လောင်းလုံးမြို့နယ်အတွင်း အလှူ၊ မင်္ဂလာပွဲအချို့ ရပ်နားရွှေ့ဆိုင်း

0
417

PDF အဖွဲ့သုံးဖွဲ့က မေတ္တာရပ်ခံချက်ပူးပေါင်း ထုတ်ပြန်ပြီးနောက် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြုလုပ်ရန်ရှိသည့် အလှူနှင့် မင်္ဂလာပွဲအချို့ ရပ်နားခြင်း၊ ရက်ရွှေ့ခြင်းတို့ လုပ်ဆောင်နေကြာင်း စုံစမ်းသိရှိရသည်။

ဧပြီလ ၈ ရက်မှစပြီး လောင်းလုံးမြို့နယ်အတွင်း အလှူ၊ မင်္ဂလာဆောင်နှင့် ပျော်ပွဲ၊ ရွှင်ပွဲများ ရပ်တန့် ပေးကြပါရန် အနူးအညွန့် မေတ္တာရပ်ခံပါကြောင်းနှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပြီး ကျင်းပ၍ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် တာဝန်ယူမည်မဟုတ်ကြောင်း PDF အဖွဲ့သုံးခုက မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်ကို Laung Lone people Defence Force (LLPDF) ၊ Nway Po Guerrilla Force၊ Dawei Defence Team (DDT) အဖွဲ့တို့က ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပွဲများကျင်းပခြင်းသည် စစ်ကောင်စီက ရပ်ရွာများ အေးချမ်းသာယာနေသည်ဆိုကာ နိုင်ငံတကာသို့ ချပြရာတွင် အားပေးကူညီရာ ရောက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် ဧပြီလ ၈ ရက် နံနက်ပိုင်းတွင်လည်း အလှူ၊ မင်္ဂလာဆောင်နှင့် ပျော်ပွဲရွှင်များ မလုပ်ကြရန် စသည့် အကြောင်းအရာများ ရေးသားထားသည့် စာရွက်များ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ အချို့တွင် ဖြန့်ကြဲချထားသည်ကို တွေ့ရကြောင်း ဒေသခံအချို့ကပြောသည်။

အမည်မဖော်လိုသည့် အလှူရှင်တစ်ဦးက ယခုရက်ပိုင်းအတွင်း လုပ်ရန်ပြင်ဆင်ထားသည့် အလှူကို ဖျက်လိုက်ပြီး အလှူတွင် ကျွေးမွေးရန် ဝယ်ယူထားသည့် ပစ္စည်းများကို ဆိုင်တွင်ပြန်အပ်လိုက်ကြောင်း ဆိုသည်။

ယခုတစ်ပတ်အတွင်း မင်္ဂလာဆောင်မည့် သတို့သမီးတစ်ဦးကလည်း ဖိတ်စာဝေထားပြီးမှ မင်္ဂလာပွဲရက် မတိုင်မီ အကျဉ်းချုံးကျင်းပလိုက်ရသဖြင့် အားနားမိကြောင်း ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ရေးသား မျှဝေထားသည်။

Dawei Watch ၏ စုံစမ်းချက်အရ ရပ်နား၊ ရက်ရွှေ့လိုက်သည့် အလှူနှင့် မင်္ဂလာဆောင် ခုနစ်ခုထက် မနည်း ရှိပြီး ယင်းပမာဏထက်လည်း ပိုမိုနိုင်ဖွယ်ရှိသည်။

ယင်းအပြင် စစ်ကောင်စီကလည်း ယခုနှစ်သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရန် လုပ်ဆောင်နေပြီး သင်္ကြန်မဏ္ဍပ်များလည်း တည်ဆောက်နေသည်။

ယင်းအပေါ် ပြည်သူများအနေဖြင့် သင်္ကြန်ပွဲတော်တွင် ပါဝင်ပျော်ပါးခြင်း မပြုလုပ်ရန်နှင့် သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်ကို အသံတိပ်သပိတ် ပြုလုပ်ကြရန် ထားဝယ်ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။