အလုခံရမလား… အတိုက်ခံရမလား…

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင် ဓားပြတိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

စုံစမ်းရရှိထားသည့် အချက်အလက်များအရ မေလ ၁၇ ရက်မှ ဇွန်လ ၁၅ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း လောင်းလုံးမြို့နယ်တစ်ခုတည်းတွင်ပင် ဓားပြတိုက်ခံခဲ့ရမှု ၆ ကြိမ်အထိ ရှိပြီဖြစ်သည်။

ယင်းမှာ စုံစမ်းရရှိထားသော အချက်အလက်များအရ သိရှိရခြင်းသာဖြစ်ပြီး ဓားပြတိုက်ခံရသူများမှာ အသက် အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် ထုတ်ဖော်ပြောကြားခြင်း မရှိပေရာ မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင် တွေ့ရသည်။

ဓားပြတိုက်သည်ဆိုသော အသံမကြားရသည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိလာပြီဖြစ်သော ဒေသခံများအတွက် ယခုအခြေအနေအပေါ် စိုးရိမ်ထိတ်လန့်မှုများစွာ ခံစားနေကြရသည်။

ယခုအခြေအနေမှာ လုယက်ခံရမလား…… ဓားပြတိုက်ခံရမလား…… ဆိုသည်ကို အချိန်ပြည့် စိုးရိမ်နေကြရသည်။

ယင်းကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဒေသခံများ ကြုံတွေ့နေရသော အခြေအနေကို မေးမြန်းဖော်ပြအပ်ပါသည်။

“အခုလုပ်နေတာ ဘယ်သူတွေလဲဆိုတာ ပြည်သူတွေအားလုံးသိတယ်”

လောင်းလုံးဒေသခံတစ်ဦး

DW ။ ဓားပြတိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတဲ့အခါမှာ ဘယ်လိုစိုးရိမ်မှုတွေ ဖြစ်နေလဲ။

ဖြေ ။ ခုချိန်မှာဘယ်သူမဆို မလုံခြုံတော့ဘူး။ ဘယ်လိုပြောရမလဲ။ လက်နက်အားကိုးပြီး ပြည်သူတွေပေါ် အနိုင်ကျင်နေတဲ့အခါကျတော့ တံခါးပိတ်ပြီး နေရုံပေါ့။ သေနတ်ကို ဓားနဲ့ယှဉ်လို့မှ မရတာ။

DW ။ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်လာတာ ဘာကြောင့်လို့ထင်လဲ။

ဖြေ ။ ပြောရရင် ဒလံတွေ၊ ပျူစောထီးတွေပေါ့။ အခုချိန်မှာသူတို့က အပြင်မှာ လုပ်ကိုင်စားသောက်လို့မှ မရတာ။ အရင်က ဓားပြဆိုတာရှိမှ မရှိတာ။ အရင်က တစ်အိမ်‌သုံးထောင်ကောက်ပြီး စားသောက်လို့ ရသေးတယ်။ အခုက သူတို့ကြောင့်ပဲ ရွာခံတွေထွက်ပြေးနေရတော့ ကောက်ဖို့ အိမ်လဲမရှိတော့တာ ဓားပြတိုက်ပြီပေါ့။ သူတို့ကို လက်နက်ကိုင်တွေကလည်း ကာကွယ်ပေးထားတယ်လေ။

DW ။ အရင်က ခရီးသွားရတာနဲ့ အခုခရီးသွားရတာရော လုံခြုံမှုဘယ်လိုရှိလဲ။

ဖြေ ။ အခုချိန်မှာသွားသတိလာသတိ အမြဲထားရတယ်ပေါ့။ အရင်ကနဲ့မှမတူတော့ ဆိုင်ကယ်စီးတာတောင်မှ သတိထားနေရတယ်။ ဘယ်အချိန် လုခံရမလဲဆိုပြီး ‌အမြဲတမ်းသတိထားရတယ်။ သူစိမ်းတစ်ယောက် ကိုယ့်ဆိုင်ကယ်နောက် လိုက်လာရင်တောင်မှ နောက်ကြည့်မှန်ကနေ အမြဲကြည့်နေရတယ်။ ခုချိန်မှာ သံသယ စိတ်တွေ များသထက်များလာတယ်ပေါ့။ အမြဲတမ်းအကြောက်တရားနဲ့ ဖြစ်နေရပြီ လူတိုင်း လူတိုင်းက။

DW ။ တကယ်လို့များ ကိုယ်ကိုယ်တိုင်ကြုံလာရမယ်ဆိုရင်ရော ဘယ်လိုကာကွယ်မယ်လို့ ပြင်ဆင်ထားလဲ။

