ပုလောတွင် စစ်ယာဉ်တန်းနှစ်ခု မိုင်းဆွဲခံရဟုဆို

0
632

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ယာဉ်တန်းနှစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု PPDF (ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က သတင်းထုတ်ပြန်သည်။

မိုင်းဆွဲမှုနှင့်ပတ်သက်ပြီး ပုလောပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက လုပ်ဆောင်ခဲ့ကြောင်း PPDF ယနေ့မနက် ၁၀ နာရီခွဲတွင်ထုတ်ပြန်သည်။

မြိတ်မြို့မှ တက်လာသည့် စစ်ကား ၇ စီးကို မေ ၁၃ ည ၁၂ နာရီခွဲတွင် မိုင်းတစ်ကြိမ်ဆွဲခဲ့ကြောင်း၊ ယနေ့နံနက် ၄ နာရီခွဲတွင်လည်း ထားဝယ်မြို့မှ ဆင်းလာသည့် ကား ၁၆ စီးပါစစ်ယာဉ်တန်းကို မိုင်းဆွဲခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၁၃ ရက် ၁ နာရီဝန်းကျင်ခန့်က မြိတ်မှတက်လာသည့် စစ်ယာဉ်တန်းသည် ပုလောမြို့နယ်၊မင်းထိန်ကျေးရွာနှင့် ကဒဲကျေးရွာကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မိုင်းဆွဲခံရကြောင်း ဒေသခံများလည်းပြောဆိုသည်။

“တစ်အုန်းအုန်းနဲ့ ပေါက်တာ   ငါးလုံးလောက်တော့ရှိမယ်”ဟု မင်းထိန်ကျေးရွာသား တစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲသံများသည် ကဒဲရွာပြင်လမ်းတစ်လျှောက်မှစတင် ကြားရပြီး မင်းထိန်မီးသဂြိုလ်စက်အနီးတွင် အသံစဲသွားကာ လက်နက်ငယ်ပစ်ခတ်သံများကိုလည်း ဆယ်မိနစ်ခန့်ကြားရကြောင်း ဒေသခံများကဆိုသည်။

ယင်းနောက် နံက် ၄ နာရီဝန်းကျင်တွင်လည်း ပေါက်ကွဲသံများ ထပ်မံကြားရသေးကြောင်း ဒေသခံများကပြောသည်။

“အသေအပျောက်အထိအခိုက်ကိုတော့ မသိရသေးဘူး “ဟု မင်းထိန်ရွာသားကပြောသည်။

မိုင်းဆွဲမှုကြောင်း စစ်ကောင်စီတပ်သား ခန့်မှန်း ၄၀ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း PPDF (ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိခိုက်ဒဏ်ရာရမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက်မရသေးပေ။

မြိတ်-ပုလော ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ မိုင်းဆွဲခံရလေ့ ရှိသည်။