တနင်္သာရီဂျာနယ်၏ ဆောင်းပါးရှင်ဟောင်း အောင်လွင် (ကံပေါက်သား) အဖမ်းခံရ

0
483

ထားဝယ်အခြေစိုက် ထုတ်ဝေခဲ့သည့် တနင်္သာရီဂျာနယ်၏ ဆောင်းပါးရှင်ဟောင်း တစ်ဦးဖြစ်သူ အောင်လွင် (ကံပေါက်သား) (ဦးအောင်လွင်)ကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့ရှိ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။

မျက်မြင်တွေ့ရှိသူများ၏ အဆိုအရ ဦးအောင်လွင် စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်ကို ထားဝယ်မြို့ အထွက် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့် အတူ ဖမ်းဆီးသွားကြောင်း သိရသည်။

ဦးအောင်လွင်နှင့် ယာဉ်မောင်းဖြစ်သူကို မည်သည့်အတွက်ကြောင့် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မိသားစုဝင်များက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြု ပြောဆိုသည်။

အသက် ၃၀ ကျော် အရွယ်ရှိ ဦးအောင်လွင်သည် အောင်လွင် (ကံပေါက်သား) အမည်ဖြင့် တနင်္သာရီဂျာနယ်တွင် ဆောင်းပါးများ ရေးသားလေ့ရှိသူဖြစ်ပြီး တနင်္သာရီဂျာနယ်ကို ၂၀၂၁ ခုနှစ် မတ်လ ကတည်းက ရပ်နားထားပြီး ဖြစ်သည်။ ဦးအောင်လွင်သည် Dawei Watch တွင် ရွေးကောက်ပွဲ အကြိုကာလ ရွေးကောက်ပွဲ ခြေရာ အစီအစဉ်တွင် အစီအစဉ် တင်ဆက်သူအဖြစ် ခေတ္တ လုပ်ကိုင်ခဲ့သေးသည်။

ဦးအောင်လွင်သည် ခါးရိုးကျိုး ခွဲစိတ်ထားသည့် ဒဏ်ရာကြောင့် မော်တော်ဆိုင်ကယ် ကြာမြင့်စွာ စီးနင်းနိုင်ခြင်း မရှိသဖြင့် မော်တော်ယာဉ်သာ ငှားရမ်းစီးနင်းလေ့ရှိကြောင်း သူနှင့် ရင်းနှီးသည့် မိတ်ဆွေ တစ်ဦးက ပြောဆိုသည်။