စစ်ကောင်စီတပ်ထုတ်ကုန် အရက်၊ ဘီယာများကို ပြည်သူ့ကွယ်ရေးအဖွဲ့ ဖျက်ဆီး

0
610
Photo - LLPDF

ထားဝယ်-ရှင်မော်ကားလမ်းအတိုင်း ခရီးသည်တင်ကားပေါ်ပါလာသည့် စစ်ကောင်စီတပ်ထုတ်ကုန် အရက်ဘီယာဖာ ၂၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖျက်ဆီးလိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇူလိုင် ၂၂ ရက်က လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြက်ယက်တွင်းကျေးရွာအနီး ကြိုတင် စောင့်ဆိုင်းစစ်ဆေးရာ စစ်တပ်ထုတ်ကုန် ဘီယာနှစ်ဖာနှင့် အာမီရမ် ဖာနှစ်ဆယ်ကျော် စစ်ဆေးတွေ့ရှိသဖြင့် ယင်းနေရာတွင်ပင် ဖျက်ဆီးပစ်လိုက်ကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းပစ္စည်းများကို ကျောက်နီမော်ကျေးရွာ လက်နက်ကိုင်ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့ဝင် ဦးချစ်စမ်းမောင်၏ ကုန်ပစ္စည်းများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“သူတို့ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေ ကြိုသတင်းရထားတာဖြစ်မယ်။ ချစ်စမ်းမောင်ပစ္စည်းတွေ သယ်လာတယ် ဆိုတာကို။ ကားသမားကလည်း ဝန်ခံတယ်လို့ပြောတယ်။ ကားသမားကိုတော့ ဘာမှမလုပ်ဘူး။ လွှတ်ပေးလိုက်တယ်လို့ ကြားရတယ်” ဟု ကြက်ယက်တွင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ယနေ့ (ဇူလိုင် ၂၃) နံနက်ပိုင်းက ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခဲ့သူ အမျိုးသားတစ်ဦးကလည်း ကြက်ယက်တွင်း ရွာအနီး ယခင်ကားမိုင်းဆွဲခံရသည့်နေရာတွင် ရိုက်ခွဲထားသည့် ပုလင်အခွံများနှင့် ဘီယာဘူးခွံ အမြောက်အများကို တွေ့ရှိခဲ့ကြောင်း ပြောသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ကျောက်နီမော်ရွာခံ ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်၏ အရက်ဆိုင်တွင် ရောင်းချရန် သယ်ယူလာသည့် အရက်၊ ဘီယာများကို ဖျက်ဆီးပစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။