ထားဝယ်-ရန်ကုန် လေကြောင်းလိုင်းသုံးခု အလှည့်ကျပြေးဆွဲ

0
536

ထားဝယ်-ရန်ကုန်ခရီးစဉ်ကို လေကြောင်းလိုင်းသုံးခု ပူးပေါင်းပြီး ယနေ့ (မတ် ၂၃) မှစတင်ကာ နေ့စဉ် အလှည့်ကျပြေးဆွဲနေကြောင်း အဆိုပါလေကြောင်းလိုင်းများထံမှ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်းတို့ ပူးပေါင်းပြီး အလှည့်ကျ ပြေးဆွဲနေခြင်းဖြစ်သည်။

ရန်ကုန်-ထားဝယ်-ရန်ကုန် ခရီးစဉ်များကို မြန်မာအမျိုးသားလေကြောင်းလိုင်းက တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက်၊ မန်းရတနာပုံက အင်္ဂါ‌၊ စနေ နှစ်ရက်၊ အဲသံလွင်က ကြာသပတေး၊ တနင်္ဂနွေ နှစ်ရက် ပြေးဆွဲပေးမည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းများထံမှ သိရသည်။

ယင်းသို့ အလှည့်ကျ ပူးပေါင်းပြေးဆွဲမှုကြောင့် လေကြောင်းလိုင်းသုံးခုအနက် မည်သည့် လေကြောင်း၏ လက်မှတ်ဖြင့်ဖြစ်စေ ခရီးသည် သွားလိုသည့် နေ့ရက်တွင် ပြေးဆွဲသည့် လေကြောင်းလိုင်းကို စီးနိုင်မည် ဖြစ်ကြောင်း လေကြောင်းလိုင်းများထံမှ သိရသည်။

ဥပမာ ခရီးသည်သည် မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်ဝယ်ထားပြီး ၎င်းသွားလိုသည့် နေ့ရက်တွင် မန်းရတနာပုံ ပြေးဆွဲသည်ဆိုလျှင်လည်း ယင်းလေယာဉ်လက်မှတ်ဖြင့် စီးနင်းနိုင်ခြင်းဖြစ်သည်။

“လက်မှတ်ကတော့ လေကြောင်းလိုင်းသုံးခုစလုံး နေ့စဉ်ရောင်းပေးမယ်။ လေယာဉ်သာ အလှည့်ကျ ပြောင်းသွားတာ။ လက်မှတ်မတူလည်း အလှည့်ကျလေယာဉ်နဲ့ (လက်မှတ်ချိန်းခ) အခကြေးငွေ ထပ်‌ဆောင်း ပေးစရာမလိုဘဲ စီးနင်းနိုင်မယ်” ဟု ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချသူတစ်ဦးက ပြောသည်။

ယခင်က လေကြောင်းလိုင်းတစ်ခုမှ အခြားလေကြောင်းလိုင်းတစ်ခုကို ပြောင်းစီးပါက လက်မှတ်တန်ဖိုး၏ နှစ်ဆယ်ငါးရာခိုင်းနှုန်း ဆုံးရှုံးခံရကြောင်း ၎င်းက ဆိုသည်။

ရန်ကုန် – ထားဝယ် ခရီးစဉ်၏လက်မှတ်နှုန်းထားမှာ အခြေခံဈေးနှုန်း မြန်မာကျပ်ငွေ ငါးသောင်း လေးထောင်နှင့် အခွန်၊ ဆီဖိုးအပိုဆောင်းငွေ နှစ်သောင်းသုံးထောင်အပါအဝင် စုစုပေါင်း ခုနစ်သောင်းခုနှစ်ထောင် ကျသင့်ကြောင်း ပူပေါင်းလေကြောင်းလိုင်းများက ထုတ်ပြန်ထားသည်။

ထားဝယ် – ရန်ကုန်ခရီးစဉ်အတွက်မူ အခွန်ဆီဖိုး နှစ်သောင်းတစ်ထောင်ဖြင့် ခုနစ်သောင်းငါးထောင် ကျသင့်ကြောင်း ယင်းလေကြောင်းလိုင်းများထံမှ သိရသည်။

အပြင်ဈေးကွက်တွင်မူ ထိုင်ခုံနေရာ၊ အချိန်သတ်မှတ်ချက် အပေါ်မူတည်၍လည်း ဈေးနှုန်း ကွာဟလေ့ ရှိကြောင်း လေယာဉ်လက်မှတ်ရောင်းချသူများက ပြောသည်။

ယခင်က ရန်ကုန်-ထားဝယ်ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အဲကမ္ဘောဇ လေကြောင်း လိုင်းကသာ အများဆုံးပြေးဆွဲလေ့ရှိသည်။