ထိုင်းနိုင်ငံထဲ စံချိန်တင်ဝင်ရောက်နေသည့် မြန်မာလုပ်သားများ

0
483
ဓာတ်ပုံ - ASEAN_Today

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံသားများမှာ အလုပ်အကိုင်ရရှိရေးအတွက် ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် လာရောက်နေကြရပြီဖြစ်သည်။

ယခင်ကိုဗစ်ကာလအတွင်း ယိုင်နဲ့နဲ့စီးပွားရေး လုပ်ငန်းများမှာ စစ်တပ်အာဏာသိမ်းလိုက်မှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှု၊ ငွေကြေးမတည်ငြိမ်မှု ဒဏ်များနှင့်အတူ ပြိုလဲကျသွားပြီဖြစ်သည်။

အလုပ်လက်မဲ့တိုးလာ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် အထွေထွေအကျပ်အတည်းကြောင့် အလုပ်အကိုင် ရှားပါးမှု၊ အသေးစား၊ အလတ်စားလုပ်ငန်းများ ရပ်ဆိုင်းမှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားမှုတို့နှင့်အတူ ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုများ ဖြစ်ပေါ်လာသည်။

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar)၏ လေ့လာတွေ့ရှိချက်အရ စစ်အာဏာသိမ်းပြီး ခြောက်လအကြာ ၂၀၂၁ ခုနှစ် သြဂုတ်လအထိ ကာလအတွင်းတွင်ပင် ပြည်ပစီမံကိန်းများ ရပ်ဆိုင်းသွားမှုနှင့်အတူ ပို့ကုန်နှင့် အထည်ချုပ်လုပ်ငန်းများ နိုင်ငံအတွင်းမှ တဖြည်းဖြည်းထွက်ခွာသွားမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း ၅ သိန်းခန့် လျော့နည်းသွားကြောင်း ဖော်ပြခဲ့သည်။

ယင်းအပြင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလတွင် ကဏ္ဍအချို့၌ ပြည်ပရင်းနှီးမြှုပ်နှံမှု လုံးဝမရှိတော့သည်အထိ ဖြစ်လာကြောင်း ISP Myanmar ၏ မေလ ၁၉ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းကာလ တစ်နှစ်ကျော်အကြာ ၂၀၂၂ ပထမလေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံး၀၀င်ရောက်ခြင်း မရှိသည့် ကဏ္ဍများမှာ ဆောက်လုပ်ရေး၊ ရေနံနှင့် သဘာ၀ဓာတ်ငွေ့၊ စက်မှုဇုန်များ၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး တို့ဖြစ်ကြောင်း ISP Myanmar က စစ်ကောင်စီ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကို ကိုးကားပြီး ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ၂၀၂၀ ပထမလေးလပတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၀င်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီလျံကျော် ရှိခဲ့ပြီး အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီတစ်လတည်းမှာပင် ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိခဲ့သည်။

သို့သော် အာဏာသိမ်းကာလ တစ်နှစ်အကြာ ၂၀၂၂ ပထမ လေးလပတ်(ဇန်နဝါရီမှ ဧပြီလအထိ)၏ ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော်သာရှိခဲ့ပြီး ၃ နှစ်အတွင်း အနည်းဆုံး ပမာဏ ဖြစ်ကြောင်း ISP Myanmar ကဆိုသည်။

ယင်းအချက်အလက်များမှာ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍကျဆင်းမှုကို မီးမောင်းထိုးပြနေပြီး Dawei Watch မီဒီယာ၏ မြေပြင်အချက်အလက် ကောက်ယူမှုအရလည်း အသေးစား၊ အလတ်စားလုပ်ငန်းအများစုမှာ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း တွေ့ရသည်။

အထူးသဖြင့် ပြည်ပခရီးသွားဝင်ရောက်မှု ရပ်တန့်သွားသလို ပြည်တွင်းခရီးသွား လုပ်ငန်းများလည်း နည်းပါးသွားခြင်းကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ ကဲ့သို့ ခရီးသွားများကို မှီခိုနေရသည့် လုပ်ငန်းအများစု ရပ်ဆိုင်းသွားရပြီး ဆက်လက်လည်ပတ်နေသည့် လုပ်ငန်းများမှာလည်း အကြွေးများဖြင့် ရုန်းကန်နေရကြောင်းတွေ့ရသည်။

