တနင်္သာရီ ရှမ်းအင်းတော်ရွာအနီး ပစ်ခတ်မှုဖြစ်

0
213

တနင်္သာရီမြို့နယ် ရှမ်းအင်းတော်ကျေးရွာနှင့် ကမ္မလိုင်းရွာကြားတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၉ ရက်နေ့ နံက် ၆ နာရီဝန်းကျင်က တမုတ်ချုံးကျေးရွာအုပ်စု ရှမ်းအင်းတော်ရွာနှင့် ကမ္မလိုင်းရွာ ကြား ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီတပ်သားများကို PDF များက တိုက်ခိုက်ကြောင်း အဆိုပါ ဒေသခံများက ပြောသည်။

ယင်းနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံတို့က ဆိုသည်။

“လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်သံတွေလည်းကြားရတယ်။ အသေအပျောက်တော့ မသိရသေးဘူး” ဟု တမုတ်ချုံးရွာသားတစ်ဦးက ပြောသည်။

ယင်းသို့ပစ်ခတ်မှုဖြစ်ပြီး နှစ်နာရီခန့်အကြာတွင် ဂျက်တိုက်လေယာဉ်နှစ်စီး ပျံဝဲကာ နေသည်ကို တွေ့ရပြီး PDF တပ်ဖွဲ့ဝင်များကို ရှာဖွေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (မတ် ၁၀) တွင်လည်း လေယာဉ်များ ပျံဝဲနေသည်ကို တွေ့နေရပြီး ပစ်ခတ်မှုများ ထပ်မံဖြစ်ပွား ခြင်းတော့ မရှိသေးကြောင်း ယနေ့ နံနက်ပိုင်းတွင် ဒေသခံများထံ မေးမြန်းချက်အရသိရသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် အနီးဝန်းကျင်က ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခြင်း မလုပ်သေးဘဲ အခြေအနေ စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုကို အတိအကျ မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။