လောင်းလုံး ၊ဂေါ့အင်းနှင့် ကဒက်ကြီးတွင် ဒေသခံသုံးဦးပစ်သတ်ခံရဟုထုတ်ပြန်

0
694

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာနှင့် ကဒက်ကြီးကျေးရွာနေ ဒေသခံသုံးဦး ဇွန်လ ၂၆ ရက်ညက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့နှင့် ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီတို့ထံမှ သိရသည်။

ယင်းည ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကဒက်ကြီးကျေးရွာသို့ရောက်လာပြီး ယင်းကျေးရွာနေ အသက် ၆၀ ကျော်အရွယ် ဦးသောင်းဝင်းနှင့် ဒေါ်ဝင်းအေး(ခ) မိကြုံ ဆိုသူလင်မယားနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမူသပိတ် ကော်မတီက ထုတ်ပြန်သည်။

“ဟုတ်ပါတယ်။ ညက ဖြစ်တာပါ။ ပစ်သတ်ခံရတဲ့အိမ်က သာစည်ဘီယာဆိုင်နားမှာပါ” ဟု ကဒက်ကြီးဒေသခံတစ်ဦးက ဆိုသည်။

ကဒက်ကြီးကျေးရွာသည် လောင်းလုံးမြို့ တောင်ဘက် ၈ မိုင်ကျော်အကွာ ထားဝယ်- ရှင်မော်သွား ကားလမ်းမပေါ်တွင် တည်ရှိသည်။

ယင်းညတွင်ပင် လောင်းလုံးမြို့ ဂေါ့အင်းကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးဆန်းဝင်းကိုလည်း နေအိမ်အရှေ့တွင်ပင် ပစ်သတ်သွားခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်သည်။

“ဦးဆန်ဝင်းက အိမ်မှာ ပရိဘောဂလုပ်ပါတယ်။ သူတို့အိမ်က ကြယ်တောင်ခြေရင်းနားမှာ။ ညက သေနတ်သံဆယ်ချက်ကျော်တယ် ကြားရတာ အဲလောက်ပဲသိတယ် ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းပစ်သတ်ခံရသည့် ဖြစ်စဉ်နှစ်ခုလုံးမှာ ညဘက်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်စဉ်အသေးစိတ်နှင့် မည်သည့်အတွက် ပစ်သတ်ခဲ့သည်ကို ဒေသခံများကို မေးမြန်းအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းပစ်ခတ်မှုများကို လောင်းလုံးမြို့တွင် အခြေစိုက်သည့် စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်များ(စရဖ)၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပန္ဒလဲကျေးရွာတွင် စခန်းချထားသည့် ပျူစောထီးအဖွဲ့ဝင်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစ်သတ်ခံရသည့် ဒေသခံနေအိမ်မှ ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားပြီး ပစ္စည်းအချို့ကိုမူ ဖျက်ဆီးထားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဓာတ်ပုံမှတ်တမ်းနှင့်တကွဖော်ပြထားသည်။

ဂေါ့အင်းကျေးရွာမှာ လောင်းလုံးမြို့ တောင်ဘက် ၅ မိုင်ခန့်အကွာ ထားဝယ်-ရှင်မော်လမ်းပိုင်းတွင် တည်ရှိသည်။

ဇွန်လ ၁၆ ရက် ညကလည်း ဂေါ့အင်းကျေးရွာနေ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။

ယင်းအပြင် ဂေါ့အင်းနှင့် ဝေဒီကျေးရွာရှိ နေအိမ်အချို့ မီးရှို့ခံရပြီး နေအိမ်တစ်ဆောင် ပျက်စီးသွားခဲ့သည်။

ဇွန်လ ၁၆ ရက်က ယင်းကဲ့သို့ လူသေဆုံးမှု နေအိမ်မီးလောင်မူတို့ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဂေါ့အင်းကျေးရွာ ရတနာသီရီဘုန်းကြီးကျောင်းတွင် တပ်စွဲလိုက်သည်။ လောင်းလုံးမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တပ်စွဲထားသည်။

ယင်းသို့ အင်းအားဖြည့် တပ်စွဲပြီးနောက် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် ကင်းလှည့် စစ်ဆေး၊ ဖမ်းဆီးခြင်းတို့လုပ်ဆောင်နေကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးဖမ်းဆီးမှုခံခဲ့ရသည့် ကျေးရွာများမှ ဒေသခံအချို့မှာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဇွန်လ ၁၆ ရက်မှ ၂၆ ရက်အထိ ဆယ်ရက်တာအတွင်း လောင်းလုံးမြိုနယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀၀၀ ခန့်ရှိပြီး ဖမ်းဆီးခံထားရသူ ၃၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာများအတွင်း စစ်ဆေး၊ ရှာဖွေဖမ်းဆီးမူများ လုပ်ဆောင်နေသလို တစ်ဖက်တွင်လည်း လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် မှတ်ပုံတင်အသစ်ထုတ်ပေးခြင်းကို တပြိုင်တည်း လုပ်ဆောင်လျက်ရှိသည်။