ယူကရိန်း သို့ တာဝေးပစ် ဒုံးကျည်များ ပေးပို့ပေးမည်ဟု အမေရိကန်သမ္မတကြေညာ

0
608
US_war

ယူကရိန်းအနေဖြင့် ရုရှားကျူးကျော်မှုကို ကာကွယ်နိုင်ရန် အတွက် အမေရိကန်ပြည်ထောင်စုက အဆင့်မြင့် ဒုံးကျည်များ ပေးပို့မည်ဟု သမ္မတဘိုင်ဒင် က ကြေညာလိုက်သည်။

ယူကရိန်းက တောင်းဆိုနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော အဆိုပါ တာဝေးပစ် ဒုံးကျည်များကို ရန်သူများအား အဝေးမှ ပစ်ခတ်ရာတွင် ပိုမိုတိကျစွာ ထိနိုင်ရေးအတွက် ဖြစ်သည်။

အဆိုပါ လက်နက်များကို ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အသုံးပြုမည်ကို စိုးရိမ်သဖြင့် အမေရိကန်က ပေးပို့ရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကမူ အမေရိကန်သမ္မတ ဘိုင်ဒင် က အဆိုပါ လက်နက်အကူအညီသည် ယူကရိန်းအနေဖြင့် ရုရှားနှင့် ဆွေးနွေးရာ၌ အားကောင်းသော အနေအထားတစ်ရပ် ဖြစ်စေရန် ရည်ရွယ်ပြီး သံတမန်နည်းအရ အဖြေရှာခြင်းကို ပိုပြီး ဖြစ်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

“ဒါကြောင့်ပဲ ယူကရိန်းက တိုက်ပွဲတွေမှာ ပစ်မှတ်တွေကို ပိုပြီး တိတိကျကျ ထိနိုင်စေဖို့ ပိုမို အဆင့်မြင့်တဲ့ ဒုံးကျည်စနစ်တွေနဲ့ ခဲယမ်းတွေကို ယူကရိန်းဆီကိုပို့ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု သမ္မတ ဘိုင်ဒင် က ပြောကြားသည်။

ပေးပို့မည့် လက်နက်များတွင် ရွေးလျာ့ဒုံးပျံစနစ် M142 ပါဝင်ကြောင်း အိမ်ဖြူတော်အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားခဲ့ပြီး မည်မျှပမာဏအထိ ပေးပို့မည်ကိုမူ အတိအကျ မပြောထားပေ။

၄၅ မိုင်အကွာမှနေ၍ ပစ်မှတ်ကို တိကျစွာ ထိအောင်ပစ်နိုင်သည့် လက်နက်များဖြစ်ကာ ယူကရိန်းတွင် လက်ရှိ ရှိနေသော ဒုံးကျည်များထက် ပိုဝေးသော ပမာဏမှ ပစ်နိုင်သည့် အနေအထား ဖြစ်ကာ ရုရှားဒုံးများထက် ပစ်မှတ်ကို ပိုမိုတိကျစွာ ပစ်ခတ်နိုင်သည်။