မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ ယခုနှစ်စဖွင့်မည်

0
1402

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားကောလိပ်ကို ယခုနှစ် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ထံမှ သိရသည်။

မွန်အမျိုးသားကောလိပ်ကို ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

မွန်အမျိုးသားကျောင်းများက ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာတက္ကသိုလ်များတွင် ပညာ ဆက်လက် သင်ယူနိုင်ရန်အတွက် ရည်ရွယ်ပြီး မွန်အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

“ဒီကောလိပ်ကနေ အောင်လက်မှတ်ရရင် နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာဆက်တင်ခွင့်ရမယ်။ မွန်အမျိုးသားကျောင်းကနေ ၁၀ တန်းအောင်ပြီး အစိုးရစာစစ်ဌာနမှာ (တက္ကသိုလ်ဝင်ခွင့်) ဝင်မဖြေထားတဲ့ ကလေးတွေကိုလည်း နိုင်ငံခြားမှာ တက္ကသိုလ်တက်ခွင့်ရအောင် ရည်ရွယ်ပြီးဖွင့်တာဖြစ်တယ်” ဟု မွန်အမျိုးသားပညာရေးကော်မတီဝင် ဦးမင်းအောင်ဇေက ပြောသည်။

မွန်အမျိုးသားကောလိပ်တွင် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ခန့် လက်ခံသင်ကြားသွားရန် ပြင်ဆင်ထားကြောင်း မွန်အမျိုးသား ပညာရေးဌာနထံမှ သိရသည်။

မွန်အမျိုးသားကောလိပ်တွင် ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်မှုနှင့် စီမံခန့်ခွဲမှုဘာသာရပ်၊ ဆရာ အတတ်သင်ဘာသာရပ်၊ သတင်းမီဒီယာဘာသာရပ်၊ မွန်ဘာသာရပ်တို့ကို သင်ကြားသွားမည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးဌာနက ထုတ်ပြန်ထားသည်။

၎င်းပြင် မဖြစ်မနေအနေဖြင့် မွန်ယဉ်ကျေးမှုဆိုင်ရာဘာသာရပ်၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ မွန်သမိုင်း၊ ကမ္ဘာ့ လူမှုရေးဘာသာရပ်၊ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်၊ သုတေသန ပြုဘာသာရပ်နှင့် ယုတ္တိဗေဒဘာသာရပ်တို့ကိုလည်း သင်ယူရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ကောလိပ် တက်ရောက်ခွင့်ရသူများသည် မွန်အမျိုးသားကောလိပ်တွင် သုံးနှစ် ပညာသင်ကြားရမည်ဖြစ်ပြီး ၂ နှစ် ပြန်လည်တာဝန်ထမ်းဆောင်ပေးရမည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားကောလိပ်အပြင် မွန်အမျိုးသား မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း ၁၄၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၀၀ ခန့် တက်ရောက် ပညာသင်ကြား ယင်းဌာနထံမှ သိရသည်။