ဘာသာရေးတင်းမာမှု ဖြစ်ပေါ်လာနိုင်၍ အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုတွင် အရေးပေါ်တပ်လှန့်ထား

0
293

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်တွင် ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှုနှင့် စပ်လျဉ်း၍ ဒေသတွင်း ဘာသာရေး တင်းမာမှုများ ဖြစ်နေရာ လုံခြုံရေးများကို တပ်လှန့်ထားကြောင်း BBC သတင်းက ဖော်ပြထားသည်။

အပ်ချုပ်သမားတစ်ဦးဖြစ်သူ ကန်ဟာယာလာကို အူဒါပူရ် ခရိုင်တွင် မွတ်ဆလင်ဘာသာဝင် အမျိုးသား နှစ်ဦးက သတ်ခဲ့ခြင်းဖြစ်ကာ သတ်နေသည်ကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ်သို့ တင်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက တမန်တော်မိုဟာမက်အား အငြင်းပွါးဖွယ်ဝေဖန်ခဲ့သူ နိုင်ငံရေးသမားကို ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသားက ထောက်ခံကြောင်း ဗီဒီယိုထဲတွင် လူသတ်သမားများက ပြောကြားသွားခဲ့သည်။

အဆိုပါဒေသကို အစိုးရက အင်တာနက်ဖြတ်တောက်လိုက်ပြီး လူစုလူဝေးဖြင့် စုဝေးမှုများကို တားမြစ်ထားသည်။

လူသတ်သမားများသည် ၎င်းတို့ မည်သူမည်ဝါများဖြစ်သည်ကိုပါ ဗီဒီယိုထဲတွင် ပြောကြားခဲ့ကြပြီး ၎င်းတို့ကို ရဲများက ဖမ်းဆီးထားသည်။

နောက်ထပ် ထပ်ထွက်လာသော ဗီဒီယိုထဲတွင် လူသတ်သမားများက လူသတ်ခဲ့ခြင်းအပေါ် ဝင့်ကြွားပြောဆိုခဲ့ပြီး ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ ကိုလည်း ဓါးကြိမ်းကြိမ်းခဲ့သည်။

အဆိုပါ ဗီဒီယိုများကို ပြန့်ပွါးအောင် ထပ်မံ မထုတ်လွှင့်ကြရန်အတွက် ရာဂျက်စ်သန်ပြည်နယ် ရဲတပ်ဖွဲ့က မီဒီယာများကို ပြောကြားထားသည်။