တနင်္သာရီ ကိုးအင်းရွာအနီးတွင် တိုက်ပွဲဖြစ်

0
325

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု ကိုးအင်းရွာအနီးတွင် ယနေ့ (မတ် ၁၉) နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး ယင်းရွာက ဒေသခံများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

နံနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နှင့် PDF တပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း တကူရွာက ဒေသခံများက ပြောသည်။

“တစ်နာရီကျော်ကျော် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အခုတော့ အသံတွေ တိတ်သွားပြီ” ဟု အဆိုပါ ဒေသခံက နံနက် ၉ နာရီကျော်တွင် ပြောသည်။

တိုက်ပွဲမှာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး နံနက် ၇နာရီကျော်တွင် ပစ်ခတ်သံများ ရပ်တန့်သွားကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်ဖက်ထိခိုက်သေဆုံးမှုကို မသိရသေးသော်လည်း တိုက်ပွဲကြောင့် ကိုးအင်းအပါအဝင်
အနီးဝန်းကျင်က ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုနှင့် သရဘွင်ကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ မကြာခဏထိပ်တိုက်တွေ့ကာ
တိုက်ပွဲများ ဖြစ်လေ့ရှိသည်။