မိုးစပါးချေးငွေ ၂ နှစ်ဆက်တိုက် မရသဖြင့် အခက်တွေ့ဟု လယ်သမားအချို့ပြော

0
392

တနင်္သာရီတိုင်း၌ လယ်လုပ်ရာသီတွင် မိုးစပါးချေးငွေ ၂ နှစ်ဆက်တိုက် မရသဖြင့် အခက်အခဲကြုံတွေ့ရကြောင်း ဒေသခံလယ်သမားအချို့က ပြောသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကတည်းက မိုးစပါးချေးငွေ မရခြင်းဖြစ်ပြီး ယခုနှစ်ပါဆိုလျှင် ၂ နှစ် ဆက်တိုက် ရှိလာပြီဖြစ်ကြောင်း တောင်သူလယ်သမားအချို့က ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး မရှိသည့်ကျေးရွာများမှ လယ်သမားများမှာ ချေးငွေမရကြခြင်းဖြစ်ကြောင်း လယ်သမားများ ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်ကတည်းက မိုးစပါးချေးငွေထုတ်ယူရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ သွားရောက်မေးမြန်းခဲ့ရာ ထောက်ပံ့ ကြေး ကျမလာဟုဆိုကြောင်း ထားဝယ်မြို့၊ ဥဿရံရပ်ကွက်မှ လယ်သမား ဦးကျော်ကျော်လင်းက ပြောသည်။

“မိုးစပါးချေးငွေ မရတာ ဒီနှစ်နဲ့ပါဆို ၂ နှစ်ရှိပြီ။ အရင်တုန်းကဆို ရပ်ကွက်မှာ ထုတ်ပေးတယ်။ အခုလည်း အဲဒါ ဘာသံမှ မကြားဘူး။ မနှစ်တုန်းက သွားမေးလည်း အဖြေမရ။ ထောက်ပံ့ကြေးငွေတွေ မကျလာဘူးဆိုပြောတယ်” ဟု ၎င်းက ဆိုသည်။

ရေဖြူမြို့နယ် ကျေးရွာတစ်ရွာမှ အသက် ၆၀ ခန့်ရှိ လယ်သမားအမျိုးသမီးကြီးတစ်ဦးကလည်း ၎င်းတို့ရွာတွင် မိုးစပါးချေးငွေ မရသည်မှာ ၂ နှစ်ဆက်တိုက်ရှိလာပြီဖြစ်ကြောင်း ပြောသည်။

“အခုက ပင်ပန်းတယ်ကွယ်။ ရွာမှာ လူကြီးမရှိဘူးဆိုပြီး မန်း (ချေး) ငွေလည်း မရဘူး။ ပစ္စည်းရှိသမျှကလည်း အကုန် လုံး ဈေးတက်၊ စက်သုံးဆီတဂါလံကို တစ်သောင်းကျော်ဖြစ်နေတယ်လေ။ အဲဒီလိုဆိုတော့ လယ်လည်း နိုင်သမျှပဲ လုပ်တော့တယ်” ဟု လယ် ၇ ဧကရှိသည့်အနက် ၄ ဧကသာ လုပ်တော့သည့် အထက်ပါအမျိုးသမီးက ပြောဆိုသည်။

ရေဖြူမြို့နယ်တွင် ကျေးရွာအချို့တွင်လည်း အုပ်ချုပ်ရေးမှူး မရှိသဖြင့် မိုးစပါးချေး‌ငွေ မရဘဲဖြစ်နေသည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးရှိသည့် ကျေးရွာများတွင် မိုးစပါးချေးငွေရပြီး အုပ်ချုပ်ရေးမှူးမရှိသည့် ကျေးရွာများတွင် မိုးစပါးချေးငွေ မရဘဲဖြစ်နေကြောင်း အထက်ပါအမျိုးသမီးကြီးက ဆက်လက်ပြောဆိုသည်။

အာဏာသိမ်းကာလတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အသတ်ခံနေရခြင်း၊ ထွက်ပြေးတိမ်းရှောင် နေကြရခြင်းတို့ကြောင့် ကျေးရွာအများအပြားတွင် အုပ်ချုပ်ရေးမှူး မရှိကြပေ။