တနင်္သာရီတိုင်းအတွင်းရှိ စားသောက်ဆိုင်များ၊ ဟိုတယ်နှင့်တည်းခိုခန်းများ၊ အဆောင်လုပ်ငန်းများ၊ အဝတ်လျှော်၊မီးပူတိုက်လုပ်ငန်းများ၊ လက်ဖက်ရည်ဆိုင်များမှ အများစုမှာ လုပ်ငန်းရပ်ဆိုင်းသွားကြပြီဖြစ်သည်။

ယင်းအပြင် ဆက်လက်လုပ်ကိုင်ဆဲ လုပ်ငန်းများမှာလည်း အကြွေးများဖြင့် လည်ပတ်နေရပြီး ရပ်တည်ရန် ခက်ခဲလာသော အခြေအနေတွင် ရှိနေကြောင်း တွေ့ရသည်။

ယင်းအပြင် ဥယာဉ်ခြံလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူများမှာလည်း နယ်မြေမတည်ငြိမ်မှုကြောင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင် နိုင်ခြင်းမရှိသည်ကို တွေ့မြင်ရသည်။

ယင်းအခြေအနေများကို ကြည့်ပါက အလုပ်လက်မဲ့ ပြဿနာမှာ တောရော၊မြို့ပါ ရင်ဆိုင်နေကြရကြောင်း တွေ့မြင်နိုင်သည်။

ဓာတ်ပုံ – Bangkok_Post

ထိုင်းသို့စံချိန်တင် ဝင်ရောက်

ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုများကြောင့် အလုပ်အကိုင် ရရှိရေးအတွက် ရွှေ့ပြောင်းမြန်မာလုပ်သားများမှာ ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်နေကြပြီး ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ထားသော စာရင်းအရ တရားဝင်အထောက်အထားရှိသော မြန်မာအလုပ်သမားများမှာ ၁ ဒသမ ၆ သန်းခန့်ရှိကြောင်း သိရှိရသည်။

သို့သော် အ‌ထောက်အထားမဲ့ မြန်မာအလုပ်သမား ပမာဏမှာ ယင်းထက်ပိုမိုနိုင်သည်ဖြစ်ရာ ရွှေ့ပြောင်း မြန်မာအလုပ်သမား ၄ သန်းနီးပါး ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေနိုင်သည်ဟု ရွှေ့ပြောင်းအလုပ်သမားများကို အကူအညီပေးနေသည့် ထိုင်းအခြေစိုက် အဖွဲ့အစည်းများက ခန့်မှန်းကြသည်။

ပြီးခဲ့သည့်နှစ်က အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင် ၂ ကြိမ်ပြုလုပ်‌ပေးခဲ့ကြောင်း၊ ပထမအကြိမ် အထောက်အထားကတ် ထုတ်‌‌ပေးရာတွင် ၅ သိန်းခန့်ရှိပြီး ဒုတိယအကြိမ်တွင် ၆ သိန်းခန့်ရှိရာ တစ်သန်းခန့် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်း(FED) ၏အလုပ်သမားရေးရာဌာန တာဝန်ခံ ဦးမင်းဦးကဆိုသည်။

ယခုတတိယအကြိမ် အထောက်အထားကတ်များလုပ်ပေးရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း၊ သို့သော် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများမှာ အမြဲတိုးနေသဖြင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် ပမာဏကို ခန့်မှန်းရခက်ကြောင်း၊ မြန်မာလုပ်သား ၄ သန်းခန့် ရောက်ရှိနေနိုင်သည်ဟု သူလည်းခန့်မှန်းကြောင်း ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်မှုများ စံချိန်တင် များပြားနေပြီး ဖမ်းဆီးခံရမှုများလည်း နေ့စဉ်နီးပါးရှိနေသည်။

ယခုကဲ့သို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ဝင်ရောက်မှုမှာ နှစ်ပေါင်း ၂၀ ‌ကျော်အတွင်း အများဆုံးဖြစ်ကြောင်း ၁၉၉၆ မှ ၂၀၀၀ ခုနှစ်ကြားကာလတွင် အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့သော်လည်း ယခုလောက်မများကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အတိုင်ပင်ခံ ဦးစိန်ဌေးကဆိုသည်။

“၁၉၉၆ နဲ့ ၂၀၀၀ ဝန်းကျင်လောက်က မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းမှာရှိတဲ့ သူတွေ ထိုင်းဘက်ကို အစုလိုက်အပြုံလိုက် ဝင်ရောက်တာမျိုးနဲ့ ဆင်တယ်” ဟု ၎င်းကဆိုသည်။

