ရေဖြူတွင် သုံးရက်အတွင်း အမျိုးသားငါးဦး အသတ်ခံရ

0
390

ရေဖြူမြို့နယ်တွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၇ နေ့အထိ သုံးရက်တာအတွင်း အမျိုးသားငါးဦး ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဇွန်လ ၁၇ ည ၈ နာရီ ကျော်က အသက် ၃၀ ကျော်အရွယ် ရလိုင်ရွာသား ဦးတင်ထွန်းအောင်ဆိုသူ နေအိမ်တွင် ရှိနေစဉ် အမည်မသိအမျိုးသားသုံးဦး လာရောက်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဦးတင်ထွန်းအောင်သည် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေမှူးနှင့် တွဲသွားတွဲလာရှိသူဖြစ်ပြီး အလုပ်ကူညီပေးလေ့ ရှိသည်ကိုလည်း တွေ့ရသည်ဟု ဒေသခံများကို မေးမြန်းချက်အရ သိရသည်။

သို့သော် အဆိုပါအမျိုးသားအား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။  

ယင်းအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ (ဇွန် ၁၈) နံနက်ပိုင်းက ရေဖြူမြို့သို့ သယ်ဆောင်သွားသည်ဟု သိရကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဇွန် ၁၆ ရက်နေ့ မွန်းလွဲပိုင်းက မူးဒူးရွာသားဦးကံစိုးဆိုသူ ပစ်သတ်ခံရပြီး သေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူ့အိမ်မှာ အဲဒီနေ့က နတ်ပေးစား (ရိုးရာနတ်ကန်တော့) နေတယ်။ အမျိုးသားသုံးဦး ရောက်လာပြီး မီးသွေး လာဝယ်တယ်ဆိုပြီး။ အဲဒါလည်းမြင်တော့ သူက အိမ်နောက်ပေါက်ကနေ ခုန်ဆင်းပြေးတယ်ပေါ့။ နောက်ကနေ လိုက်ပစ်တယ်။ သူလဲကျသွားမှ ထပ်ပစ်တယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။

ဦးကံစိုးကို ရေဖြူမြို့နယ်အခြေစိုက် PDF အဖွဲ့ဖြစ်သည့် ဇင်ယော်တပ်စုက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ဦးကံစိုးသည် တူးမီးသေနတ်ကိုင်၍ ကျေးရွာအတွင်းလှည့်လည်ရမ်းကားပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF များကို စိန်ခေါ်လေ့ရှိသောကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ကညင်အင်းရွာတွင်လည်း ဇွန်လ ၁၆ ရက်နေ့ မွန်လွဲပိုင်းက ကညင်အင်းရွာသားတစ်ဦးဖြစ်သူ အသက် ၅၀ ကျော်အရွယ်ရှိ ဦးစုမြင့်ဆိုသူသည် သတ်ဖြတ်ခံရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

အိပ်ရာထဲတွင် ခေါင်းဖြတ်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို သမီးဖြစ်သူက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါအမျိုသားကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်သည်ကို အတည်မပြုနိုင်သေးပေ။

ဇွန်လ ၁၅ ရက်နေ့ နံနက်စောစောပိုင်းကလည်း ဧကနိရွာတွင် တစ်အိမ်တည်းနေ အသက် ၂၀ကျော်အရွယ်ရှိ လူငယ်အမျိုးသားနှစ်ဦးဖမ်းဆီး သတ်ဖြတ်‌အလောင်းစွန့်ပစ်ခံခဲ့ရသေးသည်။

သတ်ဖြတ်ခံထားရသော အလောင်းနံဘေးနှင့် လမ်းတစ်လျှောက်တွင် စွန်ရဲ အမှတ်တံဆိပ်များကို ချထားခဲ့သည်။

သုံးရက်အတွင်း ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ငါးဦးစလုံးမှာ ရေဖြူမြို့နယ်သားများဖြစ်ကြသည်။