သထုံတွင် လက်နက်ကြီးကျည် ထိမှန်သဖြင့် ဇနီးမောင်နှံ နှစ်ဦးသေဆုံး

0
448

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအနီးတွင် မေလ ၁၁ ရက်နေ့က လက်နက်ကြီးကျည် ထိမှန်သဖြင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဝီယော်ကျေးရွာရှိ စစ်ကောင်စီ ခမရ (၉) တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ရော်ဘာခြံအတွင်း ကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရော်ဘာခြံတွင် ရော်ဘာခြစ်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၅၆ နှစ်အရွယ် ဦးချစ်ပိုနှင့် အသက် ၄၉ နှစ်အရွယ် ဒေါ်သဇင်လှိုင်တို့ ဇနီးမောင်နှံ၊ အလုပ်သမားတစ်ဦးတို့အား ထိမှန်ကြောင်း ဒေသခံများက ဆိုသည်။

ဒေါ်သဇင်လှိုင်သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားပြီး ဦးချစ်ပိုမှာ သထုံမြို့နယ် ပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အမျိုးသမီးကတော့ ထိတဲ့နေရာမှာပဲ ဆုံးသွားတယ်။ အမျိုးသားကတော့ ဆေးရုံရောက်ပြီးမှ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ခြံအလုပ်သမားမှာ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသည့် ဦးချစ်ပိုနှင့် ဒေါ်သဇင်လှိုင်တို့သည် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်တွင် နေထိုင်သူများဖြစ်သည်။

အဆိုပါ ဇနီးမောင်နှံကို ယနေ့ (မေ ၁၂) မွန်းလွဲ ၁ နာရီအချိန်က သိမ်ဆိပ်သုသာန်တွင် သင်္ဂြိုဟ်ကြောင်း ဒေသခံများက ပြောသည်။

ဦးချစ်ပိုနှင့် ဒေါ်သဇင်လှိုင်တို့တွင် သားသမီး သုံးဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လကလည်း သထုံမြို့နယ်၊ ကျောက်တောင်ကျေးရွာ ဘုရားပွဲအနီးတွင် စစ်ကောင်စီတပ် ခမရ (၉) တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ သုံးဦး သေဆုံးသွားကြောင်း ယင်းအနီးဝန်းကျင်က ဒေသခံများက ပြောဆိုထားသည်။