ဖြေ ။ အများကြီးစဉ်းစားထားရတယ်ပေါ့။ အဲဒီလိုအ‌ခြေအနေတစ်ခု ဖြစ်လာခဲ့ရင် ကိုယ်ဖက်က ပြန်ခုခံဖို့ ဖြစ်နိုင် မဖြစ်နိုင်။ သူတို့ကလည်း ကိုယ့်အားနည်းချက်ကို ရှာမှာပဲလေ။ အဓိကက ပြည်သူမှာ လက်နက်မှမရှိတာ။ ကိုယ်အိမ်ကိုပဲ ကိုယ်လုံအောင်လုပ်ရုံပဲ ရှိတယ်လေ။

DW ။ ဒီလိုဖြစ်နေတဲ့အနေထားကို အေးအေးချမ်းချမ်းဖြစ်အောင် ဘယ်လို အရေးယူစေချင်တာလဲ။

ဖြေ ။ ခုချိန်မှာ သူတို့ (လုံခြုံရေးတာဝန်ရှိသူ) ကို လုံးဝအားကိုးလို့မရဘူး။ ပြည်သူတွေကလည်း မယုံကြည်ဘူး။ PDF တွေကလည်း ခုချိန်မှာ သူတို့အင်အားသိပ်မရှိဘူးလေ။ သူတို့မှာလည်း တခြားအန္တရာယ်က ရှိသေးတယ်လေ။ အခုလုပ်နေတာ ဘယ်သူတွေလဲဆိုတာ ပြည်သူတွေအားလုံးသိတယ်။ သူတို့ကို သွားတိုင်ရင်တောင် သူတို့က ပြန်ကာကွယ်ပေးသွားဦးမယ်။ ပြည်သူတွေမှာ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး အားကိုးစရာ ဘာမှမရှိပါဘူး။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ ။ ပြောချင်တာကတော့ ကိုယ်နည်းကိုယ်ဟန်ကိုယ်အနေထားနဲ့ အန္တရာယ်မဖြစ် အောင်နေကြပါ။ ခုချိန်မှ အဖွဲ့ဖွဲ့ဖို့ဆိုတာ တစ်ဖက်က ပိုပြီး အန္တရာယ် ပေးလာနိုင်တယ်လေ။ အဓိကကတော့ သတိပိုပြီးထားစေချင်တယ်။ ကိုယ့်အိမ်မှာရှိတဲ့ ငွေ ဘယ်လောက်ရှိတယ်။ ပစ္စည်းဘယ်လောက်ရှိတယ် ဆိုတာ ကိုယ်အသိဆုံးပဲ ကိုယ့်အိမ်၊ ကိုယ်ခြံမှာ ဘယ်နေရာ လုံခြုံမှုအရှိဆုံးဆိုတာလည်း ကိုယ်ပဲသိတယ်လေ။ ကိုယ်ဟာကိုယ် လုံခြုံအောင်ထိမ်းသိမ်းထားဖို့ပါပဲ။

“ဆိုင်ကယ်စီးတာတောင်မှ ရှေ့နောက်မလုံတော့ဘူး”

ရေဖြူဒေသခံတစ်ဦး

DW ။ ဓားပြတိုက်လုယက်မှုတွေ ဖြစ်လာတဲ့အပေါ် ဘယ်လို စိုးရိမ်မှုတွေရှိနေလဲ။

ဖြေ ။ စိုးရိမ်တာပေါ့။ ဘယ်သူအိမ်ကို တိုက်မယ်လို့ပြောပြီး တိုက်တာမျိုးမှမဟုတ်ပဲ။ အမြဲတမ်း သတိထား နေရတာ၊ နေရာတိုင်းအချိန်တိုင်း စိတ်ရော ကိုယ်ရော မလုံခြုံဘူး။

DW ။ ဓားပြတိုက်မှု ဖြစ်များလာတဲ့အပေါ် ဘာကြောင့်လို့မြင်လဲ။

ဖြေ ။ အဓိကက နိုင်ငံရေးမငြိမ်သက်တာရယ် နောက်ပြီး အလုပ်အကိုင်အခွင့်လမ်းက မရှိတော့ဘူးလေ။ တချို့တွေက ပြည်ပ ထွက်သွားပေမယ့် တချို့တွေက နိုင်ငံမငြိမ်သက်တာတွေကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ကြတယ်။ စားဝတ်နေရေး အရမ်းကျပ်တဲ့သူတွေကလည်း ရတဲ့နည်းနဲ့ထွက်ပေါက် ရှာလာကြတာပေါ့။

