ထိုင်း ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၁၉ဦး အဖမ်းခံရ

0
331
Photo: Piyarat Chongcharoen

ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၉ ဦးကို ကန်ချနဘူရီ ခရိုင်တွင် ဇွန်လ ၂၅ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်သည်။

မြန်မာအလုပ်သမားများသည် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ နေအိမ်တစ်အိမ်တွင် ခရီးဆက်ရန် စောင့်ဆိုင်း နေစဉ် ရွာသားများက သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းမိခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။

မြန်မာအလုပ်သမား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးရမိပြီး ထိုင်းနိုင်ငံသားပွဲစားနှင့်အတူ ကူညီ ဆောင်ရွက်ပေးသူ ၅ ဦးတို့ကိုပါ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုင်းဘတ် ၅၃၆၆၀ ၊ မော်တော်ဆိုင်ကယ် တစ်စီးနှင့် မိုဘိုင်းလ်ဖုန်း ငါးလုံးတို့ကို အဆိုပါအိမ်တွင် သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များကဆိုသည်။

ထိုင်းပွဲစားကို စစ်ဆေးသောအခါ ၎င်းတို့သည် မြန်မာအလုပ်သမားများကို ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းမှ တဆင့် နယ်စပ်မြို့ဖြစ်သော စွန်ခရာဘူရီသို့ ဆိုင်ကယ်နှင့် လှေများသုံးပြီး ခေါ်လာကာ အဆိုပါအိမ်တွင် ထားရှိထားခြင်း ဖြစ်သည်ဟု ထွက်ဆိုကြောင်း ထိုင်းရဲက ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမား တစ်ဦးလျှင် ပွဲစားခအဖြစ် ဘတ်ငွေ ၃၂၀၀၀ (ကျပ် ၁၈ သိန်းကျော်) ယူကာ ထိုင်းနိုင်ငံအတွင်းသို့ ခေါ်ယူပေးသည်ဟု ပွဲစားက ပြောဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

မြန်မာလုပ်သားများကို မေးမြန်းရာတွင် နိုင်ငံအတွင်း မတည်ငြိမ်မှုနှင့် အလုပ်အကိုင်မရှိသဖြင့် ထိုင်းနိုင်ငံအတွင်းသို့ အရဲစွန့်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ထွက်ဆိုကြကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုထားသည်။

မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသား ပွဲစားများနှင့်အတူ ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆက်လက် အရေးယူရန် စန်ခရာဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်းနိုင်ငံရေး မငြိမ်မသက်မှုနှင့် အလုပ်အကိုင်ရှားပါးလာမှုကြောင့် မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည်။

ယင်းသို့ ဝင်ရောက်ရာတွင် တနင်္သာရီတိုင်း မောတောင်နယ်စပ်လမ်းကြောင်းမှ ပရာကျွန်ခီရီခန်ခရိုင်သို့၊ ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းကြောင်း ကန်ချနဘူရီခရိုင်သို့ ဝင်ရောက်ကြရာ အထက်ပါခရိုင်နှစ်ခုတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှု အများဆုံးဖြစ်သည်။

Ref: Bangkok Post