မြိတ်တွင် ယနေ့ ကိုဗစ်လူနာတစ်ဦးသေဆုံး၊ ငါးရက်အတွင်း သေဆုံးသူ လေးဦးရှိ

0
144
ပုံစာ - မတ်လ ၆ ရက်နေ့က သေဆုံးသည့် ကိုဗစ်လူနာအား မြိတ် Covid-19 ထိတွေ့လူနာသယ်ယူပို့ဆောင်ရေးအဖွဲ့က မီးသင်္ဂ်ြိဟ်ပေးခဲ့စဉ်။

မြိတ်မြို့တွင် ယနေ့ ကိုဗစ်လူနာတစ်ဦး သေဆုံးပြီး မတ်လ ၅ ရက်‌နေ့မှ ၉ ရက်နေ့အထိ ငါးရက်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ လေးဦးရှိကြောင်း နာရေးကူညီမှုအသင်း အသိုင်းအဝိုင်းထံမှ သိရသည်။

မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်လူနာကုသဆောင်တွင် မတ်လ ၅ ရက်နေ့က အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၊ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် ၆ ရက်နေ့တွင် အသက် ၅၄ နှစ်ခန့်ရှိ အမျိုးသား တစ်ဦးတို့ သေဆုံးကြောင်း ၎င်းတို့ထံမှ သိရသည်။

ထို့အပြင် ယနေ့ မတ်လ ၉ ရက်နေ့၌ ကိုဗစ်ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် အသက် ၃၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦး ထပ်မံသေဆုံးကြောင်း မြိတ် Covid-19 ထိတွေ့လူနာသယ်ယူပို့ဆောင်ရေးအဖွဲ့မှ သိရသည်။

ငါးရက်အတွင်း အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခြင်း ဖြစ်သည်။

သေဆုံးသူတို့အား မြိတ် Covid-19 ထိတွေ့လူနာ သယ်ယူပို့ဆောင်ရေးအဖွဲ့က မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

မတ်လ ပထမပတ်က ရပ်ကွက်အချို့တို့တွင် ဖျားနာလူနာများပြားခဲ့သဖြင့် ပြင်ပဆေးကုသခန်းတို့တွင် ပြသမှုများခဲ့ကြောင်း ယင်းဆေးကုသခန်းအသိုင်းအဝိုင်းထံမှ သိရသည်။

ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု နည်းသည့် ပုံမှန်အခြေအနေမျိုးတွင် ဆေးခန်းလာပြသူ တစ်ရက် ဆယ်ဂဏန်းသာ ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

“အပြင်ဆေးခန်းတွေမှာ အချို့ရက်တွေဆို လူနာ တစ်ရာကျော်အထိ ရှိခဲ့ကြတယ်” ဟု မြိတ်မြို့ရှိ ပြင်ပ ဆေးကုခန်းတစ်ခုမှ ဆရာဝန်တစ်ဦးက ပြောသည်။

မြိတ်တွင် ဖေ‌ဖေါ်ဝါရီလအတွင်းက ကိုဗစ်ပိုးတွေ့ရှိသူ ၄၆၅ ဦးနှင့် မတ်လ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၁၀၃ ဦး ရှိကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန၏ မြို့နယ်အလိုက် Covid 19 ပိုးတွေ့/သေဆုံး လူနာ အခြေပြဇယားတွင် ဖော်ပြထားသည်။