ရေဖြူမြို့နယ်တွင် ကျေးရွာတစ်ရွာမှ လယ်ပိုင်ရှင် အမျိုးသမီးကြီးနောက်တစ်ဦးကမူ ပြီးခဲ့သည့်နှစ်က အုပ်ချုပ်ရေးမှူး ရှိသေး၍ အုပ်ချုပ်ရေးမှူးလက်မှတ်ထိုးပေးသောကြောင့် မိုးစပါးချေးငွေ ထုတ်ချေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် အုပ်ချုပ်ရေးမှူး ထွက်ပြေးတိမ်းရှောင်နေသဖြင့် မိုးစပါးချေးငွေမရဖြစ်နေကြောင်း ပြောဆိုသည်။

ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့မရှိလျှင် မိုးစပါးချေးငွေ ထုတ်ပေး၍ မရကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ တိုင်းမန်နေဂျာ ဦးအောင်မျိုးသန်းက ပြောသည်။

ချေးငွေ ထုတ်ချေးရန် ကျေးရွာတွင် ချေးငွေစိစစ်ရေးအဖွဲ့ကို ဖွဲ့ထားပြီး ယင်းအဖွဲ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌဖြစ်ကာ ကျေးရွာလယ်ယာမြေစိစစ်ရေးအဖွဲ့ဝင်၊ ကျေးရွာမြေတိုင်းစာရေး၊ မိုးစပါးချေးငွေထုတ်ချေးမည့် တောင်သူလယ်သမားတို့လည်း ပါဝင်ကြသည်။

ယင်းအဖွဲ့သည် ချေးငွေလျှောက်ထားသည့် လယ်သမားကို ၎င်းပိုင်ဆိုင်သည့် လယ်ယာမြေ ဟုတ်မဟုတ်၊ ကွင်းအမှတ်၊ ဦးပိုင်အမှတ်၊ လယ်ဧက၊ ကြွေးကျန်ရှိမရှိ စသည်တို့ စစ်ဆေးကာ မှန်ကန်လျှင် ထောက်ခံချက် လက်မှတ် ထုတ်ပေးရသည်။

လယ်သမားသည် ယင်းထောက်ခံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ချေးရခြင်းဖြစ်သည်။

“အဓိကတော့ ရပ်ကျေးစိစစ်ရေးအဖွဲ့တွေက နိုင်ငံရေးအနေအထားကြောင့် ဖြစ်ရင်ဖြစ်မယ်၊ တချို့ကျေးရွာအုပ်စုတွေ မှာ အုပ်ချုပ်ရေးမှူးတွေ မရှိတာလည်း ရှိကောင်းရှိမယ်၊ တချို့ကျတော့လည်း ရှိတော့ရှိတယ် ဘယ်မှာမှန်းမသိဘူး၊ ရှောင်တိမ်းပုန်းနေရတဲ့ အနေအထားရှိရင်ရှိမယ်၊ လုံခြုံရေးအရပေါ့နော်၊ ကျေးရွာစိစစ်ရေးအဖွဲ့ရဲ့ပုံသဏ္ဍန်ကိုက ပျက်ယွင်းနေတဲ့သဘောဖြစ်နေတဲ့အခါကျတော့ ငွေချေးလို့မရဘူး။ ရပ်ကျေးအဖွဲ့အစည်းမှ မရှိရင် အာမခံတဲ့အဖွဲ့မှ မရှိရင် နိုင်ငံတော်ဘဏ္ဍာငွေကိုတော့ ချေးပေးလို့မရဘူး။ အဲဒီပုံစံနဲ့ ကြန့်ကြာနေတာ ရှိကောင်းရှိနိုင်တယ်” ဟု ဦးအောင်မျိုးသန်းက ဆိုသည်။

ကျေးရွာ ချေးငွေစိစစ်ရေးအဖွဲ့မရှိသဖြင့် ချေးငွေရယူရန် ကြန့်ကြာနေခြင်းသာ ဖြစ်နိုင်ပြီး ဘဏ်ဘက်ကမူ အဆင်သင့် လုပ်ထားကြောင်း ၎င်းက ပြောဆိုသည်။