ယင်းကာလကလည်း နိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်း၌အလုပ်အကိုင် ရှားပါးမှုများ ဖြစ်ပေါ်ပြီး  မြန်မာပြည်တောင်ပိုင်း ဒေသများမှ လူငယ်များမှာ အလုပ်အကိုင်အခွင့်အလမ်းများသည့် ထိုင်းဘက်ကို အစုလိုက်အပြုံလိုက်ထွက်ကြသဖြင့် ရွာများတွင် လူငယ်များမရှိတော့ဘဲ လူကြီးတွေလောက်သာ ကျန်ခဲ့သည်အထိ ဖြစ်ခဲ့သည်။

သို့သော် ယခု အခြေအနေမှာ မြန်မာပြည်တောင်ပိုင်းသာမက မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်ပိုင်းဒေသများမှ သူများပါ အလုပ်အကိုင်ရရှိရေး ထိုင်းနိုင်ငံသို့ လာရောက်နေကြခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းမြန်မာလုပ်သားများအရေး နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည့် ဦးစိန်ဌေးက သုံးသပ်ပြသည်။

“ပြည်တွင်းအလုပ်အကိုင် တော်တော်လျော့ပါး ရပ်ဆိုင်းသွားတယ်။ ပြည်တွင်းမှာ လုံလောက်တဲ့ ဝင်ငွေမရရှိတော့တဲ့အခါမှာ ထိုင်းဘက်ကို ထွက်လာကြတာ” ဟု ၎င်းကဆိုသည်။

တနင်္သာရီတိုင်းမှ ကျေးရွာများကို လေ့လာချက်အရ အသက် ၁၆ မှ ၄၀ ကျော်အရွယ်အထိ အမျိုးသား၊ အမျိုးသမီး အားလုံးနီးပါးမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်နေကြပြီး ကျေးရွာများတွင် လူငယ်များ မရှိသလောက်ဖြစ်နေကြောင်း တွေ့ရသည်။

မိဘများ၏ ပြောဆိုချက်များအရ ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးလာသလို နိုင်ငံရေးမကောင်းသဖြင့် လူငယ်များအတွက် ဖမ်းဆီးခံရမည့်အရေး၊ အသက်ဆုံးရှုံးမည့် ဘေးများရှိနေသဖြင့် မိဘများကိုယ်တိုင် ထိုင်းသို့သွားရောက် အလုပ်လုပ်ကိုင် နေထိုင်ရန် တွန်းအားပေးစီစဉ်ကြခြင်းဖြစ်ကြောင်း သိရသည်။

အန္တရာယ်ခရီး

မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်းသို့ မြန်မာ-ထိုင်းနယ်စပ်များရှိ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကာ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။

ယင်းသို့ဝင်ရောက်ရာတွင် ထိုင်း-မြန်မာနယ်စပ် ခရိုင်များဖြစ်သော ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟွန်ဆန်၊ တာ့ခ်၊ ကန်ချနဘူရီ၊ ရတ်ချဘူရီ၊ ဖာတ်ချဘူရီ၊ ပရာကျွတ်ခီရီခန်၊ ချွန်ဖွန်နှင့် ရနောင်း စသည့်နယ်စပ် ၁၀ ခရိုင်မှတစ်ဆင့် အသီးသီးဝင်ရောက်ကြခြင်းဖြစ်သည်။

၎င်းတို့အနက် တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ် မောတောင်နယ်စပ်လမ်းကြောင်း ဖြစ်သည့် ပရာကျွန်ခီရီခန်ခရိုင်နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းကြောင်းဖြစ်သည့် ကန်ချနဘူရီတို့မှ တစ်ဆင့်ထိုင်းနိုင်ငံအတွင်း ဝင်ရောက်မှုမှာ အများဆုံးဖြစ်သည်။

ယင်းသို့ဝင်ရောက်ရာတွင် ထိုင်းရဲများဖမ်းဆီးမှု မခံရစေရန် တောလမ်းများမှတစ်ဆင့် ဝင်ရောက်ကြခြင်းဖြစ်ရာ အသက်အန္တရာယ်ကြုံရသည်အထိ ဒုက္ခများစွာကြုံတွေ့ကြရသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် နှစ်ဆန်းမှ ယနေ့အထိဆိုလျှင် ထိုင်းနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ရင်း သေဆုံးရသူမှာ ၁၀၀ နီးပါးခန့်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ တွေ့ရသည်။

