တစ်ပတ်အတွင်း မြန်မာ့ရေးရာ (ဇူလိုင် ၁၆ ရက်နေ့မှ ၂၃ ရက်နေ့ အထိ )

0
312

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မြန်မာ-ဂမ်ဘီယာ အိုင်စီဂျေအမှု မြန်မာဘက်က ကနဦးကန့်ကွက်ချက်အားလုံး ပယ်ချခံရ

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲထားမှုအပေါ် မြန်မာဘက်က တင်သွင်းခဲ့သော ကနဦးကန့်ကွက်ချက်အားလုံးကို အိုင်စီဂျေတရားရုံးက ပယ်ချလိုက်ကြောင်း ဇူလိုင်လ ၂၂ ရက်နေ့က အမိန့်ချမှတ်လိုက်သည်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သည်ဆိုကာ မြန်မာကို ဂမ်ဘီယာက အိုင်စီဂျေတွင် တရားစွဲဆိုထားမှုနှင့်ပတ်သက်ပြီး မြန်မာဘက်က ကနဦးကန့်ကွက်ချက် လေးချက်တင်ထားခြင်းဖြစ်ကာ ယင်းလေးချက်စလုံးကို တရားရုံးက ပယ်ချကြောင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မြန်မာဘက်က ကနဦးကန့်ကွက်လွှာနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံး၏ လျှောက်လဲချက်များကို ၂၀၂၂ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှ အိုင်စီဂျေတရားရုံးတွင် တရားသူကြီးများ ကြားနာခဲ့ကြပြီးနောက် ယင်းသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

***************************

ဆေးကုမ္ပဏီအချို့ ဆေးအရောင်းရပ်

Photo – Ko Min

အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးမြင့်တက်လာကြောင့် ပြည်တွင်းဈေးကွက်တွင် ဆေးဝါးများဈေးတက်သွားသည့် အပြင် ဆေးကုမ္ပဏီအချို့ ဆေးအရောင်းရပ်ထားသည်အထိ ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ဆေးဆိုင်အချို့တွင်လည်း ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ ရောင်းချနေသည့်အတွက် ဆေးဝယ်လိုသည့် လူတန်းရှည်ကြီးများကို ဆေးဆိုင်ကြီးများ အရှေ့တွင် တွေ့မြင်နေရသည်။

မြန်မာကျပ်ငွေတန်ဖိုး ကျလာသည့်အတွက် ဆေးကုမ္ပဏီများမှာ ရောင်းသလောက်ရှုံးနေကြောင်း၊ ဆေးပြန်ဝယ်ချိန်တွင် ဒေါ်လာဖြင့် ဝယ်ယူရခြင်းဖြစ်ရာ ပြန်တွက်ကြည့်ပါက ရောင်းလိုက်သည့် ဈေးထက်ပြန်ဝယ်ရသည့်ဈေးမှာ ပိုများနေကြောင်း ဆေးဆိုင်တစ်ခုကဆိုသည်။

ဆေးဈေးနှုန်းမှာလည်း ယခုရက်ပိုင်းတွင် ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

***************************

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲ မြန်မာတက်ခွင့်မရ

ကမ္ဘောဒီးယားနိုင်ငံတွင် အခုလကုန်ပိုင်း၌ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့် ပြုမည်မဟုတ်သေးကြောင်း အာဆီယံအထူးသံတမန်လည်းဖြစ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် မစ္စတာ ပရက်ဆော့ခွန်းက ပြောဆိုသည်။

အာဆီယံနိုင်ငံခြား‌ရေး ဝန်ကြီးများကြားတွင် မြန်မာနိုင်ငံက အစည်းအဝေးတက်ရောက်ရေး သဘောတူညီချက် မရခဲ့သဖြင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များတွင် မြန်မာနိုင်ငံနေရာ၌ နိုင်ငံရေးရာထူး မယူထားသူ ကိုယ်စားလှယ်တစ်ဦးသာ တက်ရောက်ခွင့်ပြုရန် ဝန်ကြီးများက ဆုံးဖြတ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းအစည်းအဝေးပွဲကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အနေဖြင့် ဇူလိုင်လ ၃၁ ရက်မှ ဩဂုတ်လ ၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။

***************************

အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်မည်

FILE PHOTO: People sit at a bus station with an Ooredoo advertisement as they wait for a bus in Yangon, August 1, 2014. REUTERS/Soe Zeya Tun

