေ၊ စုန်ဒဏ်သီး၊ ဒူးရင်းသီးတွေရှိတယ်။ (ဒူးရင်းသီးက ဧပြီလမှ မိုးဦးကာလထိမှာ ကြွေသည်) ဒူးရင်းသီးကို သွားစောင့်ပြီး ကောက်မရဲလို့ ဟိုးတခါက ဝင်ပြီး ဒူးရင်းသီးအရင့်အစိမ်းကို အပင်ကနေ ဆွတ်ပြီး အုပ်မှည့်ခံ စားရတယ်။

ကျွန်မယောက်ျားက ထိုင်းမှာ အလုပ်လုပ်နေတယ်။ အဲဒီက ပေးတာနဲ့ပဲ စားနေရတာပေါ့ အခုက။ ကျွန်မတို့မှာ ဝင်ငွေက ထိုင်းက ပို့ပေးနေတာ တစ်ခုပဲရှိတယ်။ တခြားဘာဝင်ငွေမှ မရှိဘူး။

DW – ဒါဆို ထိုင်းကပို့ပေးတဲ့ငွေနဲ့ ဒီမှာတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ စားဝတ်နေရေး စရိတ်လောက်ငမှုရှိလား။ ကျပ်တည်းတာမျိုးတွေ ကြုံရလား။ မလောက်ငတာမျိုးကြုံရရင် ဘယ်လို ဖြေရှင်းရတာတွေရှိလဲ။

ဖြေ – ကျန်းမာရေးနဲ့ ပတ်သက်လာရင်တော့ ထိုင်းက ပို့တဲ့ဟာနဲ့ မလောက်ဘူးပေါ့။ အဲဒီအခါ တခြားက ကူရတာရှိတယ်။ ရွှေဈေးတက်တုန်းကတော့ လက်စွပ်နှစ်ကွင်းသွားရောင်းလိုက်သေးတယ်။ ထိုင်းကပေးတဲ့ ပိုက်ဆံ မလောက်မင ဖြစ်လာတယ်ဆိုတော့ အဲဒီလက်စွပ်နှစ်ကွင်း သွားရောင်းရတယ်။ ရွှေဈေးတက်နေတုန်းကပဲ။ ရှိတာ ထုခွဲရောင်းချတာပေါ့လေ။ မကြာသေးဘူး။ တစ်လကျော်ကျော်ပဲ ရှိသေးတယ်။

ကျွန်မတို့မှာ အကုန်လုံးပဲ ခက်ခဲနေတာပေါ့ အခုချိန်မှာတော့။ ဝင်ငွေနဲ့ ထွက်ငွေ မမျှတာလည်း ရှိတယ်။ ရတာက ဘယ်လောက်မှ မဟုတ်ဘူး။ ကုန်ဈေးနှုန်းတွေက အဆမတန်တက်နေတာဆိုတော့ လိုက်ချိန်ဆနေရတယ်။ ဆန်ဝယ်ရခက်တဲ့အတွက် ချေးငှားစားရတဲ့ အခြေအနေထိတော့ မဖြစ်သေးဘူး။ ရွာထဲမှာလည်း စပါးစက်တွေ ရှိတယ်ဆိုတော့ အဲဒီမှာလည်း ဝယ်စားရနေသေးတယ်။

DW – ဒီလို ကုန်ဈေးနှုန်းတွေ အဆမတန်တက်လာတာ ဘာကြောင့်လို့ ထင်လဲ။

ဖြေ – ဘာဖြစ်လို့လဲဆို ဘယ်လို ပြောရဦးမလဲ။ သူလုပ်တဲ့ ဒဏ်ချည်းပဲပေါ့။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

“တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲသားအဖို့က ငတ်ပြီးသေဖို့ပဲ ရှိတယ်”

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကြိမ်မဲတောင်ကျေးရွာနေ အသက် ၆၀ အရွယ် မုဆိုးမတစ်ဦး။

DW ။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အပေါ် စားဝတ်နေရေး ဘယ်လိုအခက်အခဲကြုံနေရသလဲ။

