သင်္ကြန်ကာလအတွင်း ကော့သောင်း ကျွန်းခရီးစဉ်အချို့ အခန်းပြည့်

0
300
ကော့သောင်းခရိုင်အတွင်းရှိ ကမ်းခြေတစ်ခု

တစ်ဦးလျှင် ကျပ်သိန်းဆယ်ချီပေးသွားလည်ပတ်ရသည့် ကော့သောင်းမြို့ ကျွန်းခရီးစဉ်သို့ သင်္ကြန်ကာလ အတွင်း လာရောက်လည်ပတ်ရန် ကြိုတင်စာရင်းသွင်းထားသူများဖြင့် အခန်းပြည့်နေပြီဖြစ်ကြောင်း ခရီးသွား ကုမ္ပဏီအချို့နှင့် ဧည့်လမ်းညွှန်အချို့ထံမှ သိရသည်။

‌ယခုနှစ်မှစပြီး ခရီးစဉ်စတင်ဖွင့်လှစ်ထားသည့် ပိုးနီကျွန်း (Poni Island) နှင့် ညောင်ဦးဖီးကျွန်းသို့ သင်္ကြန်ကာလ လာရောက်လည်ပတ်ရန် ကြိုတင်စာရင်း ပေးထားသူများနှင့် အခန်းပြည့်နေကြောင်း ၎င်းတို့က ဆိုသည်။

“အဲဒီကျွန်းနှစ်ခုက သင်္ကြန်လေးရက်စလုံးက အခန်းတွေ ပြည့်နေပြီ။ ဘွတ်ကင် တင်ထားတဲ့သူတွေ အကုန်လုံးက မြန်မာပြည်အပေါ်ပိုင်းက လူတွေချည်းပဲ” ဟု ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

အဆိုပါကျွန်း နှစ်ခုပေါ်ရှိ ဟော်တယ်မှာ ခန့်မှန်း လူဦးရေတစ်ရာဝန်းကျင်စီသာ တည်းခိုနိုင်သဖြင့် အခန်းပြည့် မြန်ခြင်းဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မူကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

လတ်တလောတွင် စက်သုံးဆီဈေးနူန်းကြီးမြင့်လာ‌သောကြောင့် ကျွန်းခရီစဉ်ဈေးနူန်း ပြောင်းလဲ သတ်မှတ် ရန် ရှိနေသဖြင့် ခရီစဉ်ဖျက်သိမ်းသူအချို့လည်း ရှိလာနိုင်ခြေရှိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

ပိုးနီကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ကော့သောင်းမြို့တို့ကို သုံးညအိပ် လေးရက် ခရီးစဉ်တစ်ခုအတွက် တစ်ဦးလျှင် လေယာဉ်လက်မှတ်ဖိုးမပါဘဲ ကျပ် ၁၂ သိန်းကျော် ကျသင့်ကြောင်း ခရီးသွားကုမ္ပဏီအချို့ထံမှ သိရသည်။

ယင်းသို့ အခန်းပြည့်သွားပြီးဖြစ်သဖြင့် အဆိုပါ ကျွန်းနှစ်ခုကို သင်္ကြန်ကာလတွင် နေ့ချင်းပြန်ခရီး ပို့ဆောင်ပေးရန် စီစဉ်နေကြောင်း ခရီးသွားကုမ္ပဏီအချို့ထံမှ သိရသည်။