ပုလောအရှေ့ဖျားရွာများဖက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

0
358

ပုလောမြို့နယ်၊ အရှေ့ဖျားဒေသရှိ ကျေးရွာများဖက်သို့ ဇွန်လ ၂၈ ရက် ညတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

အရှေ့ဖျားဒေသရွာများဖြစ်သည့် နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ပုလောကုန်း၊ ရှမ်းဒွတ် စသည့် ကျေးရွာများဖက်သို့ ဇွန်လ ၂၈ ရက်ည ၇ နာရီမှစတင်ကာ ပစ်ခတ်ခံရပြီး နံနက် ၁ နာရီအချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ် အသံများကြားရကြောင်း ဒေသခံများက ပြောသည်။

“ရှမ်းဒွတ်ရွာထဲအထိ လက်နက်ကြီးတွေ လာကျတယ်။ လက်နက်ငယ်အသံတွေလည်း ကြားရတယ်” ဟု ရှမ်းဒွတ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ပုလော စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာများဘက်က ပစ်ခတ်ခြင်းဖြစ်ပြီး ပုလောအရှေ့ဖျားဒေသ ကျေးရွာများ ၏ အနီးပတ်ဝန်းကျင်တွင် PDF များ ခိုအောင်းလှုပ်ရှားနေသည်ဟုဆိုကာ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။

“PDF ကတော့ ထိလား မထိလားမသိဘူး။ ရွာသားတွေကတော့ ခဏခဏပြေးနေရတယ်” ဟု ဒေသခံ အမျိုးသား နောက်တစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်နေမှုကြောင့် လက်ရှိကျေးရွာ မည်မျှက ဒေသခံများ ထွက်ပြေးနေရသည်ကို အတည်မပြု နိုင်သေးသလို အထိအခိုက်ပျက်စီးမှုကိုလည်း စုံစမ်းနေဆဲဖြစ်သည်။

ဇွန်လ ၂၇ ရက်နေ့ နံနက်ကလည်း နန်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့မဟာမိတ်တပ်တို့ အကြား နှစ်နာရီအကြာ တိုက်ပွဲပြင်းထန်ခဲ့သေးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်သဖြင့် နန်းတောင်၊ ဂျက်ဂါ၊ မှော်မိ စသည့် ကျေးရွာ များမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သား ခြောက်ဦးကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ကျဆုံးသူ မရှိကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

ပုလောမြို့နယ် အရှေ့ဖျားရွာများဖြစ်သည့် နန်းတောင်၊ ပုလောကုန်း၊ ရှမ်းဒွတ်၊ မိကျောင်းသိုက် စသည့် ကျေးရွာ အုပ်စုများသည် KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်းရှိသည်။

ယင်းဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်များလည်း အခြေပြုကာ စစ်ရေးလှုပ်ရှားနေသည့်အတွက် ဆန်၊ ဆီ၊ စက်သုံးဆီများ သယ်ယူခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်ထားသည်။