ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် ပြန်ဖွင့်တော့မည်

0
662

ကိုဗစ်‌ကြောင့် တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံနယ်စပ်ဂိတ် ကော့သောင်း – ရနောင်းဂိတ်ကို ယခုဇွန်လဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နယ်စပ်ဂိတ်ပြန်ဖွင့်ပါက စာအုပ်အပြာရောင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် တရားဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

“(ကော့သောင်း) ခရိုင်းမှူးက ပြောတာတော့ (ဇွန်လ) ၃ ရက်နေ့လောက် ဖွင့်ဖို့ရှိတယ်။ အတိအကျကြီးတော့ မဟုတ်သေးဘူးပေါ့နော်။ နယ်စပ်ဂိတ်ပြန်ဖွင့်မှာကတော့ သေချာတယ်” ဟု ၎င်းက ပြောဆိုသည်။

နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ကို ကော့သောင်းမြို့ခံများ (ကော့သောင်း အိမ်ထောင်စု စာရင်းရှိသူများ) ကိုသာ သီးသန့်ထုတ်ပေးခြင်းဖြစ်ပြီး ခုနှစ်ရက် နေထိုင်ခွင့်လက်မှတ်နှင့် ၁၄ ရက်‌နေထိုင်ခွင့် လက်မှတ်ဟု နှစ်မျိုးရှိသည်။

ယခုနယ်စပ်ဂိတ်ပြန်ဖွင့်ပါက ခုနစ်ရက် နေထိုင်ခွင့်လက်မှတ်များဖြင့် သွားရောက်ခွင့်ပြုမည် မဟုတ်ဘဲ ၁၄ ရက် နေထိုင်ခွင့်လက်မှတ် (စာအုပ်အပြာရောင်) ဖြင့်သာ သွားခွင့်ပြုမည်ဖြစ်ကြောင်း ကော့သောင်း လူဝင်မူကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူက ပြောသည်။

ယခုရက်ပိုင်းအတွင်းမူ ကျန်းမာရေးကိစ္စကဲ့သို့သော ကိစ္စများအတွက် ရနောင်းမြို့သို့ အရေးပေါ် သွားရောက်ရန်ရှိပါက ကော့သောင်းခရိုင် လဝက ဦးစီးမှူး၏ ခွင့်ပြုချက်ဖြင့် သွားရောက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် ဖွင့်မှသာ စီးပွားရေးလုပ်ရအဆင်ပြေမည်ဖြစ်ကြောင်း ကော့သောင်းဒေသခံများက ပြောသည်။

“ကော့‌သောင်းက သူတွေကတော့ နယ်စပ်ဂိတ်ပြန်ဖွင့်ဖို့ မျှော်နေကြတဲ့သူ‌တွေချည်းပဲ။ နယ်စပ်ဂိတ် ဖွင့်မှလည်း စီးပွားရေးလုပ်လို့ အဆင်ပြေမှာလေ” ဟု ကော့သောင်းမြို့ခံ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ပိုညွန့်က ပြောဆိုသည်။

ကော့သောင်း အိမ်ထောင်စုရှိသူများအနေဖြင့် ထိုင်းနိုင်ငံ ရနောင်းမြို့အတွင်း ၁၄ ရက်နေထိုင်ခွင့်ရှိသည့် အပြာရောင် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်အတွက် တစ်‌ထောင်ကျပ်သာ ကုန်ကျကြောင်း ဝန်ဆောင်မူ ပေးနေသူတစ်ဦးက ပြောသည်။

“မနက်အပ်ရင် ညနေဆိုရပြီ” ဟု ၎င်းက ဆိုသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) ဖြင့် ခေါ်ယူသည့် အလုပ်သမားများမှာမူ ကော့သောင်း- ရနောင်းလမ်းမှနေပြီး မေလ ၂၄ ရက်ကစပြီး ဝင်ရောက်နေကြပြီဖြစ်သည်။