အဆိုပါ သေဆုံးမှုများတွင် တောလမ်း၌ ကားချောက်ထဲကျ၍ သေဆုံးမှု၊ လိုက်လံဖမ်းဆီးသဖြင့် ထွက်ပြေးရင်း ယာဉ်တိမ်းမှောက်မှု၊ ထိုင်းရဲများ၏ ပစ်ခတ်ဖမ်းဆီးခံရမှု၊ ကားအတွင်း အသက်ရှူကျပ်ကာ သေဆုံးမှုများလည်း ပါဝင်သည်။

ယခု ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းဖြစ်သော ဇန်နဝါရီလမှ မေလအထိကာလအတွင်းတွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၈၀၀၀ နီးပါးခန့်ရှိပြီး လမ်းခရီးတွင် မတော်တဆမှုကြောင့် သေဆုံးသူ ၄ ယောက်ခန့် ရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)၏ စာရင်းများအရ သိရှိရသည်။

ယင်းစာရင်းမှာ တရားဝင် ကောက်ယူရရှိထားသော စာရင်းသာဖြစ်ပြီး မြေပြင်အခြေအနေတွင် ပိုမိုများပြားနိုင်ကြောင်း ယခုနှစ်ဆန်းပိုင်းအတွင်း ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားမှာ ၄၀၀၀၀ နီးပါး ခန့်ရှိနိုင်ကြောင်း FED ထံမှသိရသည်။

ယင်းသို့တရားမဝင် သွားရောက်နိုင်ရန်အတွက် ပွဲစားများကိုချိတ်ဆက်ရပြီး ပွဲစားများကို ဘတ် ၂၂၀၀၀ မှ ၃၀၀၀၀ ကျော်အထိ (ကျပ် ၁၃ သိန်းမှ ၁၈ သိန်းခန့်အထိ) ပေးကြရသည်။

လမ်းခရီးတွင် ဖမ်းဆီးခံရပါက ပွဲစားများမှာ ဖြေရှင်းပေးနိုင်ခြင်းမရှိဘဲ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ပြစ်ဒဏ်ကျခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံကြရသည်။

ပြီးခဲ့သည့်လမှ စတင်ကာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်ဖြင့် တရားဝင်မြန်မာလုပ်သားများ ထိုင်းနိုင်ငံသို့ စတင်ဝင်ရောက် နေပြီဖြစ်သော်လည်း လက်ခံနိုင်သည့် ပမာဏမှာ အလွန်နည်းပါးသဖြင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှုများမှာ ဆက်လက်ရှိနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်ဖြင့် မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှ မြန်မာအလုပ်သမားများကို မေလ ၁၀ ရက်နေ့တွင် စတင်စေလွှတ်ခဲ့ပြီး မေလ ၃၁ ရက်နေ့အထိ အလုပ်သမား ၂၀၀၀ ကျော်လက်ခံခဲ့သည်။

မြန်မာနိုင်ငံတောင်ပိုင်း နယ်စပ်ဂိတ်ဖြစ်သော ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှလည်း ရေလမ်းကြောင်းမှတစ်ဆင့် MOU မြန်မာလုပ်သားများကို မေလ ၂၄ ရက်နေ့တွင် စတင်စေလွှတ်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့အထိ အလုပ်သမား ၃၀၂ ဦးကိုသာ လက်ခံနိုင်ခဲ့သည်။

ယင်းအပြင် MOU စနစ်ဖြင့် သွားရောက်မည့်သူများမှာ ကြိုတင်စာရင်းပေးထားရပြီး သွားခွင့်ရသူများမှာ ကျပ်သိန်း ၃၀ ခန့်အထိ ကုန်ကျလျက်ရှိသည်။

ယင်းကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ အန္တရာယ်များသော်လည်း တရားမဝင်လမ်းကြောင်းများမှသာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေကြခြင်းဖြစ်သည်။

ထိုင်းရောက် တရားမဝင်လုပ်သားများ

တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ထိုင်းနိုင်ငံအတွင်း ရောက်သော်လည်း အခက်အခဲများက လျော့ပါးသွားခြင်းမရှိဘဲ မတူညီသည့် အခက်အခဲများ စောင့်ကြိုနေကြသည်။

