အသက်ဘေးကြောင့် လယ်စွန့်ကြသူများ

0
1988

လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသူ အများအပြားရှိသည့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် တိုက်ပွဲများကြောင့် လယ်ကိုစွန့်ပြီး အသက်လုပြေးနေရသည့် လယ်သမားအများအပြားရှိနေသည်။

တနင်္သာရီတိုင်း မြိတ်ခရိုင်တွင်လည်း ခပ်စိပ်စိပ်ဖြစ်လာသည့် တိုက်ပွဲများကြောင့် အသက်ဘေးအတွက် လယ်မြေကို လှည့်မကြည့်နိုင်တော့သော လယ်သမားများ ပိုမိုများပြားလာနေသည်။

တနင်္သာရီတိုင်းရှိ ခရိုင်သုံးခုတွင် မြိတ်ခရိုင်မှာ စစ်ဘေးရှောင်အများဆုံးဖြစ်ပြီး စစ်ဘေးရှောင် စုစုပေါင်း ၁၈၀၀၀ နီးပါးရှိနေကြောင်း ကောက်ယူရရှိထားသည့် အချက်အလက်များအရ သိရသည်။

မြိတ်ခရိုင်အတွင်း မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ရှိရာ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကာ ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရသည်။

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကစပြီး ဇွန်လ ၁၇ ရက်အထိ တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများ ရွာအတွင်းကျရောက်သည့်အတွက် ဒေသခံအများစုမှာ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး ယနေ့တိုင် တိမ်းရှောင်နေရဆဲ ဖြစ်သည်။

တနင်္သာရီမြို့နယ်၊ တကူ၊ သရဘွင်၊ သိန္ဒော စသည့် ကျေးရွာအုပ်စုများ တွင်လည်း ပြီးခဲ့သည့် မေလအတွင်း သုံးရက်ဆက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်တွင် ရွာသားအနည်းငယ်သာ နေရပ်ပြန်လာကြသေးကြောင်း ဒေသခံများက ပြောပြသည်။

“တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်။ အများစုက ကြောက်လို့ အိမ်မပြန်ရဲကြသေးဘူး” ဟု တကူကျေးရွာနေ အသက် ၃၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

အလားတူ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာအုပ်စုတွင် လယ်လုပ်သူအချို့ ရှိနေသော်လည်း စစ်ကောင်စီတပ်သားများ မကြာခဏဝင်ရောက် ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများ ရှိနေခြင်းကြောင့် လယ်လုပ်သည့်အချိန်ထက် ပြေးနေရသည့် အချိန်က ပိုများကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဇွန်လ ၂၃ ရက်နေ့ကလည်း မင်းထိန်၊ ပဝတ်ကုန်း စသည့် ကျေးရွာများသို့ စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေ စစ်ဆေးသဖြင့် ရွာသားများ ထွက်ပြေးကြရသေးကြောင်း ၎င်းတို့က ပြောသည်။

မင်းထိန်၊ ပဝတ်ကုန်း၊ ကဒဲ စသည့်ကျေးရွာ တစ်ဝိုက် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ယာဉ်တန်းများ မကြာခဏ မိုင်းဆွဲခံရလေ့ရှိပြီး တိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးဖမ်းဆီးလေ့ ရှိသည်။

“တစ်ချိန်လုံး တထိတ်ထိတ်တလန့်လန့်နဲ့ နေနေရတာ။ အလုပ်လုပ်ချိန် အေးအေးဆေးဆေး နေရတဲ့ အချိန်တောင် မရှိတော့ဘူး။ ပြေးနေရချိန်က များတယ်” ဟု မင်းထိန်ကျေးရွာနေ လယ်နှင့် ဥယျာဉ်ခြံလုပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲများနှင့်အတူ ဖြစ်ပေါ်လာသည့် နယ်မြေမအေးချမ်းမှုကြောင့် မိရိုးဖလာလုပ်ကိုင်လာသည့် အေးချမ်းလှသော လယ်ယာလုပ်ငန်းခွင်များမှာ ယခုအခါ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များဖြစ်လာခဲ့သည်။

တောင်သူလယ်သမားများမှာ လက်နက်ကိုင်များ၏ ဘေးအပြင် ခိုး၊ ဆိုး၊ လုယက်မှုများနှင့် ဆေးသမားများ၏ အနှောင့်အယှက်ပေးမှုများကိုလည်း ကြောက်နေကြရသည်။

မလုံခြုံသည့်ကြားက စွန့်စားကာ လယ်လုပ်မည်ဆိုလျှင်လည်း အလွန်အကျွံ မြင့်တက်လာသည့် စက်သုံးဆီနှင့် ဓာတ်မြေဩဇာအပါအဝင် လယ်ယာသွင်းအားစု ဈေးများက လယ်သမားများ လယ်မလုပ်ရေးအတွက် တွန်းအားပေးသလိုဖြစ်နေသည်။

ယင်းအပြင်ကျေးရွာများကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးခြင်း၊ ရိက္ခာများ၊ စက်သုံးဆီများ သယ်ယူခွင့် ကန့်သတ်ခံရခြင်း တို့ကြောင့်လည်း လယ်လုပ်ရန် အခက်အခဲ ကြုံရပြန်သည်။

“အဓိက ဆန်တွေသယ်မရဘူး။ ဓါတ်ဆီ၊ ဒီဇယ်လည်း ကန့်သတ်ထားတော့ လယ်တွေ ဒီအတိုင်းပစ်ထားရတယ်” ဟု ပုလောမြို့နယ် ရှမ်းဒွတ်ကျေးရွာနေ လယ်သမားတစ်ဦးက ပြောသည်။

