ဓားပြဗျို့… ဓားပြ

0
1341

ဘုရာစင်အောက်ထားလည်းမလုံ၊ မီးဖိုအောက်ထားလည်း စိတ်မချနဲ့ ငွေထုတ်ပိုက်ထားရတဲ့ ဦးထွန်း (အမည်လွှဲ) မှာ စိတ်မသက်သာလှပေ။

ခွေးဟောင်သံကြားတိုင်းလည်း လန့်နိုးနိုးလာလေ့ရှိတာကြောင့် ညဘက်လည်း ကောင်းကောင်းမအိပ်ရတာ အတော်ကြာနေပြီ။

လောင်းလုံးမြို့နယ်တစ်ကျောမှာ ဆူဆူပူပူဖြစ်နေတဲ့ ဓားပြရန်ကြောင့် ဦးထွန်းတစ်ယောက် အခုလို ဥစ္စာအပူမိနေရတာဖြစ်ပါတယ်။

ဒီငွေတွေနဲ့ ပွင့်လင်းရာသီရောက်ရင် ကထိန်းခင်းဖို့ ရည်စူးထားတာလို့ ဦးထွန်းက ဆိုပါတယ်။

“အရင်က သူခိုး၊ အခု ဓားပြရန်ပါကြောက်နေရတယ်ကွာ” လို့ ၎င်းက ဆိုပါတယ်။

သူနေထိုင်ရာ ပတ်ဝန်းကျင်ဟာ မူးယစ်ဆေးသမားနဲ့ သူခိုးရန်ကို ကြောက်နေရတဲ့ အခြေအနေကနေ အခုဆိုရင် လက်နက်ပြခြိမ်းခြောက် အနုကြမ်းစီးတဲ့ ဓားပြရန်ကိုပါ ကြောက်လန့်လာနေရပြီလို့ သူကဆိုပါတယ်။

Dawei Watch ရဲ့ မှတ်တမ်းတွေအရ မေလ ၁၇ ရက်ကနေ ဇွန်လ ၁၅ ရက်အထိ ရက်ပေါင်း ၃၀ ထဲမှာ လောင်းလုံးမြို့နယ်မှာ ဓားပြတိုက်ခံခဲ့ရတာ ၆ ကြိမ် ရှိပြီဖြစ်ပါတယ်။ မြို့ပေါ်ရပ်ကွက်နှစ်ခုနဲ့ ကျေးရွာလေးရွာမှာ ဓားပြတိုက်ခံရတာပါ။

ဓားပြတိုက်ခံရတာ‌တောင် မပြောဝံ့

ဓားပြတိုက်ခံရတဲ့သူတွေကို Dawei Watch က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူတို့ဖြစ်ပျက်ခဲ့တာကို ပြန်ပြောပြဖို့ ကြောက်ရွံ့နေတာကြောင့် ဖြေဆိုခြင်း မရှိပါဘူး။ ဒါကြောင့် မြေပြင်မှာ အမှန်တကယ် ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေ ဒီထက်ပိုများနိုင်ဖွယ်ရှိပါတယ်။

သူတို့နဲ့ နီးစပ်တဲ့ဒေခံတွေကတော့ ဓားပြတိုက်ခံရတဲ့သူတွေဟာ အသက်အန္တရာယ်လည်း ခြိမ်းခြောက် ခံထားကြရတယ်လို့ ဆိုပါတယ်။

“ငါတို့ကဒီနားတစ်ဝိုက်ကို အမြဲတမ်းသွားလာနေတာ။ ဓားပြတိုက်တဲ့အ‌ကြောင်းပေါက်ကြားရင် ပြန်လာပြီး သတ်မယ်။ အွန်လိုင်းပေါ်တက်လာတာမြင်ရင် ပြန်လာသတ်မယ် အဲဒီလိုပြောသွားတာ” လို့ ဓားပြတိုက်ခံခဲ့ရတဲ့ ရွာတစ်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီလို အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာကြောင့် ဓားပြတိုက်ခံရတဲ့မိသားစုတွေဟာ ဆက်မနေရဲတော့ဘဲ အိုးအိမ်စွန့်ခွာပြီး အခြားနေရာတစ်ခုကို ရွှေ့ပြောင်းပုန်းခိုသွားကြတဲ့သူတွေလည်းရှိပါတယ်။

ဓားပြတိုက်ခံရတဲ့ဖြစ်စဉ်တွေဟာ လောင်းလုံးမြို့နယ်မှာတင်မကဘဲ ထားဝယ်မြို့ပေါ်မှာလည်း မကြာခဏ ဖြစ်ပျက်နေတာရှိတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။ ကာယကံရှင်တွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံထားရတာကြောင့် ထုတ်မပြောကြဘူးလို့ ဆိုပါတယ်။