မြန်မာနိုင်ငံတွင် တတိယလူသုံးအများဆုံး ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော အူရီးဒူးမြန်မာက လုပ်ငန်းကို ရောင်းချကာ မြန်မာနိုင်ငံမှ ထွက်ခွာရန်ပြင်ဆင်နေကြောင်း ရိုက်တာသတင်းဌာနက ဇူလိုင်လ ၂၀ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

သုံးစွဲသူ ၁၅ သန်းနီးပါးရှိသည့် အူရီဒူးကုမ္ပဏီက မြန်မာပြည်တွင်းမှ ထွက်ခွါရန် မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနကို အကြောင်းကြားထားပြီးဖြစ်ကြောင်း အူရီဒူးမြန်မာကုမ္ပဏီကို မြန်မာ့စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် ယန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု၊ စင်ကာပူအခြေစိုက် ကွန်ရက်လုပ်ငန်း ကမ်ပါနာလုပ်ငန်းစုနှင့် စကိုင်းနက်လုပ်ငန်းတို့က ဝယ်ယူနိုင်ချေရှိကြောင်းလည်း သတင်းတွင်ဖော်ပြထားသည်။

***************************

ကုမ္ပဏီအားလုံး၏ ဒေါ်လာများ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအားလုံး၏ နိုင်ငံခြားငွေစာရင်းရှိ ဒေါ်လာငွေများကို မြန်မာကျပ်ငွေ (၁၈၅၀ နှုန်း) ဖြင့် လဲလှယ်ရမည်ဟု စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကထုတ်ပြန်ကြောင်း မဇ္ဈိမသတင်းဌာနက ဖော်ပြသည်။

အဆိုပါ နိုင်ငံခြားငွေစာရင်းရှိ ဒေါ်လာငွေများကို မြန်မာကျပ်ငွေဖြင့်လဲလှယ်ခြင်းကို ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၆ နာရီနောက်ဆုံးထားလုပ်ဆောင်ရန် ဘဏ်များအားအကြောင်းကြားစာပေးပို့ ညွှန်ကြားခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိပါဝင်သည့် ကုမ္ပဏီများအပါဝင် ကင်းလွတ်ခွင့်ပယ်ဖျက်ထား သည့်ကုမ္ပဏီများ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ဒေါ်လာနှင့်ကျပ်လဲလှယ်ခြင်းကို မဖြစ်မနေ ဆောင်ရွက်ရန် ညွှန်ကြားချက်တွင် ပါရှိသည်။

လူပုဂ္ဂိုလ်များအပါအဝင် ကုမ္ပဏီများအနေဖြင့် ဒေါ်လာနှင့်ကျပ်မဖြစ်မနေ လဲလှယ်ရေးအစီအစဉ်ကို စစ်ကောင်စီက ယခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနှင့်အထက်ရှိသည့် ကုမ္ပဏီများအား နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားခြင်းကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၁၃ ရက်တွင် ပယ်ဖျက်လိုက်သည်။

***************************

မြန်မာပြည်သူ သန်း၂၀ကျော် ဆင်းရဲနွမ်းနေပြီဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်း (၂၂ သန်းကျော်) သည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ကမ္ဘာဘဏ်၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြသည်။

စစ်အစိုးရကာလ လွန်ခဲ့သည့် ဆယ်စုနှစ်က ဆင်းရဲနွမ်းပါးမှုအဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ကြောင်းလည်း အစီရင်ခံစာအရ သိရသည်။ ယင်းမှာ ၂၀၂၀ မတ်လတွင် ရှိခဲ့သည့် ဆင်းရဲမွဲတေမှု နှုန်းထက် နှစ်ဆမြင့်တက်လာခြင်း ဖြစ်သည်ဟုလည်း ဖော်ပြသည်။

ပြည်သူ့အင်အားဦးစီးဌာနက ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေမှာ ၅၅ သန်းကျော်ရှိသဖြင့် ၄၀ ရာခိုင်နှုန်းမှာ ၂၂ သန်းကျော်ရှိသည်။

လူတစ်ဦးတစ်ရက်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ မရလျှင် ဆင်းရဲနွမ်းပါးသူဟု ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည်။

ကိုဗစ်ရောဂါနှင့် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်များသည် အနည်းဆုံး ဆယ်စုနှစ် တစ်ခုနီးပါး ကြိုးပမ်းခဲ့သည့် ဆင်းရဲမှုလျှော့ချရေး အားထုတ်မှုများကို ဖျက်ဆီးလိုက်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

