ရေဖြူမြို့နယ် မူးဒူးရွာ အုပ်ချုပ်ရေးမှူးနေအိမ် မီးလောင်၊ ရှို့မီးဖြစ်နိုင်ဟုဆို

0
534

ရေဖြူမြို့နယ် နဘုလယ်ဒေသ မူးဒူးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ် ဧပြီလ ၂၇ ရက်နေ့ညက မီးလောင်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၏ နှစ်ထပ်တိုက်အိမ် မီးလောင်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော် နိုးလာတော့ ည ၁၁ နာရီလောက်ရှိ‌နေပြီ။ မီးကတော့ တော်တော်လောင်နေပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဦးဆန်းဝင်း မိသားစုမှာ တိမ်းရှောင်နေပြီး နေအိမ်၌ နေထိုင်သူ မရှိချိန် မီးလောင်ခြင်းဖြစ်သောကြောင့် ရှို့မီးဖြစ်နိုင်သည်ဟု ဒေသခံအချို့က ပြောဆိုသော်လည်း Dawei Watch အနေနှင့် သီးခြားအတည် မပြုနိုင်သေးပေ။

“သူတို့မိသားစု အိမ်မှာ မရှိတာ ၁၅ ရက်လောက်ရှိပြီ။ (မီးကို) ဘယ်သူမှ သွားမသတ်ရဲဘူး။ ဘယ်အဖွဲ့က ရှို့မှန်းမှ မသိတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါမီးလောင်မှုကြောင့် နေအိမ်အမိုးနှင့် အပေါ်ထပ် ပြတင်းတံခါးအပါဝင် အိမ်သုံး ပရိဘောဂ ပစ္စည်းများ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဦးဆန်းဝင်းမှာ အာဏာသိမ်းပြီးနောက် ကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

မတ်လ ၂၃ ရက်နေ့ကလည်း နဘုလယ်ဒေသရှိ ပရဒတ်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမင်းမင်း၏ နေအိမ်လည်း မီးရှို့ခံခဲ့ရသည်။