DW ။ စားဝတ်နေရေးကျပ်တည်းတဲ့ အခြေအနေတစ်ခုတည်းကပဲ ခိုးဆိုးလုနှိုက် ဓားပြတိုက်မှုကိုဖြစ်စေတယ်လို့ ပြောချင်တာလား။

ဖြေ ။ မဟုတ်ဘူး တစ်ယောက်ယောက် တစ်ဖွဲ့ဖွဲ့က ကြိုးကိုင်စေခိုင်းတာပဲဖြစ်ဖြစ် ခုလိုအခြေအနေမျိုးမှာဆို ပြည်သူတွေကြား မငြိမ်သက်မှုဖြစ်အောင် အကြောက်တရား ပိုအောင်လည်း လုပ်ချင်တဲ့ဖက်က ရှိနေမှာပဲလေ။ စားဝတ်နေရေး တစ်ခုတည်းကြောင့်တော့ ဘယ်ကမလဲပေါ့ဗျာ။

DW ။ ခရီးသွားတဲ့နေရာမှာ အရင်ကနဲ့အခုစာရင် ဘယ်လိုတွေကွာခြားမှုရှိလာလဲ။

ဖြေ ။ လုံးဝမသွားလို့ရတဲ့ ခရီးဆိုမသွားဘဲနေလိုက်တယ်။ ရွှေတွေငွေတွေ ဝတ်ဖို့မပြောနဲ့ ခုချိန်မှာ သိုသိုသိပ်သိပ်ပဲနေရတာ။ ပိုက်ဆံတောင်မှ သုံးဖို့လောက်ပဲ ယူသွားရတယ်။ ဆိုင်ကယ်စီးတာတောင်မှ ရှေ့နောက် မလုံတော့ဘူး။

DW ။ ဒီလိုဖြစ်နေတဲ့ အနေထားအပေါ် ပြည်သူတစ်ယောက်အနေနဲ့ ဘာတောင်းဆိုချင်လဲ။

ဖြေ ။ ဒီလိုနိုင်ငံရေး အနေထားကနေ အမြန်ဆုံးလွတ်မြောက်ချင်တယ်။ ငြိမ်းချမ်းချင်တယ်ပေါ့ဗျာ။ အရင်လိုအချိန်မျိုးပြန်ရောက်ချင်တယ်။ အဲဒါဆိုရင် ခိုးဆိုးလုနှိုက်တာတွေ ရှိတော့မှာ မဟုတ်ဘူးလေ။

DW ။ ပြည်သူတွေ လုံခြုံရေးနဲ့ပတ်သတ်ပြီး ဘယ်လို အကြံပြုချင်တာရှိလဲ။

ဖြေ ။ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာမှာ ထားစေချင်တယ်။ ကိုယ်နဲ့မကွာ ကိုယ်နဲ့တစ်ပါတည်း ယူသွားလို့ဆင်ပြေရင်လည်း ယူသွားတာမျိုးပေါ့။ လူတိုင်းကိုလည်း အထူးသတိထားစေချင်ပါတယ်။ နေရာတိုင်းအချိန်တိုင်းမှာပေါ့။

“လမ်းသွားရင် ဖုန်းမထုတ်ရဲဘူး… အလုခံရမှာစိုးလို့”

သရက်ချောင်းဒေသခံ

DW ။ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်လာတဲ့ပေါ် ဘယ်လို စိုးရိမ်မှုရှိနေလဲ။

ဖြေ ။ ဒီဖက်မှာကတော့ မကြားရသေးဘူးပေါ့။ ဒါပေမဲ့လည်း ကိုယ့်ခရိုင်ထဲမှာ ဖြစ်လာတဲ့အခါကျတော့ စိုးရိမ်စရာဖြစ်လာတာပေါ့လေ။ ပြည်သူတစ်ယောက်အနေနဲ့ကတော့ အပြင်ထွက်တာတောင် မလုံမခြုံ ဖြစ်လာတယ်။ လမ်းသွားရင် ဖုန်းမထုတ်ရဲဘူး။ အလုခံရမှာစိုးလို့လေ။ တစ်ခုခုဖြစ်ရင်လည်း တိုင်ကြားဖို့ နေရာမရှိ၊ အခုချိန်က ဘယ်သူမှ တာဝန်ယူ တာဝန်ခံမှုမရှိတာ ကိုယ်အိမ်ကို ဘယ်အချိန် ဒုက္ခလာပေးနိုင်မလဲ။ အဲဒီလိုတွေတောင် စိတ်ပူနေရတာပေါ့။ ကျွန်တော့်အိမ်မှာဆို မိသားစုသုံးယောက်ရှိတယ်။ ကျွန်တော်သာ အပြင်ထွက်သွားရင် မိသားစုအတွက် လုံးဝစိတ်ချလို့မရတဲ့ အနေထားဖြစ်လာတယ်။