အိမ်ထောင်စုစစ်တမ်း အချက်အလက်များအရ အာဏာသိမ်းကာလ ၁၈ လတာအတွင်း အလုပ်သမားများ ဝန်ဆောင်မှုကဏ္ဍမှ ထွက်၍ စိုက်ပျိုးရေးကဏ္ဍသို့ ပြန်လည်ဝင်ရောက်သွားပြီး အလုပ်အကိုင်ဆုံးရှုံးမှုကြောင့် မြို့ပြမှ ကျေးလက်သို့ ပြောင်းရွှေ့နေကြရကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ဝင်ငွေကျဆင်းမှု၊ စားသောက်ကုန်နှင့် လောင်စာဆီဈေး မြင့်တက်မှု စသည်တို့ကြောင့် စားနပ်ရိက္ခာ မပြည့်စုံမှု အန္တရာယ်မြင့်မားစေမည်ဟုလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

***************************

ဒုတိယဗိုလ်မှူးကြီး ၆ ဦး ဗဟိုဘဏ် ဒုညွှန်မှူးများဖြစ်လာ

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးများအဖြစ် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ခြောက်ဦးကို ဇွန်လ ၆ ရက်နေ့မှစတင်၍ ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထွက်ပေါ်လာသည်။

ဒုတိယဗိုလ်မှူးကြီး ရာဇာလင်း၊ ဒုတိယဗိုလ်မှူးကြီးသာမိုး၊ ဒုတိယဗိုလ်မှူးကြီး သာထူးဝင်း၊ ဒုတိယဗိုလ်မှူးကြီး ကြည်ရအောင်၊ ဒုတိယဗိုလ်မှူးကြီး ထွန်းအောင်ဖြိုး၊ ဒုတိယဗိုလ်မှူးကြီး ဇော်ဝင်းထွန်းတို့ကိုခန့်အပ်လိုက်ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

***************************

ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်းကြေညာ

ကော်သူးလေတပ်မတော်အား ဖွဲ့စည်းကြောင်း ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) ၏ စစ်ဦးစီးချုပ်(ဟောင်း) ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ယခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့တွင် တရားဝင် အသိပေးထုတ်ပြန်လိုက်သည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ကရင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ၏ ဒုတိယမြောက်သားကြီးဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU – Karen National Union) ၏ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO – Karen National Defense Organization) ကို ကာလကြာမြင့်စွာ ဦးဆောင်နေသူ တစ်ဦးလည်းဖြစ်သည်။

သို့သော် ဇန်နဝါရီလ ၁၇ ရက်မှစတင်ပြီး ၎င်းကိုတာဝန်မှ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း KNU က စာထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် မေလ ၃၁ ရက်နေ့က ဒူးပလာယာခရိုင်၊ ဖလူး-ဝေါ်လေဒေသတွင် ဖြစ်ပေါ်ခဲ့သော အရပ်သား ၂၅ ယောက် အသတ်ဖြတ်ခံရမှုမှာ KNDO က လုပ်ဆောင်သည်ဆိုသော ကိစ္စရပ်အပေါ် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်ကြောင့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို တာဝန်မှ ရပ်ဆိုင်းထားခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြကလည်း ယင်းလူများမှာ မြန်မာစစ်တပ်က သူလျှိုများဖြစ်သည့်အတွက် ၎င်း၏လက်အောက်ခံတပ်ဖွဲ့မှ သတ်ဖြတ် အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုသည်ဟု fortify rights အဖွဲ့ကလည်း ဩဂုတ်လအတွင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ထုတ်ပြန်မှုအပြီးတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြတိုကြား အက်ကြောင်းမှာ ပိုမိုကြီးမားလာခဲ့သည်။