တရားမဝင်ရွှေ့ပြောင်းအလုပ်သမား တစ်ယောက်အနေနှင့် အခက်အခဲအများကြီးကြုံရကြောင်း၊ အလုပ်ရှာရခက်ခဲခြင်း ၊ လုပ်ငန်းရှင်များ၏ လုပ်ခလစာခေါင်းပုံဖြတ်ခံရခြင်း ၊ တစ်နေရာနှင့်တစ်နေရာ ရွှေ့ပြောင်းသွားလာရန် မလွယ်ကူခြင်းအပြင် ကျန်းမာရေးတစ်ခုခုဖြစ်ပါက ငွေကုန်ကြေးကျများကြောင်း၊ ယင်းအပြင် အလုပ်သွား၊ အလုပ်ပြန် အချိန်မရွေးဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း မဟာချိုင်တွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများကို မေးမြန်းချက်အရသိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ မိမိသွားလိုသည့် နေရာရောက်ပြီဆိုပါက ပထမဦးဆုံးလုပ်ရသည်က ရဲအဖမ်းမခံရရေးအတွက် ဒေသရဲများထံတွင် ရဲကတ်ဆိုသည့် ကတ်ပြားလေးတစ်ခုကို ပိုက်ဆံပေးလုပ်ရခြင်းဖြစ်သည်။

အဆိုပါ ရဲကတ်မှာ သက်တမ်းတစ်လပါရှိပြီး လမကုန်ခင်တွင် သက်တမ်းတိုးရပြီး သက်တမ်းတိုးချိန်တွင် ဘတ် ၃၅၀ (နှစ်သောင်းကျပ်ကျော်)ခန့်ပေးရသည်။

ရဲကတ်

ယင်းရဲကတ်မှာ နှစ်လက်မ ခန့်ရှိသည့် စက္ကူကတ်ပြားလေးပေါ်တွင် ကာယကံရှင်အမည်နှင့် ဓာတ်ပုံပါရှိပြီး ထိုင်းလိုရေးသားထားသော စာကြောင်းတစ်ခု (Ride Card ဟုဘာသာပြန်၍ရ)နှင့်အတူ အစစ်ဆေးခံရပါကာ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ ပါရှိသည်။

ရဲကတ်လုပ်ထားသူများမှာ သက်ဆိုင်ရာ သတ်မှတ်ဧရိယာအတွင်း သွားလာ၍ရပြီး ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအနေဖြင့် ပန်း‌ရောင်ကတ်ဟုခေါ်သော အလုပ်သမားကတ် မရသေးခင်တွင် အဆင်ပြေပြေ နေထိုင်နိုင်ရန် ရဲကတ်ပြုလုပ်ထားရသည်။

ဖမ်းဆီးစစ်ဆေးခံရစဉ်တွင် ရဲကတ်ပြပါက အများအားဖြင့် လွှတ်ပေးလေ့ရှိပြီး ရဲကတ်မရှိသူများမှာ အချုပ်မကျစေရန်အတွက် ဘတ် ၅၀၀၀ မှ တစ်သောင်း (ကျပ် ၃၀၀၀၀၀ မှ ၆၀၀၀၀၀ ကြား)အထိ ပေးကြရသည်။

ယင်းအပြင် အထောက်အထားရရှိမည်ဆိုကာ လိမ်ညာခံရခြင်း၊ အလုပ်အကိုင် ရရှိမည်ဆိုက လိမ်ညာခံရခြင်း စသဖြင့် လိမ်နည်းမျိုးစုံဖြင့် လိမ်မည့်သူများဘေးကလည်း ရှိနေသေးသည်။

3D လုပ်ငန်းခွင်

ယင်းအပြင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများမှာ အလုပ်ခွင်အတွင်း အခွင့်အရေး ဆုံးရှုံးမှုများစွာရှိကြောင်း၊ သတ်မှတ်သည့် လုပ်ခလစာ၊ အချိန်ပိုကြေးများ မရသည့်အပြင် လုပ်ငန်းခွင်အတွင်း ပြဿနာတစ်ခုခုဖြစ်ပါက အရှုံးဖြင့်သာ ကြုံတွေ့ကြရကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် FED မှ ဦးမင်းဦးကဆိုသည်။