ရှမ်းဒွတ်သည် ပုလောအရှေ့ဖျားဒေသရှိ ကျေးရွာ အုပ်စုတစ်ခုဖြစ်ပြီး ယင်းဒေသတွင် နန်းတောင်၊ ပုလောကုန်း၊ မိကျောင်းသိုက် စသည့် ကျေးရွာအုပ်စုတို့လည်း ရှိသည်။

အရှေ့ဖျားဒေသရှိ ကျေးရွာအုပ်စုများသည် KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေတစ်ခု ဖြစ်သည့်အပြင် ဒေသပြည်သူ့ကာကွယ်ရေးတပ်များ စစ်ရေးလှုပ်ရှားသည့် နယ်မြေများလည်းဖြစ်သည်။

ထို့ကြောင့် ယင်းဒေသများကို စစ်ကောင်စီတပ်က မေလ တတိယပတ်ဝန်းကျင်မှ စတင်ကာ ရိက္ခာသယ်ယူခွင့် ကန့်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲများကြောင့် ယခုနှစ်မိုးရာသီ လယ်မလုပ်ဘဲ ရပ်နားထားရကြောင်း တနင်္သာရီနှင့် ပုလောမြို့နယ်တို့မှ ဒေသခံများက ပြောသည်။

ပုလောမြို့နယ်တွင် မင်းထိန်၊ ပဝတ်ကုန်း၊ ကဒဲ၊ ဂျက်ဂါ၊ ပုလောကုန်း၊ ရှမ်းဒွတ်၊ မိကျောင်းသိုက်စသည့် ကျေးရွာတို့ဖြစ်ပြီး တနင်္သာရီမြို့နယ်ရှိ လယ်သစ်နှင့် ပဝကျေးရွာအုပ်စုတို့တွင်လည်း လယ်မလုပ်နိုင်ကြကြောင်း ဒေသခံများထံ မေးမြန်းစုံစမ်းချက်အရ သိရသည်။

တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရပြီး အများစုမှာ တောထဲတွင် နေထိုင်နေရခြင်း၊ စက်သုံးဆီဈေး၊ ဓာတ်မြေဩဇာ အပါအဝင် လယ်ယာသွင်းအားစုများ ဈေးမတန်တဆ ကြီးမြင့်နေခြင်းတို့ကြောင့် လယ်မလုပ်တော့သည့် လယ်သမားများ ပြားလာခြင်းဖြစ်သည်။

လယ်သမားများ လယ်မလုပ်ရတော့သဖြင့် ဝမ်းရေးအတွက်လည်း သောက ရောက်နေကြရပြီဖြစ်သည်။

“နွေတုန်းက ကွမ်းသီးခြောက် ရောင်းထားတာတွေကုန်ပြီ။ ရွှေတိုရွှေစလည်း မရှိတော့ဘူး” ဟု တနင်္သာရီမြို့နယ် လယ်သစ်ရွာသူ လယ်ယာနှင့် ဥယျာဉ်ခြံမြေလုပ်ငန်း လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လယ်ယာ၊ ဥယျာဉ်ခြံမြေအပါအဝင် အသက်မွေးဝမ်းကျောင်း အလုပ်များ မလုပ်နိုင်လျှင်အနှစ်နှစ်အလလ ကြိုးကြိုး စားစား လုပ်ထားသည့် တောင်ယာလေးကိုပင် နောက်ဆုံးရောင်းချပေါင်နှံပြီး စားဝတ်နေရေး ဖြေရှင်းရတော့မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

တနင်္သာရီမြို့နယ်၊ တကူ၊ သရဘွင်၊ သိန္ဒော စသည့် ကျေးရွာအုပ်စုများ တွင်လည်း PDF များ ခိုအောင်းနေသည် ဟုဆိုကာ စစ်ကောင်စီတပ်က ဧပြီလ ပထမအပတ်မှ စတင်ကာ ဆန်နှင့် စက်သုံးဆီ သယ်ယူခွင့် ကန့်သတ်ထား သည်။

လယ်သစ်၊ ပဝ၊ သရဖုံ စသည့်ကျေးရွာများတွင်လည်း PDF များ ခိုအောင်းနေသည်ဟုဆိုကာ ဆန် အပါအဝင် စားနပ်ရိက္ခာ၊ စက်သုံးဆီတို့ကို လွန်ခဲ့သည့် ၃ လခန့်ကပင် သယ်ယူခွင့် စစ်ကောင်စီတပ်က ကန့်သတ်ထားသည်။

“လယ်မလုပ်ရတော့ လာမယ့်နှစ်ကို မပြောနဲ့ ဒီတစ်မိုးတောင် တချို့လူတွေ စားဖို့ဆန် မရှိကြတော့ဘူး” ဟုတနင်္သာရီမြို့နယ် လယ်သစ်ရွာမှ လယ်သမားတစ်ဦးက ဆိုသည်။

ယင်းကြောင့် မြိတ်ခရိုင်အတွင်းရှိ ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံထားရသည့် ဒေသများမှာ လယ်မစိုက်နိုင်ပါက ဆန်ပြတ်လပ်မည့်ဘေးကို ကြုံရနိုင်ကြောင်း သိရှိရသည်။

ဒေသခံများမှာ တိုက်ပွဲများကြောင့် အသက်ဘေး စိုးရိမ်ရသလို၊ အငတ်ဘေးလည်း ကြောက်နေကြရသည့် အခြေအနေဖြစ်နေသည်။

“တိုက်ပွဲတွေက ဘယ်အချိန်ပြီးမယ်မသိဘူး။ လက်နက်ကြီးလာကျပြီးတော့ သေမလား၊ စားရမဲ့သောက်ရမဲ့ဘဝနဲ့ တောထဲ ငတ်ပြတ်ပြီးပဲသေမလား။ မပြောတတ်တော့ဘူး” ဟု လယ်သစ်ရွာက တောင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။