စောနယ်ဒါးမြဦးဆောင်ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော် ဖွဲ့စည်းမှုကို အသိအမှတ်မပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)တို့က ယခုနှစ် ဇူလိုင် ၂၀ ရက်နေ့ ရက်စွဲဖြင့် ပြန်လည်ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် KNU က ဇူလိုင်လ၂၀ ရက်နေ့တွင် အရေးပေါ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ကျင်းပပြီး စောနယ်ဒါးမြအား KNU မှ ထုတ်ပယ်ရန်ဆုံးဖြတ်လိုက်ပြီး ၎င်း၏လုပ်ရပ်များသည် မိမိတို့နှင့် မသက်ဆိုင်တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့ပင် ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းခဲ့သည့် ကော်သူးလေတပ်မတော် (KTLA) က ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ KNLA သည် KNU အဖွဲ့အစည်း၏ နိုင်ငံရေးဦးဆောင်မှုအပေါ် NCA စာချုပ်အားဖြင့် စစ်ရေးအရ ချုပ်နှောင်ခံနေရသဖြင့် အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသားတုံ့ပြန်ရန် အကျပ်အတည်းဖြစ်နေသည်ဟု ရှုမြင်မိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကော်သူးလေတပ်မတော် (Kaw Thoo Lei Amry) ၏ အဓိကရည်ရွယ်ချက်သည် စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ် ချေမှုန်းသွားရန်ရည်ရွယ်ကြောင်း၊ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးစေရန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

***************************

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် စစ်ခေါင်းဆောင် ကတိပြုဟုဆို

ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အနာဂတ်ကာလတွင် တွေ့ခွင့်ရမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ကတိပေးထားကြောင်း အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွတ်ခွန်းက ပြောကြားသည်။

ကမ္ဘောဒီးယားအစိုးရပိုင် ဖနွမ်ပင်ပို့စ်သတင်းဌာနသို့ ဝန်ကြီးပရတ်ဆွတ်ခွန်းက ထိုသို့ ပြောကြားခြင်းဖြစ်ပြီး အဆိုပါသတင်းကို ဖနွမ်ပင်ပို့စ်က ဇူလိုင် ၂၂ ရက်တွင် ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

မစ္စတာပရတ်ဆွတ်ခွန်းက ၎င်း၏ ဒုတိယအကြိမ်ခရီးစဉ်အဖြစ် ပြီးခဲ့သည့် ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်ထိ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း၊ အနာဂတ်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးမည်ဟု စစ်ကောင်စီက ကတိပြုကြောင်း အထူးကိုယ်စားလှယ်က ဆိုသည်။

***************************

AA ၏ လက်တုံ့ပြန်တိုက်ပွဲ

ကရင်ပြည်နယ်ထဲက ရက္ခိုင့်တပ်တော် AA ၏ တပ်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်သည့်အနေဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်ကို AA တိုက်ခိုက်ခဲ့သည်။

ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်) ရွာအကြား၌ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းတပ်ဖွဲ့ကို ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းက AA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကူလာသည့် စစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ည ၆နာရီအထိ ပစ်ခတ်ခဲ့ကြောင်း AA က ဆိုသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်က သေဆုံးသူအချို့ရှိပြီး ရဲမှူးတစ်ဦး အပါအဝင် ၁၄ ဦးမှာ လက်နက်ချ အဖမ်းခံကြောင်း AA က ထုတ်ပြန်သည်။ AA ဘက်ကမူ အသေးစား ဒဏ်ရာရသူ အနည်းငယ်ရှိသူဟု ဆိုသည်။

ယင်းအပြင် RPG 7၊ ပီစတို ၂ လက်၊ စက်လတ် ၁ လက်၊ G3၊ G4 အပါအဝင် လက်နက် စုစုပေါင်း (၂၅) လက်၊ ခဲယမ်းအများအပြား၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိကြောင်းလည်း ထုတ်ပြန်သည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် ပြည်သူများ ပိုမိုသတိထားကြရန်လည်း AA က အသိပေးချက်ထုတ်ထားသည်။

***************************

မော်လမြိုင် အထကကျောင်း အုတ်တံတိုင်းပြိုကျပြီး လူငါးဦးသေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထက (၅) စာသင်ကျောင်း အုတ်တံတိုင်း ဘေးတွင်ရှိသည့် လက်ဖက်ရည်ဆိုင်ပေါ် ပြိုကျသဖြင့် လူငါးဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက ပြိုကျခြင်းဖြစ်ပြီး အမျိုးသမီးသုံးဦးနှင့် အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့သည်။

ကျောင်းအုတ်တံတိုင်းမှာ နှစ်များစွာကြာမြင့်နေပြီဖြစ်ပြီး ယင်းရက်ပိုင်းတွင် မိုးကလည်း ဆက်တိုက်ရွာနေရာ ဒဏ်မခံနိုင်ဘဲ ပြိုကျခြင်း ဖြစ်နိုင်ကြောင်း မြို့ခံများက ပြောကြသည်။