လုပ်ငန်းကျွမ်းကျင်သူများပင် အထောက်အထားမရှိသည့်အတွက် အနှိမ်ခံရသည်များ၊ ရဲဖမ်းခံရသည်များ ရှိနေကြောင်း၊ လုပ်ငန်းလည်းမကျွမ်းကျင် အထောက်အထားမရှိဆိုသူများမှာ ပိုဆိုးကြောင်း ၎င်းကရှင်းပြသည်။

“အလုပ်ရှင်တွေက တရားမဝင်သူတွေကို ပိုခန့်ထားချင်တာက မလိုချင်တော့ရင်၊ အလုပ်ဆက်မခိုင်းချင်တော့ရင် တာဝန်ယူဖို့မလိုဘူး။ သက်ဆိုင်ရာ အာဏာပိုင် အကြောင်းကြားလိုက် လာဖမ်းသွားရင်ပြီးပြီ ဆိုတာမျိုးပေါ့ အခုနောက်ပိုင်းတော့ အလုပ်သမားအရေး ဥပဒေတွေပိုကောင်းလာပေမယ့် ဒါတွေ ရှိနေတုန်းပဲ” ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများသည်မှာ မှန်သော်လည်း လက်တွေ့တွင် ကျွမ်းကျင်သူများကိုသာ အလုပ်ရှင်များက လိုချင်ကြောင်း၊ မြန်မာနိုင်ငံပြန်သွားသည့် အလုပ်သမားဟောင်းများကို ပိုမိုလိုချင်ကြကြောင်း ဦးမင်းဦးကဆိုသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် စောင့်ကြိုနေသည့် အလုပ်များမှာ ကိုယ်ကာယအားပြုသည့် အလုပ်ကြမ်းများ၊ အန္တရာယ်ရှိလုပ်ငန်းခွင်များနှင့် ထိုင်းနိုင်ငံသားများမလုပ်ချင်သည့် အခြေခံအလုပ်များသာ အများစုရှိကြောင်း သိရှိရသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေက ကန့်သတ်ထားတဲ့ အလုပ်ပဲလုပ်လို့ရတယ်။ ‘3D’ ပေါ့ဗျာ။ အဲ(ညစ်ပတ်တဲ့၊ အန္တရာယ်များတဲ့၊ ပင်ပန်းဆင်းရဲတဲ့)အလုပ်တွေမှာပဲ သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်တွေမှာပဲ လုပ်ခွင့်ရှိတာ” ဟု ၎င်းကဆိုသည်။

လုပ်အားခကို ကြည့်ပါကလည်း တစ်ရက် (၈ နာရီအတွက်) လုပ်အားခမှာ ၃၂၅ ဘတ်(၁၉၀၀၀ ကျပ်)မှ ၃၃၆ ဘတ်(၂၀၀၀၀ ကျပ်) အထိသာ ရရှိကြသည်။

အလုပ်သမားအများအပြား ခေါ်ယူလေ့ရှိသည့် စက်ရုံများမှာ အချိန်ပို (Over Time)ရလေ့မရှိသဖြင့် နေ့စားခသာ ရလေ့ရှိပြီး ယင်းနှုန်းထားမှာ စားစရိတ်၊ နေစရိတ်ကာမိရုံမျှသာရှိကြောင်း မဟာချိုင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမတစ်ဦးကဆိုသည်။

“အထောက်အထားပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သား တစ်ယောက်အတွက် အလုပ်ရှာရတာသိပ်မခက်ပေမယ့် အထောက်အထားမဲ့ လုပ်သားတစ်ယောက်အတွက် အလုပ်အကိုင်ရွေးချယ်စရာ နည်းပါးပါတယ် ။ Over Time ကောင်းကောင်းမရတဲ့ အလုပ်ရုံတွေလောက်ပဲ ရွေးချယ်ခွင့်ရှိတယ်” ဟု ၎င်းကဆိုသည်။

ဆက်တိုက်မြင့်တက်လာသည့် လက်ရှိကုန်စျေနှုန်းအရဆိုပါက ယင်းလုပ်အားခငွေမှာ တစ်ကိုယ်စာ စားသောက်၊နေထိုင်ရေးအတွက်ပင် ခက်ခက်ခဲခဲရပ်တည်ရမည့် အခြေအနေဖြစ်ပြီး နေမကောင်း၍ အလုပ်မဆင်းနိုင်ပါက စားရေးပင် ခက်ခဲသွားနိုင်သည်။