“ဘဏ်ဘက်ကတော့ ဘာမှချို့ယွင်းချက်မရှိဘူး။ အကုန်လုံး အဆင်သင့်လုပ်ပေးထားတယ်။ ကျေးရွာချေးငွေ စိစစ်ရေးအဖွဲ့ရဲ့ စိစစ်ထောက်ခံချက်အရ ချေးတာ၊ လယ်သမားတစ်ယောက်ချင်းစီတိုင်းကို လာသမျှကို တို့က (ဘဏ်က) တိုက်ရိုက်ချေးပေးနေတာ မဟုတ်ဘူး” ဟု ဦးအောင်မျိုးသန်းက ပြောသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းကာလတွင် တိုင်းအတွင်း မြို့နယ် ၁၀ ခုအတွက် မိုးစပါးချေးငွေထုတ်ချေးရန် ကျပ် ၆၃၆၈ ဒသမ ၂၅ သန်း နိုင်ငံတော်က ချထားပေးခဲ့ပြီး ၅၇၄၄ ဒသမ ၇၀ သန်းထုတ်ချေးခဲ့ကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

ယင်းငွေကို ကျေးရွာပေါင်း ၁၅၅ ရွာမှ တောင်သူ ၆၆၃၂ ဦး၏ လယ်ဧက ၃၈၂၉၈ ဧကအတွက် ထုတ်ချေးခဲ့ခြင်းဖြစ်ပြီး ပိုလျံွပြန်အပ်ငွေမှာ ၆၂၃ ဒသမ ၅၅ ကျပ်သန်း ရှိခဲ့ကြောင်း ဦးအောင်မျိုးသန်းက ပြောဆိုသည်။

ယခု ၂၀၂၂ ခုနှစ်တွင် ၇၆၅၀ ကျပ်သန်း ခွင့်ပြုပေးထားပြီး မေလ ၁၆ ရက်မှ ဇွန်လ၂၃ ရက်နေ့အထိ တောင်သူ ၃၀၃၇ ဦး၏ လယ်ဧက ၁၇၆၃၁ ဧကအတွက် မိုးစပါးချေးငွေ ၂၆၄၄ ဒသမ ၆၅ ကျပ်သန်း ထုတ်ချေးထားပြီဖြစ်ကြောင်း အထက်ပါဘဏ်၏စာရင်းများအရ သိရသည်။

မြို့နယ် ၉ ခုတွင် ငွေထုတ်ချေးပေးထားခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်တွင် မိုးစပါးချေးငွေထုတ်ချေးနိုင်ရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စိုက်ဘဏ်တို့ကို ဆက်သွယ်နေဆဲဖြစ်ကြောင်း ဦးအောင်မျိုးသန်းက ပြောသည်။

လယ်သမားများမှာ လယ်ထွန်စက်ခငှားခ ဈေးမြင့်တက်လာခြင်း၊ စက်သုံးဆီဈေးမြင့်တက်လာခြင်း၊ လယ်ယာ သွင်းအားစုများ ဈေးအဆမတန်ကြီးမြင့်သွားခြင်း ဒဏ်တို့ကို ခံနေရသည်။

ယင်းအပြင် အလုပ်သမား ငှားရမ်းခဈေးကြီးခြင်း၊ အလုပ်သမားရှာရခက်ခြင်း၊ မိုးစပါးချေးငွေမရခြင်း၊ လုပ်ကူမည့် သားသမီးများက ထိုင်းနှင့် မလေးရှား စသည်တို့ကို ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ခြင်း တို့ကြောင့်လည်း လယ်မလုပ်နိုင်သူလည်း များလာကြောင်း လယ်သမားတို့ကို မေးမြန်းချက်အရ သိရသည်။

လယ်လုပ်သူများမှာလည်း မိုးရွာနည်း၍ လယ်ထဲ ရေမရသဖြင့် စပါးပင်များ သေခြင်း၊ ဓာတ်မြေဩဇာ ယခင်အချိုး အစား အတိုင်း မထည့်နိုင်ခြင်းတို့ကြောင့် တွက်ခြေမကိုက်မည်ကို စိုမ်းရိမ်နေရကြောင်း လယ်သမားအချို့က ပြောသည်။