“ရုတ်တရက်ကြည့်လိုက်ရင် ထားဝယ်မှာ ဓားပြတိုက်တာ မရှိဘူးလို့ ထင်နေကြတာ။ ကြောက်လို့ မပြောရဲကြတာပဲ ရှိတာ။ ခဏခဏ တိုက်ခံနေတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ဒါကြောင့်ဘယ်နေ့က ဘယ်ရပ်ကွက်မှာ ဘယ်သူတွေ အတိုက်ခံရတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ ဖော်ပြနိုင်ခြင်း မရှိပါဘူး။

ဘယ်တိုင်ရမလဲ

ဒီလိုဓားပြတိုက်မူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေး ဆောင်ရွက်တာ မတွေ့ရသလို ဓားပြဖမ်းဆီးရမိတဲ့ သတင်းတွေလည်း မကြားရဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အချို့ဒေသခံတွေကတော့ ဒီဓားပြတိုက်မူဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်အောက်ခံ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစေားထီးအဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲကြပါတယ်။

ဓားပြတိုက်ခံရတဲ့သူတွေထဲမှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ CDM ဝန်ထမ်းတွေပါဝင်နေသလို အချို့ဓားပြတိုက်မူ တွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေကို ထောက်ပံ့နေတာကြောင့် လာရောက်စစ်ဆေးတဲ့ပုံစံနဲ့ ဓားပြတိုက်သွားတဲ့ ဖြစ်စဉ်တွေကြောင့် အခုလို စွပ်စွဲရဖြစ်တာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“(ဓားပြတိုက်တဲ့သူတွေရဲ့) မိဘနာမည်အတိအကျ သိတာတောင်မှ ဘာမှလုပ်လို့မရဘူး။ ဒီအတိုင်းပဲ ကြိတ်ခံနေရတယ်” လို့ လောင်းလုံး ဓားပြတိုက်မူဖြစ်စဉ်တစ်ခုကို ကိုးကားပြီး ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး Dawei Watch အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LLPDF) ကလည်း လောင်းလုံးမြို့နယ်အတွင်း ဓားပြတိုက်မူတွေကို ပျူစေားထီးအဖွဲ့တွေက လုပ်ဆောင်တာဖြစ်ကြောင်း ဇွန်လ ၁ ရက်က ထုတ်ပြန်ပါတယ်။

နောက်ထပ်ဓားပြတိုက်မူတွေထပ်ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို လုံခြုံအောင် သိမ်းဆည်းထားကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

“အခုဓားပြသတင်းတွေကြားပြီး ကျွန်မတော့ အရမ်းကြောက်တယ်။ ဝတ်ထားတဲ့နားကပ်တောင် လမ်းသွားရင် ချွတ်ပြီးထားခဲ့ရတယ်” လို့ လောင်းလုံးဒေသခံ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ထားဝယ် အရှေ့တောနယ်၊ သရက်ချောင်း တောင်ပျောက်တိုက်နယ်၊ ပုလောမြိုနယ်၊ တနင်္သာရီမြို့နယ် တွေဘက်မှာ တိုက်ပွဲတွေကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး သောကရောက်နေသလို လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့မှာတော့ တိုက်ပွဲအသွင် ပစ်ခတ်တိုက်ခိုက်မူတွေ မရှိပေမဲ့ ဓားပြလာတိုက်မှာကို တွေးပြီး နေ့တိုင်းသောကရောက်နေကြတာပါ။

အခုဆိုရင် ဒေသခံတွေဟာ သူခိုး၊ မူးယစ်ဆေးသမားတွေနဲ့ ဓားပြရန်ကို ကာကွယ်မဲ့နေပြီး ဖြစ်လာသမျှ ရင်စည်းခံရမယ့် အနေအထား ဖြစ်လာနေပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) တွေ ဘက်ကလည်း မကာကွယ်ပေးနိုင်သလို လက်ရှိတာဝန်ရှိတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကလည်း မကာကွယ်ပေးတဲ့ အခြေအနေဖြစ်နေတာကြောင့် လုံခြုံမူ ကင်းမဲ့လာနေတယ်လို့ ဒေသခံတွေ ညီးတွားနေကြပါတယ်။

တရားခံဘယ်သူလဲ

ဓားပြတိုက်မူတွေဟာ အာဏာသိမ်းမှု နောက်ဆက်တွဲ တရားဥပဒေစိုးမိုးမူ မရှိတော့တာကြောင့် ပေါ်ပေါက်လာတာဖြစ်တယ်လို့ လောင်းလုံးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ပြောပါတယ်။

ဥပဒေစိုးမိုးမှု မရှိတော့တာကြောင့် ဒေသတွင်း မူးယစ်ဆေးရောင်းဝယ်သုံးစွဲမူ မြင့်တက်လာသလို လောင်းကစားဝိုင်းတွေလည်း ရွာတိုင်းလိုလိုမှာ ပြုလုပ်လာတာတွေ့လာရတယ်လို့ သူကဆိုပါတယ်။

