ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်ဈေး ကျပ်တစ်သိန်းကျော်အထိ မြင့်တက်

0
1264

သင်္ကြန်အချိန် နီးလာသည်နှင့်အမျှ လေယာဉ်လက်မှတ်ဈေးနှုန်းလည်း တဖြေးဖြေး မြင့်တက်လာနေကြောင်း ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချနေသည့်ဆိုင်အချို့နှင့် ခရီးသည်အချို့ထံမှ သိရသည်။

မတ်လကုန်ပိုင်းက ထားဝယ် – ရန်ကုန် ခရီးစဉ်အတွက် ကျပ်ခုနစ်သောင်းငါး‌ထောင်ဝန်းကျင် ရှိနေရာမှ ဧပြီလ ဒုတိယအပတ်တွင်မူ အနိမ့်ဆုံး ကျပ်ကိုးသောင်းဝန်းကျင်မှ အမြင့်ဆုံး တစ်သိန်းသုံးသောင်းအထိ ဈေးမြင့် တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“အရင်က ငါးသောင်းကနေ ရှစ်သောင်းဝန်းကျင်ဖြစ်တယ်။ အဲဒီက‌နေမှ ကိုးသောင်းဝန်းကျင်၊ အခုတစ်သိန်း ဝန်းကျင် အဲဒီလိုမျိုးဈေးက တောက်လျှောက်တက်နေတာ။ ဘာကြောင့်ဈေးတက်တာလဲတော့ မပြောတတ် ဘူး။ ကျွန်တော်တို့က သူတို့ရောင်းခိုင်းတဲ့ဈေးနဲ့ ရောင်းပေးနေတာပဲ” ဟု ထားဝယ်မြို့ရှိ ‌လေယာဉ်လက်မှတ် အရောင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယင်းဈေးနှုန်းသည် အခြားအပိုထပ်ဆောင်းခ အပါအဝင် အပြီးအစီးနှုန်းထားများ ဖြစ်သည်။
သို့သော် လေယာဉ်အမျိုးအစား၊ သွားမည့်နေ့ရက်အပေါ်မူတည်ပြီး ဈေးနှုန်းကွာဟမှု ရှိကြောင်း လက်မှတ်ရောင်းသူများထံမှ သိရသည်။

ထားဝယ် – ရန်ကုန်၊ ထားဝယ် – မြိတ်၊ ကော့သောင်း ခရီးစဉ်များလည်း တစ်ကြောင်းလျှင် ယခင်ကထက် ကျပ်နှစ် သောင်းကျော်၊ သုံးသောင်းဝန်းကျင်အထိ ဈေးမြင့်တက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ် – ရန်ကုန် လက်မှတ်ဈေးမှာ ရန်ကုန် – ထားဝယ်ဈေးထက် ကျပ်သုံးထောင်ခန့် သက်သာကြောင်း လက်မှတ်ရောင်းသူတို့ထံမှ သိရသည်။

ရန်ကုန်-ကော့သောင်း လက်မှတ်ဈေးမှာ မတ်လ ကုန်ပိုင်းက တစ်သိန်းသုံးသောင်းဝန်းကျင် ရှိရာမှ လက်ရှိတွင် တစ်သိန်း ငါးသောင်းကျော်မှ တစ်သိန်း ခုနစ်သောင်းကျော်အထိ ဈေးပေါက်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

ရန်ကုန် – မြိတ် လက်မှတ်ခမှာလည်း မတ်လကုန်ပိုင်းက ခုနစ်သောင်း၊ ရှစ်သောင်းကျပ် ဝန်းကျင်ရှိရာမှ လက်ရှိတွင် တစ်သိန်းခြောက်ထောင်ဝန်းကျင် ဖြစ်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် သုံးရက်ခန့်က ထားဝယ်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ဆေးကုသရန် သွားရောက်ခဲ့သည့် အမျိုးသားတစ်ဦးကမူ သားအဖနှစ်ဦးအတွက် ‌ခရီးစာရိတ် ငါးသိန်းကျပ်ဝန်းကျင် (ကိုဗစ်‌စစ်ဆေးခနှစ်ကြိမ် အပါအဝင်) ကုန်ကျခဲ့ကြောင်း ပြောဆိုသည်။

“ဆေးဖိုးထက် ဝါးဖိုးကြီးဆိုသလိုပဲ။ ဆေးသွားကုတာ ပိုက်ဆယ်သိန်းကုန်တာ ခရီးစာရိတ်ဖိုးက ငါးသိန်းနီးနီး ကုန်တယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။

ကုန်းလမ်းခရီးဖြင့် သွားရောက်ပါက လမ်းတလျှောက် စစ်ဆေးမေးမြန်းမူများသဖြင့် ပိုက်ဆံအကုန်အကျခံကာ လေကြောင်းခရီးဖြင့် သွားလာသူများလည်းရှိသည်။

သင်္ကြန်ကာလအတွင်း လေကြောင်းလိုင်းများ မရပ်နားဘဲ ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း လက်မှတ်အရောင်းဆိုင်ပိုင်ရှင်အချို့က ပြောသည်။