Mytel တာဝါတိုင်များကို ဆီလိုက်ဖြည့်သည့်ကား မီးရှို့ခံရ

0
562
ဓာတ်ပုံ - LPDF_FbPage

လောင်းလုံးမြို့နယ် ကြက်ယက်တွင်းကျေးရွာအနီးတွင် ယနေ့ (ဧပြီ ၂၈) နံနက် ၁၀ နာရီခန့်က ဆီသယ်ကားတစ်စီး မီးရှို့ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။

အပြာရောင်ဆီပေပါများ တင်ဆောင်လာသည့် ဒိုင်နာအမျိုးအစား အဖြူရောင်ကား မောင်းနှင်လာချိန်တွင် ပေါက်ကွဲသံ၊ ပစ်ခတ်သံများကြားရပြီးနောက် ကားရပ်တန့်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပထမ ပေါက်ကွဲသံ အကျယ်ကြီးတစ်ချက် ကြားတယ်။ နောက်မှ သေနတ်သံ လေးချက်လောက် ကြားရတယ်” ဟု ၎င်းက ဆိုသည်။

မီးလောင်မှုကြောင့် ကားတစ်စီးလုံးနီးပါ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကြက်ယက်တွင်းရွာအနီး လမ်းတစ်နေရာတွင် ဆီကားကို တားဆီးစစ်ဆေးရာ Mytel တာဝါတိုင်များကို ဆီလိုက်ဖြည့်နေသည့် ကားဖြစ်သောကြောင့် မီးရှို့ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ထုတ်ပြန်သည်။

ယာဉ်မောင်းနှစ်ဦးကိုမူ စစ်ကောင်စီနှင့် နောက်ထပ် လုံးဝမပူးပေါင်းရန် ဝန်ခံကတိယူပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။