ဆီဈေးကတက်၊ ကင်းမွန်ဈေးကျလို့ လုပ်ငန်းရပ်တော့မည်ဟု လှေပိုင်ရှင်အချို့ဆို

0
354

စက်သုံးဆီဈေးနှုန်း တစ်နေ့တခြား မြှင့်တက်လာသော်လည်း ကင်းမွန်ဈေးကျနေသည့် ကင်းမွန်ဖမ်းသူများ အကြီးအကျယ် အခက်တွေ့နေပြီး လာမည့်ငါးဖမ်းရာသီတွင် လုပ်ငန်းရပ်နားတော့မည်ဖြစ်ကြောင်း မြိတ်မြို့က လှေပိုင်ရှင်အချို့က ပြောသည်။

ကင်းမွန်ငါးဖမ်းလုပ်ငန်း စတင်သည့် ပြီးခဲ့သည့် နိုဝင်ဘာလက ဒီဇယ်ဆီ တစ်ပီပါလျှင် တစ်သိန်းရှစ်သောင်း ဝန်းကျင်သာရှိပြီး လက်ရှိတွင် ငါးသိန်းသုံးသောင်းဝန်းကျင်အထိပေး ဝယ်နေရကြောင်း လှေပိုင်ရှင်များထံမှ သိရသည်။

“ဆီစရိတ်တွေ ပိုလာတော့ အရှုံးပြနေကြတာ” ဟု မြိတ်မြို့ ရွှေပြည်တန်ရပ်ကွက်ရှိ ကင်းမွန် ငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ပြောသည်။

ကင်းမွန်ဖမ်းထွက်သည့် ၁၅ ရက် တစ်ခေါက်လျှင် လှေနဲ့ အင်ဂျင်စက် အရွယ်အစားအပေါ်မူတည်ပြီး တစ်စီးလျှင် အနည်းဆုံး ဒီဇယ်ဆီ လေးပီပါမှ အများဆုံး ၁၀ ပီပါအထိ ကုန်ကျလေ့ရှိကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများမြှင့်တက်လာနေသည့်အချိန်တွင် ကင်းမွန်ဈေးလည်း ကျဆင်းနေကြောင်း ကင်းမွန်လှေရှင်အချို့က ပြောဆိုသည်။

ဖမ်းဆီးရမိကြသည့် ကင်းမွန်တို့တွင် အခွံပါးပြီး ရှည်မျောမျောသဏ္ဍာန်ရှိ ကင်းမွန်အမျိုးအစားတို့ ပါရှိ နေသည်ဟုဆိုကာ ဈေးနှုန်းကျဆင်းနေကြောင်း ကျွန်းစုမြို့နယ်ရှိ ကင်းမွန်လှေပိုင်ရှင်တစ်ဦးက ပြောပြ သည်။

“ဈေးက ပုံမှန်မဖြစ်တဲ့အပြင် ကျသွားသေးတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိဈေးကွက်အတွင်း ကီလိုနှစ်ဆယ်ပါ ကင်းမွန်တစ်ဘန်းလျှင် တစ်သိန်းခြောက်သောင်းကျပ်မှ
တစ်သိန်းလေးသောင်းအထိ ဈေးနှုန်းကျဆင်းသွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

မြိတ်ဒေသအတွင်းရှိ ကင်းမွန်ငါးဖမ်းလုပ်ငန်းတို့သည် ငါးဖမ်းကာလ သုံးနှစ်ဆက်တိုက် ကင်းမွန် အရနည်းခြင်းနှင့် ဈေးနှုန်းများ ကျဆင်းမှုတို့နှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း လှေပိုင်ရှင်များထံမှ သိရသည်။

ယင်းအခြေအနေတွင် ဒီဇယ်ဆီဈေးနှုန်းမြှင့်တက်လာခြင်းနှင့် ဈေးနှုန်းများကျဆင်းမှုတို့ကြောင့် တွက်ခြေမကိုက်ပဲ အရှုံးပေါ်နေကြောင်း ကင်းမွန်ငါးဖမ်းလုပ်ကိုင်သူအချို့က ပြောပြသည်။

ယင်းသို့ အရှုံးပေါ်သဖြင့် လာမည့် ကင်းမွန်းငါးဖမ်းကာလတွင် လုပ်ငန်း ရပ်နားကြမည့်သူများ ရှိနေပြီ ဖြစ်ကြောင်း ကျွန်းစုမြို့မှ ကင်းမွန်လှေပိုင်ရှင်က ပြောပြသည်။

“ကျွန်တော်တို့အုပ်စုထဲမှာ နားမယ့်သူတွေရှိတယ်။ ကျွန်တော်ကတော့ (လှေပြင်စရိတ်) အရင်းမကျေသေးလို့ ဆက်လုပ်ရဦးမယ်” ဟု ၎င်းက ဆိုသည်။

ကင်းမွန်ဖမ်းရာသီမှာ လာမည့် ဧပြီလကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး နိုဝင်ဘာလတွင် ရာသီပြန်လည် စတင်မည်ဖြစ်ကြောင်း လှေပိုင်ရှင်များထံမှ သိရသည်။