ဖြေ ။ အဓိကက စားဖို့ပဲလုံးပန်းနေရတယ်။ ဆန်ဈေး၊ ဆီဈေးအကုန်ဈေးတက်တယ်။ ဆီတစ်ဘူး လေးထောင်ကျော် ငါးထောင်၊ ဆန်ကနှစ်ထောင်နီးပါး၊ အစစအရာရာ ဈေးတက်တယ်။ ဆန်က တစ်ပြည်နိုင် တစ်ပြည်ဝယ်။ လေးဘူးနိုင် လေးဘူးဝယ်ချက်။ ဈေးအသင့်ဆုံးဆိုင်တွေကို ရွေးပြီးလိုက်ရှာဝယ်ရတာကလည်း အမော။ ပင်လယ်ရွာဆိုတော့ ငါးတစ်မျိုးပဲ နည်းနည်းဈေးသက်သာတယ်။ ကျန်တာအကုန်ဈေးကြီး။ တစ်နေ့တစ်နေ့ မလွယ်ဘူး။

DW ။ ခုလိုအခြေအနေမှာ ရတဲ့ဝင်ငွေနဲ့ ကုန်နေတဲ့ငွေ မျှတလုံလောက်မှုရှိရဲ့လား။ ဘယ်လိုအခြေအနေရှိနေလဲ။

ဖြေ ။ ဘယ်လုံလောက်မလဲ။ မရှိဆင်းရဲသားတွေအနေနဲ့က စားဖို့ပဲရတယ်။ မလောက်လည်း ဒီလိုပဲချွေတာ စားနေရတာပေါ့။ အရင်က အဝတ်အစား ဝယ်ဝတ်နိုင်သေးတယ်။ ခုမဝယ်ဝတ်နိုင်တာကြာပြီ။ မိသားစုလေးယောက် တစ်နေ့တစ်သောင်းလောက်ကုန်တယ်။ ဒါချွေတာထားတာပဲ သေးရှိတယ်။

DW ။ အလုပ်အကိုင်ကရောအဆင်ပြေပြေရှိရဲ့လား။

ဖြေ ။ ခုတလော မိုးကောင်းနေတော့ အလုပ်အကိုင်က သိပ်အဆင်မပြေဘူး။ သားက ဥယျာဉ်တွေမှာ တော (အငှါး) လိုက်ခုတ်တယ်။ မိုးကောင်းတော့ ခုနားနေရတယ်။ အမေက အိမ်မှာ မုန့်ချိုလေးလုပ်ရောင်း၊ (ရွာပတ်) လည်ရောင်း၊ ဒီလိုပဲ ဝမ်းရေးဖြေရှင်းနေရတယ်။

DW ။ နေ့စဉ်သုံးစွဲနေတဲ့ ရေလျှပ်စစ်မီးရော ဈေးတက်သေးလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ရေကတွင်းရေရတော့ အဆင်ပြေတယ်။ မီးလည်းဆိုလာနဲ့ သုံးနေတာကြာပါပြီ။ လျှပ်စစ်မီး ဝယ်သုံးမနိုင်တော့ဘူး။ တစ်ယူနစ်ကို နှစ်ထောင်ကျော်နဲ့ တစ်လအခြေခံ ၁၅ ယူနစ်သုံးရတယ်။ တစ်လသုံးသောင်းခွဲ လေးသောင်းနီးပါး ပေးရတယ်ဆိုတော့ ဝယ်မသုံးနိုင်တော့ဘူး။

DW ။ ခုလိုကုန်ဈေးနှုန်းတွေ တက်လာတော့ ရှေ့ဆက်ရပ်တည်ဖို့ ဘယ်လိုစိုးရိမ်မှုတွေ ရှိလဲ။

ဖြေ ။ အဓိကက စားဝတ်နေရေးပဲ စိတ်ပူနေရတယ်။ နောက်ဆို ဆန်တစ်အိတ် တစ်သိန်းကျော် နှစ်သိန်း ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ချမ်းသာသူက ထပ်ချမ်းသာသွားမယ်။ တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲသားအဖို့က ငတ်ပြီးသေဖို့ပဲ ရှိတယ်။ တစ်နေ့တစ်နေ့ ကုန်ဈေးနှုန်းတွေက တက်နေတာကိုး။ အဲဒါကိုပဲ စိတ်ပူနေရတယ်။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

“ထမင်းတစ်နပ်လျှော့စား နေရတဲ့ဘဝ တကယ်ရောက်နေပါပြီ”