ပြည်တော်ပြန်ရေး မျှော်လင့်ချက်

၂၀၁၀ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးကောင်းမွန်လာမှုနှင့်အတူ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုကြောင့် ထိုင်းရောက်မြန်မာလုပ်သားများမှာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ကြရာ ထိုင်းနိုင်ငံတွင် လုပ်သားရှားပါးမှုပင် ဖြစ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ပြည်တော်ပြန် မြန်မာလုပ်သားများမှာ ထိုင်းနိုင်ငံမှ ရရှိလာသည့် အတွေ့အကြုံ၊ အရင်းအနှီးနှင့် ကျွမ်းကျင်မှုပေါ်မူတည်ပြီး စက်ရုံ၊ အလုပ်ရုံများတွင် ဝင်လုပ်သည်များရှိသလို ကိုယ်ပိုင်စားသောက်ဆိုင်၊ ဥယာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်ကာ ရပ်တည်ခဲ့ကြသည်။

တိုင်းပြည်၏ စီးပွားရေး ဦးမော့မှုနှင့်အတူ ပြည်တော်ပြန် မြန်မာအလုပ်သမားများမှာလည်း ဝင်ငွေပိုမို ကောင်းမွန်လာကြပြီး အချို့မှာ အသေးစားလုပ်ငန်းများမှသည် အလတ်စားလုပ်ငန်းသို့ တက်လှမ်းရေး မျှော်မှန်းကြိုးစားနေချိန်တွင် ကိုဗစ်ကပ်ရောဂါဒဏ်ခံကြရပြီး လုပ်ငန်းများနှောင့်နှေးခဲ့ကြရသည်။

ကိုဗစ်အလွန်တွင် ပြန်ကောင်းလာနိုင်သည့် အခြေအနေကို မျှော်မှန်းကာ လုပ်ငန်းများကို မှေးပြီး လုပ်ကိုင်နေသော်လည်း စစ်တပ်အာဏာသိမ်းလိုက်မှု ဖြစ်စဉ်ကြောင့် စီးပွားရေးပြိုကျသွားမှုနှင့်အတူ ပြည်တော်ပြန် မြန်မာလုပ်သားများမှာ ထိုင်းသို့တစ်ကျော့ပြန် ထွက်ခွာကြရတော့သည်။

လူငယ်အများအပြားမှာလည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ထိုင်းသို့သွားရောက်ကြသည်ဖြစ်ရာ ၁၉၉၆ မှ ၂၀၀၀ ခုနှစ်ဝန်းကျင်ကာလကကဲ့သို့ပင် မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လူငယ်များမရှိတော့ပေ။

ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဘဝမှာရွေးချယ်စရာမရှိသဖြင့် အဆင်ပြေသလို ရပ်တည်နေရကြောင်း အာဏာသိမ်းမှုဖြစ်စဉ်အပြီး ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊စီးပွားရေး ကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံပြန်သွားပါကလည်း အလုပ်အကိုင် မရရှိမည့်တူတူ ထိုင်းနိုင်ငံတွင်သာ ရသလောက်အခြေအနေတွင် အဆင်ပြေစေရန် ကြိုးစားနေထိုင်နေရကြောင်း ထိုင်းရောက်မြန်မာ အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသူ ဦးစိန်ဌေးကဆိုသည်။

ထိုင်းနိုင်ငံတွင် လက်ရှိရသည့် အနိမ်ဆုံးလုပ်ခလစာမှာ စားရေး၊နေရေးအတွက်လောက်သာ ရရှိပြီး ခက်ခဲပင်ပန်းစွာ ရပ်တည်ကြရသည်ဖြစ်ရာ မြန်မာနိုင်ငံရေး အခြေအနေတည်ငြိမ်ပြီး လုပ်စားကိုင်စားနိုင်ချေ ရှိလာပါက ပြည်တော်ပြန်လိုကြောင်းသား ရွှေ့ပြောင်းမြန်မာအလုပ်သမား အများစုကပြောဆိုကြသည်။

သို့သော် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေမှာ ပိုမိုရှုပ်ထွေးနက်နဲလာနေပြီး နိုင်ငံရေးအခြေအနေ ပြေလည်သွားသည့်တိုင် စီးပွားရေးပြန်လည် ဦးမော့စေရေးမှာ ကာလတစ်ခုကြာနိုင်သည်ဆိုသော သုံးသပ်ချက်များကြောင့် မြန်မာလုပ်သားများ၏ ပြည်တော်ပြန် မျှော်လင့်ချက်မှာဝေးကွာ နေဦးမည်ဖြစ်သည်။