DW ။ ဘာကြောင့်လုယက်မှု ဓါးပြမှုတွေ ဖြစ်လာရလဲလို့ သုံးသပ်မိလဲ။

ဖြေ ။ နိုင်ငံရေးပဋိပက္ခဖြစ်ပြီး မတည်မငြိမ်ဖြစ်လာတယ်။ အဲဒီအပေါ်မှာ အခွင့်ကောင်းယူတဲ့ လူတန်းစား တစ်ရပ်ပေါ်လာတယ်။ သူတို့အတွက်က ဒီလိုမတည်ငြိမ်တဲ့အခါမှာ အခွင့်ကောင်းပဲလေ။ လုမယ် ဓားပြတိုက်မယ်ပေါ့ အုပ်ချုပ်မှုယန္တရားက ရှိမှ မရှိတာ။ သူတို့ကို ဘယ်သူတွေကဖမ်းမလဲ အဓိကက ခေါင်းဆောင်မကောင်းတာကြောင့် လို့ပဲမြင်တယ်။

DW ။ အပြင်ထွက်ပြီး ဝယ်စရာခြမ်းစရာရှိလာတဲ့အခါ လုံခြုံတယ်လို့ခံစားရရဲ့လား။

ဖြေ ။ အရင်က သုံးထောင်ဖိုးလောက်ဝယ်ဖို့သွားရင် တစ်သောင်းလောက်ကိုင်ပြီး သွားလို့ရတယ်။ ရွှေတွေဝတ်ပြီး အပြင်ထွက်ဖို့မပြောနဲ့ အရင်ကကိုယ်မှာရှိတာ ဘယ်လောက်ဝတ်ဝတ် စိုးရိမ်စရာမရှိဘူး။ အခုတော့ စိုးရိမ်စရာရှိလာတာပေါ့။ အပြင်ထွက်ရင်လည်း ဆိုင်ကယ်လုခံရမှာကြောက်ရတယ်လေ။ အခုက ဘာလုပ်လုပ် လုံးဝလုံခြုံမှု မရှိတော့ဘူးပေါ့လေ။

DW ။ ဓားပြတိုက်ခံရတဲ့ အိမ်တွေက အသက်အန္တရာယ်ခြိမ်းခြောက်ခံထားရလို့ မပြောရဲကြဘူး။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ ။ ကြောက်စရာတော့ မလိုဘူး။ သတိတော့ထားသင့်တယ်။ သူတို့ပြောတဲ့အတိုင်းသာ နားထောင်နေမယ်ဆိုရင် လုပ်ရဲလာမယ်။ နောက်ထပ်ကိုယ့်လို ခံရတဲ့သူတွေများလာမယ်။ သက်ဆိုင်ရာ တိုင်လို့မှမရတာ၊ ကိုယ်မိသားစု ကိုယ်ရွာသူရွာသားတွေ ပြောပြသင့်တယ်လို့မြင်တယ်။ အဲဒါမှလည်း ကိုယ်ရွာကို ဘယ်လိုကာကွယ်ရမလဲဆိုတာ နည်းလမ်းထွက်လာနိုင်မယ်လေ။

DW ။ အဲဒီလို အခြေနေမျိုးမဖြစ်အောင် ဘယ်ကာကွယ်လို့ရနိုင်မယ်လို့ ထင်လဲ။

ဖြေ ။ ဒီအချိန်မှာ ပေါ်ပေါ်ထင်ထင် စုဖွဲ့ဖို့ မဖြစ်နိုင်ပေမဲ့ ရွာသားတွေနဲ့တိုင်ပင်ပြီး သူစိမ်းဝင်လာတာကို အချင်းချင်း သတင်းပေးတာပဲဖြစ်ဖြစ် လုပ်နိုင်တယ်။ အားလုံးက သတိဝီရိယထားပြီး တက်ညီလက်ညီ တုံ့ပြန်ကြမယ်ဆိုရင် အထိုက်အလျှောက်တော့ ကာကွယ်လို့ရနိုင်မယ်လို့တော့ ထင်ပါတယ်။ အဓိကကတော့ ကိုယ်လုံခြုံရေးကို ကိုယ်သာ ပိုပြီးဂရုစိုက်ရမှာပေါ့လေ။