ညောပြင်ရွာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားအလောင်းတွေ့

0
313

လောင်းလုံးမြို့နယ်၊ညောပြင်ရွာရှိ ဒီရေတောစပ်အနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ညောပြင်ရွာရှိ ဒေါ့အော်(ခေါ်) လှေဆိပ်အနီး ဒီရေတောစပ်တွင် ဇွန်လ ၅ ရက်နေ့နံနက်ပိုင်းက ယင်းအလောင်းကို ဒေသခံအချို့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“တွေ့တဲ့အချိန်မှာ လူကဆတ်ဆတ်ဖြစ် (လှုပ်)နေသေးတယ်။ ပြီးတော့မှာငြိမ်ကျသွားတယ် သေနတ်ဒဏ်ရာကို ဦးခေါင်းမှာ တစ်ချက်တည်းပဲတွေ့ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူမှာ ယင်းကျေးရွာသား ကိုမျိုးဇော်ဦး(ခေါ်)ရူးဝါးဆိုသူဖြစ်ပြီး ထိုအမျိုးသားမှာ မူးယစ်ဆေးသုံးစွဲခြင်း လက်ဝယ်ထားရှိခြင်းအပြင် ဆန္ဒပြလူငယ်များ၏ သွားလာလှုပ်ရှားမှုများကို ထောက်လှမ်းသတင်းပေး လေ့ရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သူမှာလက်နက်ရှိတယ်လို့ တော့ ကြားဖူးတယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ဘူး အဖွဲ့နဲ့ “ဟု ၎င်းကပြောသည်။

အဆိုပါအမျိုးသားအား လက်နက်ကိုင်ဆောင်သူနှစ်ဦးနှင့် အရန် နှစ်ဦးပါဝင်သော အမျိုးသားလေးဦး မှ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ပြီး မည်သည့်အဖွဲ့မှာ မည်သည့်အကြောင်းကြောင့် ပစ်ခတ်သွားသည်ဆိုခြင်းကို အတည်မပြုနိုင်သေးပေ။

အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို ယင်းနေ့နေ့လယ်ပိုင်းတွင် ချက်ခြင်းသင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ညောပြင်ကျေးရွာသည် လောင်းလုံး – ရှင်မော်သွားကားလမ်းမ၏ အနောက်ဖက်တွင် တည်ရှိပြီး ပင်လယ်ကမ်းခြေပေါက် ကျေးရွာတစ်ရွာဖြစ်ကာ ဒေသခံအများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးကြပြီး အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကျေးရွာသပိတ် စစ်ကြောင်းများ အားကောင်းခဲ့သည့် ဒေသဖြစ်သည်။