ရေဖြူဒေသခံ အိမ်ရှင်မတစ်ဦး

DW ။ အခြေခံစားသောက်ကုန်းဈေးနှုန်းတွေ အရင်နဲ့အခု ဘယ်လိုကွာခြားမှုရှိလဲ။

ဖြေ ။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ မီတာခ၊ ဆိုင်ကယ် ဆီအားလုံးပဲ တက်နေတာလေ။ ဘယ်လိုရှင်သန်ရမလဲတောင် မသိတော့ဘူး။

DW ။ ဘယ်လိုကုန်ပစ္စည်းမျိုးတွေဈေးတက်လဲ။

ဖြေ ။ ဆန်တောင် ရိုးရိုးဆန် ဆင်းရဲသားစားတဲ့ဆန် အရင်က တစ်အိတ် နှစ်သောင်း သုံးသောင်းနီးပါးပဲရှိတယ်။ အခု အာဏာသိမ်းတဲ့တစ်နှစ်ကျော်မှာ ငါးသောင်းခွဲ အဲဒါဆန်ကြမ်း ပေါ်ဆန်း စာလုံးနီပဲရှိသေးတယ်။ ဆီက အရင်က အများဆုံး ရှစ်ထောင် ခြောက်ထောက်ပဲရှိတယ် အခု ပုဇွန်နှစ်ကောင်ဆီ ၅ လီတာတစ်ဘူးကို နှစ်သောင်းကျော်နေပြီ။

DW ။ အခုလိုကုန်ဈေးနှုန်းကြီးမြင့်လာတော့ မိသားစု ရဲ့နေစဉ်ဘဝမှာ ဘာတွေထိခိုက်သွားလဲ။

ဖြေ ။ အရင်ကထမင်းသုံးနပ်စားတယ်။ အခုနှစ်နပ်ပဲ စားတော့တယ်။ မနက်စာ တစ်နပ်မစားတော့ဘူး နေ့လယ် ဆယ်နာရီလောက်ဆို နေ့လယ်စာ စားတယ်။ ပြီးရင် ညနေငါးနာရီလောက်ဆို ညနေစာစားလိုက်တယ်။ ထမင်းတစ်နပ်တော့ လျှော့လိုက်ရတာပေါ့။ ဆန်တစ်အိတ်ကို မိသားစုသုံးယောက် တစ်လပဲရတယ်။

တစ်လဝင်ငွေ တစ်သိန်းကျော်က ဆန်နဲ့ဆီနဲ့ နေ့စဉ်သားငါးဖိုးနဲ့ကုန်နေပြီ။ အားလုံးပဲ ခက်ခဲနေတာ။ ဘယ်လိုပြောရမလဲ စီးတဲ့ဖိနပ်တစ်ရံ အရင်က တစ်ထောင် အခုနှစ်ထောင့်ငါးရာ။ အဲဒါကျန်းမာရေးဖိနပ်၊ ဖိနပ်ကြမ်းနော်။ ဆပ်ပြာတစ်ခဲ အရင်က လေးရာ အခုတစ်ထောင့်တစ်ရာ အခက်အခဲကအမျိုးမျိုးပေါ့။ အစားအသောက်မှာ ချင့်ချိန်လိုက်ရတာပေါ့။ အရင်က နှစ်ထောင်ဖိုးလောက်စားရင် အခု တစ်ထောင်ဖိုးလောက်ပဲ စားရတယ်။ ဆိုင်ကယ်လည်းဒီလိုပဲ အရေးကြီးတဲ့ ခရီလောက်ပဲ စီးတော့တယ်။ ဆန်တွေ ဆီတွေဖက်ကို အခြားအရာတွေ ပိုဦးစားပေးရတယ်ပေါ့။ မစားလို့မှမရတာ ငတ်ရင်သေမှာလေ။

DW ။ ကုန်းဈေးနှုန်းကြီးတာနဲ့ပတ်သက်ပြီး တခြားဘာများ ပြောချင်လဲ။

ဖြေ ။ တခြားတော့ ပြောစရာမရှိဘူး။ ထမင်းတစ်နပ်လျှော့စား နေရတဲ့ ဘဝ တကယ်ရောက်နေပါပြီလို့ပဲ ပြောချင်တယ် (ရယ်လျက်) ။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။