NUG ၏ ပညာရေးအဖွဲ့ FOEIM မှ အထက်တန်းပြ ဆရာများခေါ်ယူ

0
1678
ပုံစာ - လွတ်မြောက်နယ်မြေ ဒေသတခုတွင် မြေပြင် FOEIM School စတင်ဖွင့်လှစ်သည်ကို မေလ ၂ ရက် နေ့က ‌တွေ့မြင်ရစဉ်။ဓာတ်ပုံ - FOEIM Page

လာမည့်ပညာသင်နှစ် ၂၀၂၂-၂၀၂၃ အတွက် အခြေခံပညာကျောင်းသားများကို သင်ကြားပေးရန် အထက်တန်းပြများ လျှောက်ထားနိုင်သည်ဟု မေလ ၁၂ ရက်တွင် FOEIM မှ ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ အခြေခံပညာ‌ရေးကို သပိတ်မှောက်ထားသော အထက်တန်းကျောင်းသားများအတွက် FOEIM မှ အစိုးရသင်ရိုးနှင့် GED သင်ရိုးကို ပေါင်းစပ်သင်ကြားသွားရန် ရည်ရွယ်ချက်ဖြင့် အထက်တန်းပြဆရာများကို ခေါ်ယူနေနေင်းဖြစ်သည်။

Free Online Educational Institution Myanmar-FOEIM သည် စဉ်ဆက်မပြတ် ကြားကာလပညာရေးကို Online မှတစ်ဆင့် အခမဲ့သင်ကြားနေပြီး ပညာရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရန် ကြိုးစားနေသော လူထုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်သည်။

“အရင်က volunteer(စေတနာ့ဝန်ထမ်း) ဆရာတွေကို အင်တာနက်ကြေး၊ ထောက်ပံ့ကြေး သ‌ဘောပေးတာ ရှိတယ်၊ အခု လစာပေးပြီးတော့ တရားဝင်စာချုပ်နဲ့ခေါ်တာ” ဟု FOEIM တွင် စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသော ဆရာမတစ်ဦးကဆိုသည်။

ရွေးချယ်ခံရသော ဆရာ၊ဆရာမများကို အတွေ့အကြုံရှိ ဆရာ၊ဆရာမများက လေ့ကျင့်ပေးမည်ဖြစ်ပြီး လစာအနေဖြင့် Full-time အတွက် ၃ သိန်းနှင့် Part-time အတွက် တစ်သိန်းခွဲအထိ ပေးအပ်သွားမည်ဖြစ်ပြီး တစ်နှစ်စာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။

FOEIM ၏ အထက်တန်းပြဆရာ ခေါ်ယူမှုသည် တနင်္သာရီတိုင်းရှိ ဆရာ၊ဆရာမများအတွက် အခွင့်အလမ်းတစ်ခုဖြစ်လာမည် ဟု CDM ပြုလုပ်ထားသော အထက်တန်းပြဆရာတစ်ဦးက မှတ်ချက်ပြုသည်။

တနင်္သာရီတိုင်းတွင် CDM ဆရာ၊ဆရာမ ၇၀၀၀ ကျော်အထိရှိပြီး အချို့မှာ ပြည်တွင်း၌ ဆက်လက်နေထိုင်ရန် ခက်ခဲလာသောကြောင့် ထိုင်းနိုင်ငံတွင် သွားရောက်ကာ ရရာအလုပ်လုပ်ကိုင် နေကြသည်များလည်းရှိသည်။

တနင်္သာရီတိုင်းအတွင်းရှိ ပညာရေးဝန်ထမ်းများတွင် တစ်ချို့မှာ ပုဂ္ဂလိကကျောင်းဆရာအဖြစ် ပြန်လည်လုပ်ကိုင်နေကြသော်လည်း အများစုမှာ စားဝတ်နေရေး အခက်အခဲများရှိနေပြီး ဖမ်းဆီးခံရမည့်ဘေးမှ ရှောင်တိမ်းနေကြရသည်ဟု ပညာရေးအသိုင်းအဝိုင်းများထံမှသိရသည်။

FOEIM တွင် အထက်တန်းပြဆရာအဖြစ် လျှောက်ထားနိုင်သော ဘာသာရပ် ၇ ခုအထိရှိပြီး အစိုးရသင်ရိုးကို GED သင်ရိုးနှင့်ပေါင်းစပ် သင်ကြားပေးရမည်ဖြစ်သည်။

ယခုပညာရေးနှစ်မှစ၍ FOEIM မှ အခြေခံပညာ ကျောင်းသားများမှာ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သာမက GED စာမေးပွဲပါ ဖြေဆိုနိုင်မည်ဖြစ်သည်။

GED သည် အမေရိကန်အထက်တန်းဒီပလိုမာဖြစ်ပြီး နိုင်ငံတကာတက္ကသိုလ်တော်တော်များများ လက်ခံသည့် အသိအမှတ်ပြုလက်မှတ်ဖြစ်သည်။

FOEIM အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိအခြေခံပညာကျောင်းသားများအား ကျောင်းသားအသစ်လက်ခံမှုကို သတ်မှတ်ထားသောရက်များတွင်သာ လက်ခံသွားမည်ဟု ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းသားများအတွက် ကြားကာလ ပညာသင် အခွင့်အလမ်းများရရှိစေရန်အတွက် FOEIM ၊ Kaung For You စသော Online Education များကို ဆောင်ရွက်လျက်ရှိသည်။