လောင်းလုံး ဖွားဘုတ်ပြင်ရွာက ဒလန်ဆိုသူ ပစ်သတ်ခံရ

0
911

လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ရွာတွင် ယနေ့ (မေ ၃၁) ညနေပိုင်းက အသက် ငါး‌ဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပစ်သတ်ခံရသူမှာ ဖွားဘုတ်ပြင်ရွာသား ကျေးရွာ အရန်မီးသတ်ခေါင်းဆောင်ဖြစ်သည့် ဦးတင်ငွေဆိုသူ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ညနေပိုင်းက အဆိုပါအမျိုးသား၏ နေအိမ်ရှေ့သို့ မော်တော်ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦး ရောက်လာပြီး သေနတ်ဖြင့် သုံးချက်ပစ်ခတ်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သေနတ်ဒဏ်ရာက ဦးခေါင်း၊ ရင်ဖက် နှစ်ချက်ထိထားတယ်” ဟု ၎င်းက ဆိုသည်။

ဦးတင်ငွေသည် စစ်သင်တန်းတက်ဖူးသည်ဟု ကျေးရွာတွင် မကြာခဏ ပြောဆိုလေ့ရှိပြီး ကျေးရွာ သပိတ်စစ်ကြောင်းများကိုလည်း ဓာတ်ပုံလိုက်ရိုက်လေ့ရှိကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“သူကတော့ ရွာမှာ လူစွာ၊ မြောက်ကြွမြောက်ကြွနဲ့” ဟု အဆိုပါဒေသခံက ပြောဆိုသည်။

ဦးတင်ငွေကို Launglone People Defence Force (LLPDF) နှင့် Dawei Guerrilla Revolutionary Force -DGRF တို့က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တို့က ထုတ်ပြန်ထားသည်။

၎င်းသည် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး သဗြေချောင်းတပ်မှ စစ်သားဟောင်းတစ်ဦးဖြစ်ကာ စစ်ကောင်စီအား သတင်းပေးကာ ပြည်သူလူထုကို ဒုက္ခပေးသူဖြစ်၍ ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစ်သတ်ခံရမှုကြောင့် ယင်းအမျိုးသားမှာ သေဆုံးသွားပြီး အရေးပေါ်ကားဖြင့် တင်ဆောင်သွားခဲ့သည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း ယင်းကျေးရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ အသက် ၈၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်။

၎င်းမှာ မြို့ဟောင်းရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကိုကိုမောင်၏ ဖခင်ဖြစ်ပြီး သားအဖနှစ်ဦးစလုံး တစ်နေ့တည်း ပစ်သတ်ခံရခြင်းဖြစ်သည်။