“ဥပဒေစိုးမိုးမူဆိုတဲ့ စကားလာမပြောနဲ့ ဟိုးအောက်က အဝီစိကိုဆင်းသွာပြီ။ ဥပဒေမရှိတော့ရင် ပြည်သူတွေ လုံခြုံမူမရှိတော့တာက ထုံးစံပဲလေ” လို့ သူကဆိုပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စာထုတ်သတိပေးတာ၊ ဗုံးဖေါက်ခွဲသတိပေးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် လောင်းကစားဝိုင်းတွေ အထိုက်အ‌လျှောက်လျော့နည်းသွားပေမယ့် လောင်းလုံးမြို့နယ် အောက်ဘက်ပိုင်း ကျေးရွာအချို့မှာတော့ ဒီနေ့အထိ အလောင်းအစားဝိုင်းတွေ ရှိနေဆဲပါ။

ထားဝယ်ဒေသတွင်းမှာ ဆိုင်ကယ်ပျောက်တဲ့ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်နေကြပြီး အုပ်စုလိုက်လုယက်မူတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။

“လောင်းကစားဝိုင်းမှာ ရှုံးရင်ခိုးမယ်၊ ခိုးမရရင် လုမယ်။ လုမရရင် ဓားပြတိုက်မယ်။ အခုဖြစ်နေတာ အဲဒီပုံစံပဲလေ” လို့ ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်းက ဆိုပါတယ်။

ဓားပြဗျို့… ဓားပြ

ဦးထွန်းတစ်ယောက်လည်း မြေကွက်ရောင်းလို့ရတဲ့ ငွေတွေ မသမာသူတွေရဲ့ရန်ပြု လုယက်ခံရပြီး ပွင့်လင်းရာသီရောက်ရင် ကထိန်းမခင်နိုင်မှာကို စိုးရိမ်နေရှာပါတယ်။

ဒါပေမဲ့ အခုချိန်အထိ လယ်ထဲကိုယ်တိုင်ဆင်းနေနိုင်တဲ့ အသက် ၆၉ နှစ်အရွယ် ဦးထွန်းမှာ ငွေကြေးတွေ ဓားပြမတိုက်ခံရအောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အတွေ့အကြုံရှိပီးသားပါ။

“ကွန်မြူနစ်ခေတ်တုန်းကတော့ ပုံးထဲပိုက်ဆံတွေထည့် မီးသွေးခဲတွေပါရောထည့်ပြီး မီးဖိုအောက်မှာ တွင်းတူးမြှုပ်ထားလိုက်တာပဲ” လို့ ဦးထွန်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ငါးဆယ်ဝန်းကျင် ဦးထွန်းလူပျိုပေါက်စအရွယ်တုန်းက မဆလ အစိုးရနှင့် ကွန်မြူနစ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်က အတွေ့အကြုံကို သူကပြန်ပြောပြနေတာဖြစ်ပါတယ်။

ထိုအချိန်ကလည်း လောင်းလုံးဘက်မှာ ဗိုလ်ဘခက်၊ ဗိုလ်စံဘ စတဲ့ ဓားပြဗိုလ်တွေကြီးစိုးခဲ့ပြီး ပြည်သူတွေ အခုလိုပဲ ဓားပြရန် ကြောက်လန့်ခဲ့ရတာပါ။

နယ်မြေတည်ငြိမ်မှု မရှိတဲ့အပေါ် အခွင့်ကောင်းယူတဲ့ လူဆိုး၊ လူမိုက်တွေကတော့ ခေတ်အဆက်ဆက် ရှိနေကြတာပါပဲ။ အခုလည်း ပြည်သူတွေမှာ တရားမဲ့သတ်ဖြတ်မှုတွေ၊ စစ်ပွဲတွေ၊ ခိုးဆိုးလုနှိုက်တွေရဲ့ ရန်ရှာမှုတွေကို ကြုံနေရသလို တစ်ဖက်မှာလည်း စားဝတ်နေရေး ကျပ်တည်းမှုကို ရင်ဆိုင်နေရပါတယ်။

ဒီလိုအချိန်မှာ ဓားပြတွေက ပစ္စည်းဥစ္စာတွေကို ယူသွားရုံတင်မကဘူး အသက်အန္တရာယ်ပါ ခြိမ်းခြောက် လာတာကြောင့် အားကိုးရာမဲ့ ပြည်သူတွေမှာ ဓားပြဗျို့ ဟုပင် အော်နိုင်ခွင့်မရှိတော့ကြောင်း ဦးထွန်းက အခုလိုပြောလိုက်ပါတယ်။

“အဲဒီခေတ်နဲ့ အခုခေတ် ဓားပြတိုက်တာတော့ အတူတူပဲ။ မတူတာတစ်ခုတော့ရှိတယ်။ အဲဒီခေတ်တုန်းက ဓားပြတိုက်ရင် အော်လို့ရတယ်။ အခုခေတ်ဓားပြတိုက်ရင် အော်လို့မရဘူး”