သထုံ ထုံးဘိုလေးရွာမီးရှို့ခံရ၊ ဒေသခံထောင်နှင့်ချီ ထွက်ပြေး

0
218
Photo - KNU

မွန်ပြည်နယ် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စု ထုံးဘိုလေးကျေးရွာ မီးရှို့ခံရသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ရပြီး အနီးဝန်းကျင်ရွာများက ဒေသခံ ထောင်နှင့်ချီလည်း ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ဒေသခံများက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက ထုံးဘိုလေးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ထုံးဘိုလေးကျေးရွာကို ဝင်ရောက် လာပြီးနောက် မီးလောင်ခြင်းဖြစ်ပြီး ဇွန် ၂၆ ရက်နေ့ နံနက်ပိုင်းအထိ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ရွာလုံးကျွတ် ထွက်ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ ထွက်ပြေးနေရသည့်အတွက် ရွာမီးရှို့ခံထားရ၍ပျက်စီးသည့် အခြေအနေကို သေသေချာချာ မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။

သထုံမြို့နယ် ပြည်သူ့တော်လှန်ရေးအင်အားစုကမူ စစ်ကောင်စီတပ်ကို အကောင်းဆုံး ရင်ဆိုင်တိုက်ခိုက် ခဲ့သော်လည်း လက်နက်ခဲယမ်း မလုံလောက်သဖြင့် စစ်ကောင်စီစစ်ကြောင်း တိုးဝင်လာနိုင်ခဲ့ပြီး ကျေးရွာ မီးရှို့ခံရသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်တို့က ထုံးဘိုကျေးရွာကို မီးရှို့လိုက်သည့်အပြင် အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီး များဖြင့် ဆက်လက် ပစ်ခတ်နေသည်ဟုလည်း KNU ဘက်က ထုတ်ပြန်ထားသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဖာပိန်၊ ကျောက်တောင်၊ ကျောက်တောင်ရွာလေး၊ အင်းရွာ၊ စောအဲဖိုး၊ နောက်ကတုတ်အထက်ကျေးရွာ အစရှိသည့် ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ထုံးဘိုလေးကျေးရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းလည်း မီးရှို့ခံထားရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သထုံမြို့နယ်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်က အင်အားတိုးချဲ့၊ စစ်ကြောင်းထိုးလာသည့်အတွက် KNU ပူးပေါင်းတပ်ဖွဲ့တို့နှင့် မကြာခဏ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိပြီး ဆက်လက်၍လည်း တိုက်ပဲြပြင်းထန်လာနိုင်ကြောင်း KNU က ထုတ်ပြန်ထားသည်။